Friday, July 13, 2018

တပ်မတော် ရှိလျက် သူ့ကျွန် ဖြစ်သွားသော သမိုင်း

,
တပ်မတော် မရှိလျှင် သူ့ကျွန် ဖြစ်သွားလိမ့်မည်ဟု ပြောဆိုသူများသည်

တပ်မတော် ရှိလျက် သူ့ကျွန် ဖြစ်သွားသော သမိုင်းကို မသိသူများ ဖြစ်သည်။
_________

သူ့ကျွန်မခံပြီ ရုပ်ရှင်သည် စစ်အစိုးရ စပွန်ဆာနဲ့ ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါသည်။ စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို ကြည့်ရှုရာတွင် တဝက်တပျက် ဖုံးထားသော အရာကို လှန်ပြီး ချဲ့ကားကြည့်ပါက သမိုင်းမြုပ်ကွက်များကို မြင်နိုင်သည်။ ထိုနည်းဖြင့် ဗိုလ်ချုပ်နေဝင်း စပွန်ဆာဖြင့် ဗကပမှ ဘက်ပြောင်းလာသူများ ရေးသော သခင်သန်းထွန်း၏ နောက်ဆုံးနေ့များစာအုပ်ကို ဖတ်ပြီး ကွန်မြူနစ်ကို ဆန့်ကျင်စိတ်ပေါ်ရမည့်အစား ကွန်မြူနစ် ထောက်ခံ ဖြစ်သွား သူများစွာရှိသည်။

ပဒေသရာဇ်ခေတ်မှာ ဝန်ကြီး၊ မှူးမတ်များသည် စစ်ဗိုလ်ချုပ် ဗိုလ်မှူးများ ဖြစ်ပါသည်။ ဝတ်စုံလည်း ၂ မျိုးရှိပါသည်။ ဇာတ်ပွဲတွေမှာ မြင်ရသော ဝတ်စုံမှာ ညီလာခံတက်ချိန် ဝတ်ဆင်ခြင်း ဖြစ်ပြီး ဗိုလ်မှူး ဗိုလ်ချုပ်စသော ချပ်ဝတ်တန်ဆာများလည်း ရှိပါတယ်။ သာဓကအားဖြင့် ဦးကောင်းကို မှူးမတ်ဝတ်စုံဖြင့်သာ မြင်ဖူးကြပြီး အဂ္ဂမဟာ သေနာပတိ ဝတ်စုံဖြင့် ပုံတွင် ပြထားသည့်အတိုင်း မြင်ဖူးသည် ရှားလိမ့်မည်။

ကင်းဝန်မင်းကြီး ဦးကောင်း = ကင်းဝန်ဆိုသည်မှာ ကျောက်တလုံးကင်း၊ မင်းကွန်းကင်း၊ စမ္ပာယ်နဂိုရ်ကင်း ဟူသော ရေကင်းများနှင့် ဆင်ကြန်ကင်း၊မြောက်ဦးကင်း၊လေသာကင်း၊ပြင်ထိပ်ကင်း၊နတ်ထိပ်ကင်း၊ရှောင်က ဗွေကင်းစသော အရပ်ရပ်ကြည်းကင်းများ စသည်တို့ကို အုပ်ချုပ်ရန် ကြည်းကင်းတပ် ရေကင်းတပ် ဝန်ကြီး ရာထူး ဖြစ်သည် ။ နေပြည်တော်မြို့ကြီး ရွာကြီးတို့တွင် ကင်းဝန်ဟူရာ၌ အကာအကွယ် အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ်ခန့်ခွဲရန်သာ မဟုတ်သေး၊ နယ်စပ်ဒေသတို့တွင် ကူးလူး ဆက်ဆံရောင်း ၀ယ်နေသော ကုန်သည်ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်အခွန်များ စီးကြပ်ရသည့် တာဝန်လည်း ပါဝင်သည်။

ငယ်မည်မှာ မောင်ချင်းဖြစ်၍ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန် အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေသည်။

၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန် အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,၀၀၀) ကျော်တို့ကို အုပ်ချုပ် ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ် အုပ်ချုပ်ရသဖြင့် သြဇာအာဏာရှိသည်။

၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် ကင်းဝန်မင်းကြီးက နိုင်ငံတော်အုပ်ချုပ်ရေးတွင် (၁၄)ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားပြီး လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ လက်ဝဲတော် ဗိုလ်ချုပ် စစ်သူကြီးနေရာနှင့် "အဂ္ဂမဟာ သေနာပတိ ဝန်ကြီး" အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ( ယင်းစစ်ဘက်အမြင့်ဆုံးရာထူးကို ရရှိသူတဦးမှာ ပထမစစ်ပွဲတွင် ကျဆုံးသွားသော မဟာဗန္ဒုလဘွဲ့ခံ ဦးရစ် ဖြစ်သည်) “သတိုးမင်းကြီးမဟာစည်သူ” ဟူသော “သတိုး” ဘွဲ့ကိုထပ်မံချီးမြှင့်ခံရသည်။ သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။

ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။

_________

တိုင်တားမင်းကြီး ဦးဖိုး = ရာဇ၀တ်ဌာန၊ ကုန်းဘက် စစ်ဌာနဆိုင်ရာ ၀န်ကြီး။ ၁၂၄၇ ခု သီပေါဘုရင် နန်းကျပြီး ရတနာဂီရသို့ ပို့ဆောင်သောအခါ တိုင်တားမင်းကြီးမှာ သီပေါဘုရင်၏ ကျေးဇူး သစ္စာတော်ကို လက်ဖ၀ါးကဲ့သို့ မှောက်ချည် လှန်ချည် မကျင့်၊ ခြေဖ၀ါးကဲ့သို့ တစ်သမတ်တည်းတည်ကြည် ဖြောင့်မတ်စွာ ဆောင်ရွက်သဖြင့် အိန္ဒိယနိုင်ငံ သြရိဿ နယ်ခတ်တက်မြို့သို့ ပို့ခြင်း ခံရလေသည်။

_________

လှေသင်းအတွင်းဝန် ဦးရွှေမောင် = ရေတပ်ဝန်ကြီး ရာထူးဖြစ်သည်။ တိုက်ပွဲတွင် ကျည်ဆံဗုံးဆံများကြားထဲမှ မတ်မတ်ရပ် စီစဉ်ညွှန်ကြားနေသော ဦးရွှေမောင်သည် ဒါဏ်ရာတစ်ခု တစ်လေမှပင်မရ။ လှေသင်း အတွင်းဝန် မင်း၏ ကာယ သိဒ္ဓိဆေးများကြောင့် ဟုထင်ကြသည်။ လက်ရုံးရည် အစွမ်းထက်လှ၍ ဒုတ်ပြီး ဓားပြီးသူ အဖြစ်နာမည်ကြီးသည်။ သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဦးရွှေမောင်အား ရာထူးရာခံများဖြင့် စည်းရုံးသော်လည်း အင်္ဂလိပ် လက်အောက်၌ လုံးဝမလုပ်လို ဟူ၍ ငြင်းပယ်လိုက်သည်။

