Thursday, December 26, 2013

မန္တလေးတွင် ယာဉ်နှစ်ထပ်ရပ်ခြင်းကို ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်မှတဆင့် တိုင်ကြားနိုင်

,
မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့စေမည့် ယာဉ်နှစ်ထပ်ရပ်နားခြင်းကို ဌာနသို့ လာရောက်တိုင်ကြားနိုင်သည့်အပြင် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ် Facebook ဖေ့ဘုတ်မှလည်း သတင်းပေး တိုင်ကြားနိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။
သတင်းပေးတိုင်ကြားရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်သည့်အပြင် Facebook မှ မန္တလေးသတင်း နှင့်ပတ်သက်သည့် Group များ၊ Page များ၊ စည်ပင်သာယာနှင့်သက်ဆိုင်သော Page များတွင်လည်း ပုံ များပေးပို့ တိုင်ကြားနိုင်ခြင်းဖြစ်သည်။
“သတင်းပေးရင် သွားရောက်စစ်ဆေး အရေးယူမယ်၊ ဘယ်လမ်းမှာမဆို ပြည်သူလူထု အနှောင့်အယှက် ပေးရင် ဖမ်းမှာပဲ၊ ဖေ့ဘုတ်ကနေ ဓာတ်ပုံရိုက်ပြီး သတင်းပေးလဲရတယ်၊ သွားစစ်ဆေးပြီး ဟုတ်တယ်ဆိုရင် ဒဏ်ရိုက်မယ်”ဟု ပြောသည်။
မန္တလေးမြို့တွင်းတွင် သန့်ရှင်းရေးဌာနမှ လုပ်ငန်းလိုင်စင်ရရှိထားသည့် မည်သည့်လုပ်ငန်းမဆို ဆိုင်များ ရှေ့တွင် ယာဉ်နှစ်ထပ်ရပ်နားခြင်းကို သတင်းပေး တိုင်ကြားနိုင်ပြီး စစ်ဆေးတွေ့ရှိပါက ဒဏ်ရိုက် အရေး ယူမည်ဖြစ်သည်။
“သန့်ရှင်းရေးဌာနမှ လုပ်ငန်းလိုင်စင်ယူထားတဲ့ ဘယ်လုပ်ငန်းမဆို သူတို့ဆီကိုလာတဲ့ ယာဉ်နှစ်ထပ်ရပ် တဲ့ ယာဉ်တွေကို လက်ခံတဲ့အတွက် အရေးယူတာဖြစ်ပါတယ်၊ ဒဏ်ရိုက်အရေးယူပြီးတာတောင် မဆင်ခြင်ဘဲ ပိုဆိုးလာရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမှာပါ”ဟု ဦးစိုးတင့်အောင်က ပြောသည်။
လုပ်ငန်းပမာဏပေါ်မူတည်၍ ဆိုင်သေးဆိုပါက ကျပ်ဒဏ်ငွေသုံးသောင်း၊ ဆိုင်ကြီးဖြစ်ပါက ကျပ်ငါး သောင်း သတ်မှတ်ထားပြီး ပထမတစ်ကြိမ် ဒဏ်ရိုက်ခံပြီး လိုက်နာမှုမရှိပါက စည်ပင်သာယာဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ တို့ဖြင့် တရားစွဲဆိုမည်ဖြစ်ကာ ပုဒ်မများအရ ဒဏ်ငွေ ကျပ်ငါးသိန်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်သည်။
ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ဆိုင်ပေါင်း ၁၉ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ငွေ ၈၂၀,၀၀၀ ရရှိထားကြောင်း သန့်ရှင်းရေးဌာနမှ သိရသည်။
Source : Mizzima
ပုံရိပ်(burmesehearts.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မန္တလေးတွင် ယာဉ်နှစ်ထပ်ရပ်ခြင်းကို ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်မှတဆင့် တိုင်ကြားနိုင်”

Post a Comment

Related Posts Plugin for WordPress, Blogger...