Friday, November 17, 2017

နိုင်​ငံတကာ ဖိအားကြောင့် မြန်မာပြည်နဲ့ တရုတ်ပိုမိုနီးကပ်သွားဟု ဦးဝင်းထိန်ပြော

,
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ် အရေး နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ မနေ့ညက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အင်္ဂါနေ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက် နေပြည်တော်မှာ ခေါင်းဆောင် ၂ ဦး ဒီကနေ့ ထပ်မံတွေ့ဆုံကြဖို့ ရှိနေစဉ်အတွင်း ဦးဝင်းထိန်ကို RFA က  ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် သူက လက်ရှိအခြေအနေမှာ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကို တခြားနိုင်ငံတွေ အတုယူဖို့ တိုက်တွန်းခဲ့သလို အစိုးရနဲ့ တပ်မတော်ကို ပြည်ပနိုင်ငံတွေ အဖွဲ့အစည်းတွေက ဝိုင်းဝန်းဖိအားပေးတဲ့ အချက်ကြောင့် ဒီအဖွဲ့အစည်း ၂ ခု ပိုမိုနည်းကပ်လာနိုင်ဖွယ်ရှိကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်ရဲ့အခြေအနေကို သေသေချာချာ မလေ့လာပဲ ဖိအားပေးမှုအတွက် အနောက်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်နေကြောင်းနဲ့ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပြည်ပကပြောဆိုချက်ဟာလည်း လုံးဝမှားယွင်းနေကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ ဆုတချို့ ပြန်ရုပ်သိမ်းမှုတွေ၊ ယူတူးလို အဖွဲ့တွေက ပြစ်တင်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA ကမေးမြန်းခဲ့ရာမှာတော့ အဲဒီလုပ်ရပ်တွေဟာ အင်မတန် ကလေးဆန်တဲ့ အပြုအမူတွေဖြစ်တယ်လို့ ဦးဝင်းထိန်က ဝေဖန်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အရေးကြောင့် တိုင်းပြည်တိုးတက်ရေး လုပ်ငန်းတွေကို တစုံတရာထိခိုက်ခဲ့ပေမယ့် ရေရှည်မှာ ပြေလည်ချောမွေ့ သွားမယ်လို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။

RFA နဲ့ ဦးဝင်းထိန် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။
RFA...
P.T.Credit

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်​ငံတကာ ဖိအားကြောင့် မြန်မာပြည်နဲ့ တရုတ်ပိုမိုနီးကပ်သွားဟု ဦးဝင်းထိန်ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...