_________

မြန်မာ ကြည်းတပ် = ၅၀,၀၀၀ စာရင်းရှိသော်လည်း -
မြန်မာ ရေတပ် . = တုလွတ်ယာဉ်ကျော် သင်္ဘောတစီးသာ တိုက်ပွဲဝင်
ကြည်း ရေ နှစ်ရပ်ပေါင်း = တိုက်ပွဲဝင် ၃၄၀၀ သာရှိ။

ဗြိတိသျှ ကြည်းတပ် = အမှတ် ( ၃ ) ဗြိတိသျှ ခြေလျင် တပ်မဟာ ၊ အမှတ် (၇) အိန္ဒိယ အမျိုးသားတပ်မဟာ
ဗြိတိသျှ ရေတပ် = စစ်သင်္ဘော မရှိ။ ဧရာဝတီဖလုတ်တီလာ ကုမ္ပဏီမှ ချောဆွဲထားသော လူစီး သင်္ဘောများပေါ်တွင် အမြောက်၊ စက်သေနတ်၊ ခြေလျင်တပ်သားများ တင်ဆောင် ပစ်ခတ်သည် ။
ကြည်း ရေ နှစ်ရပ်ပေါင်း = ၉၄၆၇ ယောက်

 မြန်မာ့တပ်မတော်က အင်အားရှိပါတယ်။ ယိုးဒယား၊ ဘင်္ဂလား၊ လင်ဇင်း၊ ယူနန်၊ အာသံ၊ မဏီပူရ၊ မွန်၊ ရှမ်း၊ ရခိုင်ကို သိမ်းခဲ့သော မြန်မာ့တပ်မတော် ဖြစ်ပါတယ်။ စစ်သည် သိန်းချီသော အင်အားရှိပါတယ်။ အင်္ဂလိပ်နဲ့ ရင်ဆိုင်ချိန် အရေးအကြီးဆုံးအချိန်မှာ တပ်မတော်အင်အား မရှိလို့ ကျွန်ဖြစ်တာပါ။ ရေတပ်မပါ ကြည်းတပ်ချည်း စစ်သည် ၅ သောင်းရှိတဲ့ မြန်မာ့တပ်မတော်က တိုက်ပွဲဝင်တော့ ၃ ထောင်စွန်းစွန်းပဲ ရှိပါတယ် ။ အင်္ဂလိပ် ၉ ထောင်က မြန်မာ ၃ ထောင်ကို တိုက်တယ်။ လူအင်အား ၃ ဆကွာတယ်။ လက်နက်အင်အား မမျှလို့ ဆိုတာထက် တိုက်မယ့် စစ်သားတွေ မရှိတော့လို့ပါ။  ထွက်ပြေးကုန်တာရော၊ ဦးကောင်း လှည့်ထုတ်ပစ်တာရော ။  မြန်မာပြည်ကို သိမ်းရတာ သိပ်လွယ်လွန်းတယ်။ အသက်ကြီးတာတောင် ပင်စင်မယူတဲ့ ကာကွယ်ရေးဦးစီးချုပ် ဦးကောင်းက ဘုရင့်အမိန့် (စုဖုရားလတ်အမိန့်)ကို အာခံပြီး စစ်ပွဲရပ်ခိုင်းတာ ရာဇဝင်ရိုင်းလွန်းပါတယ်။

ရုပ်ရှင်ထဲက ပြသလို ဦးကောင်းဟာ လူရိုးကြီး မဟုတ်။ ညောင်ရမ်းမင်းသားကို နန်းတင်လိုသော အတွင်းကြိတ်ဉာဏ်ရှိတယ်။

______________________

 ဦးကောင်းသည် စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသည်။ မင်းတုန်းမင်းကြီး နတ်ရွာစံအံ့မူးမူးတွင် ဦးကောင်းသည် ၎င်း၏ အကြံအစည်အထမြောက်စေရန် ဆင်ဖြူမရှင်နှင့် တိုင်ပင်ကာ သီပေါမင်းသားကို နန်းတင်၏။ မင်းသားမင်းသမီးများ ဖြုတ်ထုတ်သတ်ခြင်းကိုမူ အားမပေးခဲ့ပေ။ ညောင်ရမ်းမင်းသား (မျိုးပုံ) နှင့် ညောင်အုပ်မင်းသား(မျိုးယုံ) လွတ်မြောက်သွားသည်။

စုဖုရားလတ်သည် ထက်မြက်သောကြောင့် ဦးကောင်း၏ အစီအမံ မအောင်မြင်သောအခါ သီပေါဘုရင်ကို နန်းချပြီး၊ ညောင်ရမ်းမင်းသား ကို နန်းတင်ဖို့ တိတ်တဆိတ် စီစဉ်သည်။ ညောင်ရမ်းမင်းသား အိန္ဒိယ ကာလကတ္တားမြို့၌ ကွယ်လွန်သည်ကို အင်္ဂလိပ်တို့က ဖုံးဖိထားသည်။ ညောင်ရမ်းမင်းသား ဟန်ဆောင်သူ (ရန်ကုန်မြို့ဝန်ထောက် ဦးအုန်း၏သားမောင်ဘသန်း) ကို သင်္ဘောဦး၌ တင်၍ အင်္ဂလိပ်တို့ ချီတက်လာသည်။ ကင်းဝန်မင်းကြီးထံသို့လည်း ညောင်ရမ်းကိုယ်တော်ကြီး ချီတက်လာပြီဖြစ်ကြောင်း အကြောင်းကြားထားသည်ဟူသည်။ ဦးကောင်းသည် ‘မခုခံရ၊ ခုခံလျှင် သူပုန်’ လို့ အမိန့်ထုတ်သည်။

နယ်ချဲ့သင်္ဘောတွေ မြင်းခြံအထိ အနှောက်အယှက်မရှိ ရောက်လာသည်။ အင်္ဂလိပ်နှင့် ပူးပေါင်း၍ ညောင်ရမ်းမင်းသားကို နန်းအပ်ရန် အကြံအစည်ကို “မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊” ဟု အချုပ်တန်းဆရာဖေက မှတ်တမ်းတင်သည်။

ဦးကောင်းသည် ညောင်ရမ်းမင်းသား အစစ်မဟုတ်ကြောင်းသိသောအခါမှ အင်္ဂလိပ်စကားပြောကျွမ်းကျင်သော ကျောက်မြောင်းဝန်ကို စေလွှတ်ပြီး ဆက်လက်မချီတတ်ရန် တောင်းပန်တဲ့အခါ၊ ရတနာပုံမြို့ကြီးကို သိမ်းဖို့စစ်ချီလာသော အင်္ဂလိပ်ဗိုလ်ချုပ်က အချိုသတ်ပြီး၊ "လက်နက်သာချပါ၊ အိန္ဒိယဘုရင်ခံချုပ်ကို ပြောပေးမယ်"ဟု အကြောင်းပြန်ကာ စစ်ချီမြဲချီလာသည်။

“လက်နက်ကုန် အပ်နှံသလျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပါ့မယ်လို့၊ ချိုလှစွာ ဥာဏ်နီစွက်တာမို့၊ ခွင့်လိုရာ ယူစေလို့မြွက်မိတယ်၊ တန်ခိုးပျက်ဘွယ် အမှားပေပ၊ မျိုးကနက်နွယ်ဖွား။” ဟု အချုပ်တန်းဆရာဖေက မှတ်တမ်းတင်သည်။ အင်္ဂလိပ်တို့ မန္တလေး နန်းမြို့တွင်း ၀င်ရောက်လာပါက ဟန့်တားတိုက်ခိုက်မှု မရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်။

 မြန်မာ ဗိုလ်မှူး အကြပ် တပ်သား တို့မှာ တချို့က သိသိကြီးနှင့် လည်းကောင်း အချို့က ဘုမသိဘမသိဖြင့် လည်းကောင်း မိမိဘုရင် နှင့် နိုင်ငံအား အလွယ်တကူ သိမ်းယူသွားသည်ကို လက်ပိုက်ကြည့်ခဲ့ရသည် ။

မိုက်မှားလှစွာ၊ ကိုယ့်မှီရာကို၊
ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊
မတ်ကြီးဉာဏ်ဝယ်၊ မာလောနွယ်တို့
ဝှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍့၊
စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊

(ဆီးဘန်နီ  ဆရာတော်)

မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

(အချုပ်တန်းဆရာဖေ)




သီပေါဘုရင်သည် ရေဆိပ်သင်္ဘောပေါ်တွင်ရှိနေစဉ် ပင်းယမင်းသမီးက အခြားသင်္ဘောတစ်စီးစီးပေါ်တွင်ရှိသူမှာ ညောင်ရမ်းမင်းသားဟု ပြောကြကြောင်း။ သီပေါဘုရင်ကိုနန်းချပြီး ညောင်ရမ်းမင်းသားနှင့် အတူ ထိပ်စုဘုရားကြီးကိုလက်ထပ်ပြီးနန်းတင်မည်ဟု ပြောကြားပါ ကြောင်းလျှောက်တင်လေ၏။ ထိုအခါ သီပေါဘုရင်သည် ကိုယ်တော်တိုင်ထ၍ သင်္ဘောခန်းကို တရုတ်ကပ်ကို လှပ်၍ကြည့်ကာ နောင်တော်ညောင်ရမ်းမင်းမဟုတ်ပါဘူး၊ ငါ့နောင်တော် ငါသိပါတယ်၊ ဘယ်ကလူမှန်းမသိပါ ဟုမိန့်ဆိုတော်မူသည်ဟူ၍ အမျိုးသားပညာဝန်ဦးဖိုးကျားက သူ ၏ပါတော်မူအရေးတော်ပုံစာအုပ်၌ ဖော်ပြထားသည်။

ဦးကောင်းသည် သီပေါမင်းနှင့်အတူ လိုက်ပါသွားရာမှ ၁၈၈၆ ခု ဇန်နဝါရီတွင် မန္တလေးသို့ ပြန်လာ၏။ မြန်မာပြည်ကို သိမ်းပိုက်စဉ်က ချောမောလွယ်ကူသော်လည်း၊ လက်နက်ကိုင် တော်လှန်ရေးသမားများကို အင်္ဂလိပ်အစိုးရသည် အလွယ်တကူ မနှိမ်နင်းနိုင်ချေ။

ထို့ကြောင့် မြန်မာလွှတ်တော်အား မဖျက်မသိမ်း ဆက်လက်ထားရှိသည်။ ယာယီအုပ်ချုပ်ရေးတာဝန်ပေးအပ်ခဲ့သည်။ မြန်မာလွှတ်တော်ရှိနေခြင်းက တိုင်းသူပြည်သား ရဟန်းရှင်လူများက ကျွန်ဘဝရောက်ရှိနေသည်ကို မထင်မမြင်ဘဲ ရှိကြရန်ဖြစ်၏။ လွှတ်တော်၏ သြဇာတိက္ကမကို အင်္ဂလိပ်က သူ့အကျိုးအတွက် အသုံးချသွားခြင်းဖြစ်သည်။

ဦးကောင်းသည် အင်္ဂလိပ်နှင့် ပုန်ကန်သူများ အကြားဝင်၍ စေ့စပ်ပေးသည်။ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ရန် ဖြောင်းဖြစည်းရုံးသည်။

_________________

 အရှင်နှစ်ပါး ပါတော်မူပြီးနောက် ဦးကောင်းဟာ အင်္ဂလိပ်ဆီမှာ အမှုထမ်းတယ်။ ရိုင်းရိုင်းပြောရရင် ကျွန်ခံတယ်။ သူ့အလုပ်က တော်လှန်ရေးသမားတွေကို အင်္ဂလိပ်အောက် လက်နက်ချ ခိုဝင်ဖို့ စည်းရုံးရတယ်။ အမိန့်စာတွေ ရေးပြီး လက်နက်ချခိုင်းနေဆဲပဲ။

သူနှင့် အရင်းနှီးဆုံး ဝန်သိုစော်ဘွား ဦးအောင်မြတ်က အင်္ဂလိပ်ကို တော်လှန်သောအခါ ဦးကောင်းသည် ကိုယ်တိုင်သွားရောက်၍ အင်္ဂလိပ်ထံ ခိုဝင်ရန် စေ့စပ်ခဲ့တယ်။  စော်ဘွားကြီးက လက်မခံပဲ ဆက်လက်တော်လှန်ရင်း  အင်္ဂလိပ်အောက်တွင် သူ့ကျွန်မခံဟုဆိုကာ တရုတ်နိုင်ငံသို့ ထွက်ခွါသွားတယ်။


အဲဒီအကြောင်းတွေကို စတုတ္ထသမီးတော် အသျှင်ထိပ်စုမြတ်ဘုရားကလေးက ဒီလိုရေးခဲ့တယ်။ ဖတ်ကြည့်ပါ။

သစ္စာဖောက် နန်းရင်းဝန် (ဝန်ကြီးချုပ်)၊ စစ်ဦးစီးချုပ်၊ လက်ဝဲ စစ်သူကြီး အဂ္ဂမဟာသေနာပတိ သတိုး သုဓမ္မ စည်သူ တယောက်နဲ သူခြယ်လှယ်တဲ့  မြန်မာ့တပ်မတော် သမိုင်းကို ထင်ထင်ရှားရှားသိသွားပါလိမ့်မယ်။



အရေးတော်ပုံစာတမ်း
==============
မန္တလေးမြို့ - မဟာနွယ်စင်ရပ်
စတုတ္ထသမီးတော်
အသျှင်ထိပ်စုမြတ်ဘုရားကလေးမှ
ဘိလပ်အစိုးရ၊ အိန္ဒိယအစိုးရ၊ မြန်မာနိုင်ငံအစိုးရများထံသို့

၁၂၉၃ -ခုနှစ် ၊ နတ်တော်လဆန်း (၆)ရက် (၁၅-၁၂-၃၁) နေ့စွဲနှင့် ပေးပို့သောစာမှာ အောက်ပါအတိုင်းဖြစ်ကြောင်း။

၁။ ကျွန်ုပ်သည် ၁၈၈၅ ခုနှစ်၊ မြန်မာနိုင်ငံတော်ကို အင်္ဂချပ်အစိုးရ သိမ်းယူခြင်းခံရသော မြန်မာနိုင်ငံအသျှင် (သီပေါ) မင်းတြားကြီးဘုရားနှင့် အသျှင်နန်းမတော် မိဖုရားခေါင်ကြီးဘုရားတို့၏ စတုတ္ထမြောက် သမီးတော်၊ ကိုကိုနိုင်၏ ကြင်ယာတော် ဖြစ်၍ ယခုအခါ သားတော်၊ သမီးတော် ၆-ပါး၊ အမှုတော်များနှင့်တကွ အထက်ပါနေရပ်တွင် နေထိုင်လျက်ရှိကြောင်း။

၂။ သို့သော် ကျွန်ုပ်၏ ယူဆလိုလားချက်များကို မြန်မာနိုင်ငံအစိုးရ၊ အိန္ဒိယအစိုးရ၊ အင်္ဂလန်အစိုးရများထံသို့ ၁၉၃၀ -ခုနှစ်၊ အောက်တိုဘာလ ၂၇-ရက် နေစွဲပါစာနှင့် ပူးတွဲပေးပို့ပြီးသော အောက်တိုဘာလ ၂၃-ရက်နေ့ စာများတွင် ပြာ့်စုံသင့်သလောက် မပြည့်စုံသည့်အပြင် အနည်းငယ်ချို့ယွင်းချက်များ ပါရှိသဖြင့် ယခုစာတွင် မြန်မာနိုင်ငံ၏ အခြေအနေအကြောင်း၊ အင်္ဂလိပ်နှင့် မြန်မာတို့၏ အရေးတော်ပုံအကြောင်း၊ ကျွန်ုပ်တို့မှာ နိုင်ငံရေး၊ ပစ္စည်းရေးနှင့် ပက်သက် အနစ်နာခံရပုံများ အကြောင်းများကို အကျဉ်းအားဖြင့် ဖော်ပြလိုကြောင်း။

အင်္ဂလိပ်-မြန်မာ တတိယ အရေးတော်ပုံ အကြောင်းများ
==============================

၆။ ခရာဇ်သက္ကရာဇ် ၁၈၇၈ ခုနှစ်တွင် နန်းတက်တော်မူသော ခမည်းတော်-မယ်တော် (သီပေါမင်းတြားနှင့် အသျှင် နန်းမတော်မိဘုရားခေါင်ကြီး)တို့ လက်ထက်တော်၌ ၊ တနေ့သော ညီလာခံသဘင်တွင် ခမည်းတော် မင်းတြားကြီးဘုရားက အမိန့်တော်ရှိသည်မှာ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရတို့ သိမ်းယူခြင်း မပြုနိုင်ရန် မည်သို့ ကာကွယ်မည်နည်းဟု မေးတော်မူကြောင်း၊

ထိုအခါ မြို့သစ်အတွင်းဝန်က နိုင်ငံခြားများနှင့် မဟာမိတ်စာချုပ် ပြူလုပ်ကာကွယ်ရန် အကြောင်း၊ လှေသင်းအတွင်းဝန် နှင့် တိုင်တားမင်းကြီးတို့က ခုခံတိုက်ခိုက်ရန် အကြောင်း၊ နန်းရင်းဝန်ကြီး (ဦးကောင်း) က အင်္ဂလိပ်အစိုးရတို့ အလိုရှိသော သစ်တော၊ ရေနံတွင်း၊ ပတ္တမြားကျောက်တွင် သုံးခုအနက် တခုခုပေးလျှင် ကျေနပ်ရန် ရှိ၍ မည်သို့မျှ စီမံဖို့ မလိုကြောင်း အသီးသီး တင်လျှောက်ကြ၏။

ထိုအခါ သက်တော်ငယ်၍ ကလေးစိတ်မပျောက်သေးသော မယ်မယ် ဘုရားက အမိန့်တော်ရှိသည်မှာ နန်းရင်းဝန်ကြီးသည် ယောက်ျား ဖြစ်လျက် ဤမျှလောက် သတ္တိမရှိလျှင် ခေါင်းတုံးရိပ် ပိတ်ဖြူစီးပြီး သီလရှင် လုပ်ပါတော့လားဟု ပြောဆို၊ ညီလာခံသဘင်မှ မိမိအဆောင်တော်သို့ ထွက်ခွာသွားတော်မူကြောင်း။ ထို့နောက် သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို နန်းရင်းဝန်ကြီးထံ အပို့ခိုင်းတော်မူလိုက်ကြောင်း။ ထိုအချိန်မှ စ၍ နန်းရင်းဝန်ကြီးသည် ခမည်းတော်၊ မယ်တော်တို့အား နန်းမှ ချရန် စတင်ကြံစည်ခြင်း ဖြစ်သည်။

အင်္ဂလိပ်အစိုးရနှင့် နန်းရင်းဝန်ကြီးတို့ တမျိုးစီကြံပုံ
==========================

၇။ နန်းရင်းဝန်ကြီးသည် ဘိုးတော် (မင်းတုန်း) မင်းတြားကြီးဘုရား၏ သမီးတော်တပါးကို ဖြားယောင်း၍ ထိုမင်းသမီး၏ အဘိုးထိုက်ပစ္စည်းများကို အိန္ဒိယနိုင်ငံ အင်္ဂလိပ်အစိုးရလက်တွင်နေရသော ညောင်ရမ်းမင်းသားထံ လျှို့ဝှက်ပေးပို့သည့်ပြင် ၎င်းပစ္စည်းများကို စစ်စရိတ်ပြု၍ အထက်မြန်မာနိုင်ငံ လာရောက်တိုက်ခိုက်လျှင် နိုင်ငံနှင့်တကွ ခမည်းတော် မယ်တော်တို့ကို အလွယ်နှင့် ရစေမည်ဟု အကြောင်းကြားလိုက်ကြောင်း၊

ဤသို့သော အကြောင်းကြားချက်များနှင့်တကွ ပစ္စည်းဘဏ္ဍာတော်အားလုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူထားပြီးလျှင် သင့်တော်မည့်အချိန်တွင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရက အကူအညီနှင့် ချီတက်သိမ်းယူမည်ဟု အင်္ဂလိပ်အစိုးရက ညောင်ရမ်းမင်းသားဟန် ပြုလုပ်၊ နန်းရင်းဝန်ကြီးထံ အကြောင်းပြန်ကြေားလိုက်ကြောင်း၊

ဤသို့ ပြန်ကြားခြင်းကို စင်စစ်အားဖြင့် ညောင်ရမ်းမင်းသား ဘာမျှ သိရှာမည် မဟုတ်။

ဤအချိန်တွင် နန်းရင်းဝန်ကြီး၏ လျှို့ဝှက်ကြံစည်ချက်အရ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရက သိမ်းယူနိုင်သော်လည်း ဤစနစ်ကို မလွှဲသာမှ အသုံးပြုသင့်သည်ဟု ယူဆ၍ အခြားသိမ်းယူသင့်သော အကြောင်းများ ပေါ်ပေါက်ရန်ကိုသာ အင်္ဂလိပ်အစိုးရက စောင့်ဆိုင်းမျှော်လင့်နေကြလေသည်။ သို့သော် နောင် မြန်မာနိုင်ငံသိမ်းယူသည့်အခါ ဤစနစ်ကို အသုံးပြုေုကာင်း ရှေ့၌ ထင်ရှားလတ္တံ့။

အင်္ဂလိပ် - မြန်မာ သစ်မှုအတွက် စကားများခြင်း
==========================

၉။ မြန်မာအစိုးရသည် အခြားနိုင်ငံများနှင့် မဟာမိတ်စာချုပ် ပြုလုပ်နေခြင်းကို အင်္ဂလိပ်အစိုးရက များစွာသဘောမကျ ဖြစ်နေစဉ်။ ဘုမ္ဘိုင်ဘာမာ ခေါ် အင်္ဂလိပ်ကုမ္ပဏီက မြန်မာတို့ ပိုင်ဆိုင်သော သစ် ၈၀၀၀၀ ကျော် ထုတ်ယူသည်ကို သစ် ၃၀၀၀၀ ကျော်သာ စာရင်းတင်ပြကြကြေယင်း။

ထိုတင်ပြသော သစ်စာရင်းကို မြန်မာသစ်ခေါင်းကြီးများက မကျေနပ်၍ မြန်မာအစိုးရအား တိုင်ကြားရာ တိုင်ကြားချက်စာရင်းကို မြန်မာအစိုးရက အတည်မပြုမူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဖက်အရာရှိများ၏ သဘောတူ အင်္ဂလိပ်သစ်တောရုံးရှိ သစ်ထုတ်စာရင်းကို မျက်နှာစုံညီ ကူးယူစစ်ဆေးကြောင်း။ ထိုအခါ မြန်မာသစ်ခေါင်းများ တိုင်ကြားချက်အတိုင်း သစ် ၈၀၀၀၀ ကျော် ထုတ်ယူကြောင်း တွေရှိသဖြင့် သစ် ၈၀၀၀၀ ကျော် တန်ဖိုးငွေ ၂၃ သိန်းကျော်ကို ဘုမ္ဘိုင်ဘာမာကုမ္ပဏီက ပေးလျှော်စေရန် မြန်မာလွှတ်ရုံးတော်က စီရင်ဆုံုးဖတ်လိုက်ကြောင်း။

ဤ ဆုံးဖြတ်ချက်ကို ကုမ္ပဏီလူကြီးတို့က မကျေနပ်နိုင်ဟုဆို၍ အင်္ဂလိပ်အစိုးရသို့ တိုင်ကြားပြန်ရာ သစ်မှုအတွက် နှစ်တိုင်း နှစ်ပြည် စစ်ဖြစ်ပွားကာ အများသူတို့မှာ အတိဒုက္ခဖြစ်ကြတော့မည်ဟု မြန်မာအစိုးရက စိုးရိမ်မကင်း ရှိသဖြင့် ဘုမ္ဘိုင်ဘာမာကုမ္ပဏီမှ ပေးလျှော်ရန် ရှိသည့် သစ်ဖိုးငွေ ၂၃ သိန်းကျော်ကို မတောင်းမခံ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း။

အင်္ဂလိပ်အစိုးရက - မြန်မာအစိုးရထံ တောင်းဆိုသည့် အချက် (၉)ချက်
=====================================

၁၀။ မြန်မာအစိုးရသည် ဘုမ္ဘိုင်ဘာမာက ပေးလျော်ရန် ရှိသည့် သစ်ဖိုးငွေတော် ၂၃ သိန်းကျော်ကို မတောင်းမခံ ခွတ်ငြိမ်းချမ်းသာခွင့် ပြုထားပါလျက် အင်္ဂလိပ်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုသည့် အချက် ၅ ချက်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း -

(က) သစ်မှုကို ထပ်မံစစ်ဆေးရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ် စေလွှတ်၊ ဆိုက်ရောက်သည့်အခါ မြန်မာဘုရင် ရှေ့တော်သို့ ဆောင်ဓား စွဲကိုင်။ ဘိနပ်စီးနင်း ဝင်ရောက်ပြီးမှ နှစ်ဖက်အရာရှိတို့ စီရင်ဆုံးဖြတ်ရန်။

(ခ) မြန်မာနိုင်ငံတွင် ထားရှိမည့် အင်္ဂလိပ်ကိုယ်စားလှယ်ကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ထပ်တူ ဂုဏ်သရေ ကေးကမ်း ရိုသေရန်။

(ဂ) မြန်မာနိုင်ငံတွင် ထားရှိမည့် အင်္ဂလိပ်ကိုယ်စားလှယ်မှာ ဧရာဝတီမြစ်ဆိပ်တွင် အုတ်ဝင်းကာရန် နေထိုင်စေ၍ တိုက်သင်္ဘောတစင်းနှင့် စစ်သားတထောငိ အစောင့်ထားရန်။

(ဃ) အင်္ဂလိပ်အစိုးရက တရုတ်ပြည်လမ်းဖောက်သည်ကို မြန်မာအစိုးရက ကူညီရန်။

(င) မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ ဆက်ဆံလိုလျှင် အင်္ဂလိပ်အစိုးရ သဘောတူမှ ဆက်ဆံရန်။

၎င်း ၅ ချက်ကို ၇ ရက်အတွင်းညပေးကမ်းလိုက်နာမည်ဟု စာမပြန်လျှင် အင်္ဂလိပ်အစိုးရက အလိုရှိရာ ပြုလုပ်မည်ဟု မြန်မာအစိုးရထံ အတင်းအကျပ် စာရေးတောင်းဆိုကြောင်း။ သို့တောင်းဆိုသော အချက် ၅ ချက်အနက် (က)(ခ)(ဂ)(ဃ) အချက်ကို မြန်မာအစိုးရက အခွင့်ပြု၍ (င) အချက်ကို အင်္ဂလိပ်-မြနိမာ နှစ်နိုင်ငံမှအပ ဂျာမန်-အီတာလျံ-ပြင်သစ် နိုင်ငံများက ဆုံးဖြတ်ရာ ပြီးစီးနိုင်ကြောင်း နှင့် ၇ ရက်အတွင်း အင်္ဂလိပ်ထံ ပြန်ကြားလိုက်ကြောင်း။

မြန်မာနိုင်ငံကို - ထူးဆန်းစွာ ချီတက်သိမ်းယူပုံ
=========================

၁၁။ မြန်မာအစိုးရ ပြန်ကြားချက်ကို အင်္ဂလိပ်အစိုးရက မကျေနပ်၍ ဧရာဝတီမြစ် ဝဲယာရှိ မြန်မာအစိုးရပိုင် မြို့၊ရွာများကို အသင့်ပြင်ထားသော အင်္ဂလိပ်စစ်တပ်က စတင်တိုက်ခိုက်သဖြင့် မြန်မာစစ်တပ်ကလည်း ရဲရင့်စွာ ခုခံတိုက်ခိုက်ကြကြောင်း၊

ဤသို့ တိုက်ခိုက်နေစဉ် နန်းရင်းဝန်ကြီး၏ စိတ်တွင် အင်္ဂလိပ်အကူအညီနှင့် နိုင်ငံသိမ်းယူရန် ညောင်ရမ်းမင်းသား ချီတက်လာပြီဟု ယုံကြည်လျက်ရှိကြောင်း၊ သို့ယုံကြည်သည့်အတိုင်း ဧရာဝတီမြစ် ဝဲယာရှိ မြန်မာစစ်တပ်ကောင်းများကို အထက်မြန်မာနိုင်ငံ အစွန်အဖျားမြို့ရွာများတွင် သူပုန်ထကြွနေသည်ဟု လိမ်လည်ခေါ်ယူသည့်အပြင်၊ အနည်းငယ် ကျန်ရှိနေသော မြန်မာစစ်တပ်စစ်ဗိုလ်များထံသို့လည်း အင်္ဂလိပ်စစ်တပ်ကို ခုခံတိုက်ခိုက်ခြင်း မပြုရန် ခမည်းတော် ဘုရားအမိန့်ဟု လိမ်ည်၍ အမိန့်ထုတ်ဆင့်ထားကြောင်း၊

အင်္ဂလိပ်စစ်တပ်ကလည်း မြန်မာတိုင်းရင်းသားတဦး ဖြစ်သူ စကားပြန် မောင်ဘသန်းကို ညောင်ရမ်းမင်းသားဟန် ပြုလုပ်၍ သင်္ဘောဦးတွင် တင်ထားလျက် ချီတက်လာရာ အတိုက်အခိုက် မရှိ။ အထက်မြန်မာနိုင်ငံ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းသို့ ဆိုက်ရောက်ကြောင်း။ ထိုအခါ နန်းရင်းဝန်ကြီးသည် မိမိလူယုံတော်တဦးကို ညောင်ရမ်းမင်းသား ပါမပါ စေလွှတ်အကြည့်ခိုင်းရာ အင်္ဂလိပ်စစ်ဗိုလ်ကြီးက ညောင်ရမ်းမင်းသားမှာ ကိစ္စတခုရှိ၍ ယခုပင် ထွက်ခွာသွားကြောင်း၊ မကြာမီ ပြန်လာလိမ့်မည့်အကြောင်း။ နန်းရင်းဝန်ကြီးသည် သီပေါဘုရင်ကို ယူ၍ သင်္ဘောသို့ လာစေလိုကြောင်း။ လာရောက်ကြည့်ရှုသူအား ပြောဆိုမှာထားလိုက်သည်။

သို့သော် နန်းရင်းဝန်ကြီးအလာ နောက်ကျသဖြင့် အင်္ဂလိပ်စစ်တပ်များသည် ခမည်းတော်၊ မယ်တော်တို့ စံတော်မူရာ ရွှေနန်းတော်ကြီးသို့ ချီတက်ဝန်းရံ၍ ထားကြောင်း။

ပစ္စည်းတော်များ စလေဒင်ထံ အပ်တော်မူခြင်း
========================

၁၂။ ဤသို့ ရွှေနန်းတော်ကို အင်္ဂလိပ်စစ်တပ်ဖြင့် ဝိုင်းရံထားပြီးလျှင် အင်္ဂလိပ်အရာရှိ ကာနယ်လ်စလေဒင်နှင့် အခြားသူများသည် ခမည်းတော် မယ်တော်တို့ ရှေ့တော်ဝင်ရောက်လျှောက်တင်သည်မှာ စကားပြေတင်လျှောက်ရန် ရှိ၍ တောင်ဥယျာဉ်သို့ ၃ ရက်လောက် ထွက်စံတော်မူရန် တင်လျှောက်ကြောင်း။ တဖန် တောင်ဥယျာဉ် ရောက်တော်မူသည့်အခါ သည်တွင် စကားတင်၍ မဖြစ်သေး။ စာချုပ်ရန် အိန္ဒိယနိုင်ငံ ဘင်္ဂလားသို့ ၃ လ အတွက် ထွက်တော်မူရန်။ သို့ထွက်တော်မူသည့်အခါ အလိုတော်ရှိရာ ယူတော်မူရန် အချက်များကို တင်လျှောက်ကြောင်း။ ထိုအခါ အမှန် ၃ လနှင့် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြန်ရလိမ့်မည်ဟု ယူဆ၍ ဘဏ္ဍာ ပစ္စည်းများ ( ~ ပစ္စည်းစာရင်း ~ ) ကို စလေဒင်သည် အင်္ဂလိပ်အစိုးရ၏ တာဝန်ခံ အရာရှိတဦး ဖြစ်၍ ယုံကြည်ပေးအပ်တော်မူခြင်း ဖြစ်သည်။

ငမောက် ပတ္တမြားကျောက် ဘယ်မှာလဲ
၁၃။ (~ )

ရန်ကုန်၌ ဖြစ်ပျက်ပုံ
==========

၁၄။ ခမည်းတော်၊ မယ်တော်၊ သမီးတော်များနှင့် မိထွေးတော်၊ ဘွားတော် ဆင်ဖြူမရှင်နှင့် ၎င်း၏ သမီးတော်ကြီး၊ ၎င်းအပြင် နန်းရင်းဝန်ကြီး (ဦးကောင်း) စသော သူတို့သည် ပစ္စည်း - တော်များကို စလေဒင်ထံ အပ်တော်မူ၍ အထက်မြန်မာနိုင်ငံ မန္တလေးရွှေမြို့တော်မှ သူရိယသင်္ဘောဖြင့် ထွက်တော်မူခဲ့ရာ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်တော်မူကြောင်း။

(က) ( ~ သူရိယသင်္ဘော ကပ္ပတိန်၊ မာလိန်၊ စက်ဆရာ၊ ပွဲတော်ဆက်၊ ရန်ကုန်အင်္ဂလိပ် အရာရှိ၊ မဟာမင်းကြီးနှင့် သမီး နှစ်ယောက်ကို လက်စွပ်၊ ဆွဲကြိုးများ ပေးသနားတော်မူ ~ )

(ခ) ထို့နောက် ပြင်သစ်နိုင်ငံ၊ အီတာလျံနိုင်ငံများက စစ်သင်္ဘောရှစ်စင်းနှင့် ရန်ကုန်မြို့သို့ လာရောက်၍ သီပေါဘုရင်ကို အိန္ဒိယသို့ မယူဖို့ ကြောင်း။ သူ့နိုင်ငံပြန်ပို့ရမည့်အကြောင်း။ ထို့အတူ ရန်ကုန်မြို့ရှိ ကုလား မြန်မာကုန်သည်ကြီးတို့ကလည်း နိုင်ငံသိမ်းယူခြင်းကို မနှစ်သက်သည့် အကြောင်း။ အင်္ဂလိပ်အစိုးရသို့ အသီးသီးပြောကြားကြောင်း။

ထိုအချိန်တွင် အင်္ဂလိပ်အစိုးရ အင်္ဂလိပ်အစိုးရက ရန်ကုန်မဟာမင်းကြီးထံ ရိုက်ကြားသော ကြေးနန်းမှာ

(ဂ) မြန်မာဘုရင်များသည် အခြားနိုင်ငံကြီးများကဲ့သို့ အနှစ်တထောင်ကျော် ကိုယ့်နိုင်ငံကို အုပ်ချုပ်လာကြသည်ဖြစ်၍ သီပေါဘုရင်ကို သူ့နိုင်ငံ ပြန်ပို့ရမည့်အကြောင်း။ ၎င်းအပြင် ပြင်သစ်၊အီတာလျံ၊ ဂျာမနီနိုင်ငံများကလည်း သီပေါဘုရင်နိုင်ငံ သိမ်းယူခြင်းကို သဘောမတူ ပြောဆိုကန့်ကွက်နေကြောင်း ပါရှိ၏။

(အမှန်မှာ အနှစ်တထောင်ကျော် မဟုတ်။ အနှစ် ၂၈၁၉ ဖြစ်ကြောင်း)

ထို့နောက် ရန်ကုန်မဟာမင်းကြီးက ဘိလပ်အင်္ဂလိပ်အစိုးရထံ ပြန်ကြားသော ကြေးနန်းမှာ

(ဃ) တိုင်းနေပြည်သူများက မင်း နှစ်ပါးကို သနားကြင်နာ၍ နိုင်ငံသိမ်းယူခြင်းကို မနှစ်သက်ကြသည့်အပြင် ပြင်သစ်၊ အီတာလျံနိုင်ငံများကလည်း သီပေါဘုရင် နိုင်ငံသိမ်းယူခြင်းကို သဘောမတူ ပြောဆိုကန့်ကွက်နေကြောင်း ပြန်ကြားလိုက်၏။

(င) ထိုအချိန်တွင် စစ်ဖက်ဆိုင်ရာ အင်္ဂလိပ် အရာရှိတဦးက ရန်ကုန်မြို့ ရွှေတိဂုံဘုရားသို့ သွားရောက် ဖူမြှော်လိုလျှင် လိုက်ပို့လိုကြောင်း ခမည်းတော်အား တင်လျှောက်ရာ ခမည်းတော်က ဝတ်ဆင်စရာ ဘာမျှ မယူခဲ့သဖြင့် မသွားလိုေုကာင်း၊ သင်္ဘောပေါ်ကနေ ဖူးမြှော်ကန်တော့ပြီးစီးကြောင်း၊ အသျှင် နန်းမတော်ဘုရား (ကျွန်ုပ်၏ မယ်တော်) ဖွားတော်မူဖို့ ကိစ္စနီးပြီ ဖြစ်၍ အိန္ဒိယသို့ အမြန်သွားရောက် စာချုပ်ပြီးလျှင် နိုင်ငံတော် ပြန်လိုကြောင်း မိန့်တော်မူ၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့မှာ နိုင်ငံအတွက် ရန်ကုန်မြို့တွင် မည်သို့ ဖြစ်ပျက်နေသည်ကို ဘာမျှသိတော် မူကြသည်မဟုတ်။ အမှန်စင်စစ် စာချုပ်ရန် သက်သက်လာရခြင်း ဖြစ်သည်ဟု ယုံကြည်တော်မူကြ၏။

(စ) ထိုအခါ အင်္ဂလိပ်(အိန္ဒိယ) အစိုးရသည် ခမည်းတော် ၊ မယ်တော်တို့ကို အိန္ဒိယသို့ ယူဖို့ မယူဖို့ ဆုံးဖြတ်ရန် ခြောက်ရက် ခုနှစ်ရက်ခန့် စဉ်းစားနေစဉ် ခမည်းတော်၏ အမတ်ချုပ်ကြီး (ဦးကောင်း) က ညောင်ရမ်းမင်းသား နန်းတင်ရဦးမည်ဟု ထင်မြင်နေခြင်း၊ ခမည်းတော်၊ မယ်တော်တို့ နိုင်ငံတော် ပြန်၍ စံတော်မူလျှင် နန်းရင်းဝန်ကြီး၏ လျှို့ဝှက်ကြံစည်ချက်များကို သိတော်မူက အပြစ်ကြီးစွာ ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် ခမည်းတော်၊ မယ်တော်တို့အား အိန္ဒိယသို့ အပါယူဆောင်ရန် နန်းရင်းဝန်ကြီး (ဦးကောင်း) က အင်္ဂလိပ်အစိုးရကို တိုက်တွန်းလျက် ရှိကြောင်း။

သို့ဖြစ်၍ အင်္ဂလျပ်အစိုးရစိတ်တွင် နောင်မှ သင့်တော်သလို စီမံမည်ဟူသော အကြံနှင့် ခမည်းတော်၊ မယ်တော်၊ သမီးတော်များနှင့် မိထွေးတောိကု အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ လည်းကောင်း၊ ဘွားတော်ဆင်ဖြူမရှင်ဘုရားနှင့် ၎င်း၏ သမီးတော်ကြီးကို ထားဝယ်မြို့သို့လည်းကောင်း၊ နန်းရင်းဝန်ကြီးကို မန္တလေးမြို့သို့ လည်းကောင်း ၊ ရန်ကုန်မြို့မှ အသီးသီး ခွဲခွာ၍ ပို့ထားကြောင်း။

နန်းရင်းဝန်ကြီးနှင့် အင်္ဂလိပ်အစိုးရ
====================

၁၅။ မန္တလေးသို့ နန်းရင်းဝန်ကြီး ပြန်ရောက်သောအခါ များစွာသော ရဟန်းရှင်လူတို့က မြန်မာတမျိုးလုံးကို ကျွန်အဖြစ်ရောက်အောင် ကြံစည်ပြုလုပ်သူဟူ၍ လည်းကောင်း၊ ကိုယ်ပိုင်မင်းမရှိသော တိုင်းပြည်သည် မည်မျှပင် ကြီးပွားနေသော်လည်း လူရိုင်းများနှင့် တူသည်ဟူ၍ လည်းကောင်း ယူဆကြ၍ ၎င်းအား အသက်ဆုံးစီရင်ရန် ကြံစည်အားထုတ်ကြသဖြင့် အင်္ဂလိပ်အစိုးရက စောင့်ရှောက်၍ နေရကြောင်း။

(က) ၎င်းပြင် ခမည်းတော်၊ မယ်တော်တို့ အထက်မြန်မာနိုင်ငံမှ ထွက်တော်မူသွားပြီးနောက် မကြာမြင့်မီ မြန်မာ မင်းညီးမင်းသား၊ မှူးတော်မတ်တော်၊ မြို့စား၊ ရွာစားမှ စ၍ ပုန်ကန်ထကြွကြကြောင်း၊ ဤအချိန်တွင် စလေဒင်စသော အင်္ဂလိပ်အရာရှိများနှင့် နန်းရင်းဝန်ကြီး ၊ ၎င်းပြင် အလိုတူ မှူးတော် မတ်တော်တို့က အထက်မြန်မာနိုင်ငံကို စီမံအုပ်ချုပ်လျက်ရှိ၍ နန်းရင်းဝန်ကြီးက သူပုန်များထံ စာတိုစာရှည် ကမ်းလှမ်း ဝေငှသည် ဖြစ်ကြောင်း ။ ၎င်းစာဧ။်အဓိပ္ပါယ်မှာ

(ခ) ယခု အင်္ဂလိပ်အိစုးရ အုပ်ချုပ်နေသည် ဆိုသော်လည်း အမည်မျှသာ ဖြစ်ကြောင်း၊ အမှန်မှာ အရှင်မင်း နှစ်ပါး ရှိစဉ်ကကဲ့သို့ ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နေရကြောင်း၊ လက်နက်ချ၍ ပြန်ဝင်ကြလျှင် အပြစ်မပြု၊ အထိုက်အလျောက် ချီးမြှင့် မစမည့်အကြောင်း၊ သို့မဟုတ် အင်္ဂလိပ်စစ်သည်များ စေလွှတ်တိုက်ခိုက်စေမည်ဖြစ်၍ အသက်စည်းစိမ် ဆုံးရှုံးရလိမ့်မည် စသော အကြောင်းများ ကို အနှံ့အပြား ရေးသား ပေးပို့စေကြောင်း။

(ဂ) ထိုအခါ အချို့သူပုန်များမှာ လက်နက်ချ၍ ဝင်ကြကြောင်း။ အချို့သူပုန်များမှာ တပါးကျွန်သာ ခံတော့မည် ဟူသော သဘောနှင့် ပုန်ကန်ထကြွနေကြသဖြင့် ငှက်ဖျားမိ၍ သေသူ၊ အခြားတပါးလွတ်ရာသို့ သွားရောက် နေထိုင်ကြသူတို့လည်း အများရှိကြောင်း။

(ဃ) ထို့နောက် နန်းရင်းဝန်ကြီး၏ အကူအညီဖြင့် သူပုန်ရန်များ ငြိမ်းအေးလျက် ရှိသည့်ပြင် အင်္ဂလိပ်အစိုးရ၏ သြဇာအာဏာများလည်း ထက်အောက် မြန်မာနိုင်ငံတွင် ပျံ့နှံ့တည်ရှိလျက် နေကြောင်း၊ ထိုအခါ နန်းရင်းဝန်ကြီးကို အသုံးမပြုတော့ဘဲ ပင်စင်ငွေ အနည်းငယ်ပေး၍ အငြိမ်းစားထားလိုက်ပြီးလျှင် အင်္ဂလိပ်အစိုးရသဘောအတိုင်း စီမံအုပ်ချုပ်လျက်ရှိကြောင်း။

(င) ၎င်းနောက် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပိုင်ဆိုင်သူ အများတို့ကညတောင်ဆိုကသဖြင့် စိစစ်မေးမြန်း၍ အသီးသီးဆိုင်ရာသို့ ပြန်ပေးလိုက်ကြောင်း၊

(စ) ထို့နောက် စော်ဘွားများနှင့်တကွ ထက်အောက်မြန်မာနိုင်ငံရှိ လူအပေါင်းက အမျိုးသားမြန်မာဘုရင်များ ရှိစဉ်က ရရှိသော အခွင့်အရေးများ မရရှိကြသဖြင့် နန်းရင်းဝန်ကြီးအား ပြောဆိုတိုင်ကြားကြကြောင်း၊ ထိုအခါ နန်းရင်းဝန်ကြီး (ဦးကောင်း)က ကျွန်ုပ်ကိုယ်တိုင် နေထိုင်နေရပုံကိုသာ ကြည့်ကြပေတော့ဟု ပြောဆိုလိုက်ကြောင်း။

(အဓိပ္ပါယ်မှာ မြန်မာနိုင်ငံကို အတိုက်အခိုက်မရှိ အင်္ဂလိပ်အစိုးရ လက်သို့ ပေးအပ်ထားသော ကျွန်ုပ်နန်းရင်းဝန်ကြီးမှာပင် ဤအခြေအနေမျိုးနှင့် နေရသေးလျှင် အမောင်တို့မှာ ပြောစရာမရှိဟု ဆိုလိုကြောင်း၊ အင်္ဂလိပ်အစိုးရစိတ်တွင် မင်းနှစ်ပါးအပေါ်မှာပင် မသင့်သော အကြံကို ကြံနိုင်သေးလျှင် အင်္ဂလိပ်အစိုးရကိုမူကား မည်သို့ကြံစည်ဦးမည် မသိနိုင်သဖြင့် နန်းရင်းဝန်ကြီးကိုယ်တိုင် သတိရစေရန် နှိမ့်ချထားသ်ာဟု ထင်မြင်ရကြောင်း။)

_________________

စတုတ္ထသမီးတော်၏အရေးတော်ပုံစာတမ်း
https\://sagarwarmyae.wordpress.com/2010/03/26/စတုတ္ထသမီးတော်၏အရေးတော်/

https://www.facebook.com/media/set/?set=a.897442553745774.1073741981.335506469939388&type=3

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တပ်မတော် ရှိလျက် သူ့ကျွန် ဖြစ်သွားသော သမိုင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...