Thursday, January 4, 2018

ငြိမ်းချမ်းရေးကို ဘာနဲ့လဲကြဦးမှာလဲ || လှမျိုးထွန်း ||

,
တိုက်ပွဲခေါ်သံ အဆင့်ထက်ကျော်လွန်ပြီး ဒုက္ခသည်တွေထွက်ပြေးလာတော့မှ စစ်ပွဲတွေ ရှိနေ ပါသေးသလားလို့ ပြည်မမှာနေသူတွေ သတင်းစာဖတ်ရင်း သိရသူက များသည်။ တကယ် ရှေ့တန်းမှာ တိုက်ပွဲက ဘယ်လောက်ပြင်းထန်မှန်းမသိ။ ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ လူစွမ်းကောင်း ဗဟိုပြုတဲ့စစ်ကားတွေ၊ အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်လို နိုင်ငံခြားကစစ်ပွဲသတင်းတွေကို ရုပ်မြင်သံကြားကနေမြင်ဖူးရုံ လောက်သာရှိတဲ့ မြို့ကြီးသားတွေ ဘယ်ကဘယ်လို ရမှန်းမသိ၊ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့  ဖြန့်ချိမှန်းမသိ ဆိုရှယ်မီဒီယာ ပေါ်မှာတက်လာတဲ့ နှစ်ဖက် စစ်သားအလောင်းတွေ၊ လက်နက်ကြီးကျည်ဆံတွေ သယ်နေတဲ့ ပုံတွေကိုမြင်မှ အထိတ်တလန့်ဖြစ်ကုန်ပြီး ခါတော်မှီ ငြိမ်းချမ်းရေးသမားဖြစ်သူကဖြစ်၊ ဓာတ်ပုံတွေ ထပ်ဆင့်ပြန်လည်ဖြန့်ဝေရင်း ဟိုဘက်ဒီဘက် အားပေးသူများဖြစ်ကုန်ကြတာကို တွေ့ရသည်။

ဆိုရှယ်မီဒီယာပေါ်မှာ ဟိုဘက်ဒီဘက် အပြန်အလှန်ပုတ်ခတ်ရေးသားရင်း အင်တာနက် ဒေတာ တွေကိုဖြုန်းတီးကာ FB တိုက်ပွဲကိုဆက်လက်ဆင်နွှဲကြတော့သည်။ ၎င်းတို့ကား အဆိုးရွားဆုံး မီးထိုးနေကြသူများပင် ဖြစ်သည်။ ငြိမ်းချမ်းရေးသမားတွေကလည်း စုရုံးစုရုံးနဲ့ တတ်နိုင်သလောက် ငြိမ်းချမ်းစွာဖြင့် စစ်ဆန့်ကျင်ရေးလုပ်ကြကုန်၏။ ပရဟိတသမားတွေ ကလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အလှူခံပုန်းပိုက်ကာ ကူညီနိုင်သလောက်ကူညီဖို့ နီးစပ်ရာတိုက်တွန်း သည်။ စစ်ပွဲမှာတာဝန်ရှိသူတွေကို အပစ်အခတ်ရပ်စဲဖို့ မေတ္တာရပ်ခံသူတွေလည်းမနည်းဖြစ်သည်။

လွန်ခဲ့သောလပိုင်းအတွင်းက ပုဂံဒေသအနီးမှာ ငလျှင်လှုပ်တော့ မြို့တော်သား စမတ်ဖုန်း အင်တာနက်သုံးသူတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ ရှေးဟောင်းအမွေအနှစ်တွေကို ကယ်တင်ဖို့ လိုအပ်ကြောင်း ဆော်ဩသူတွေပေါ်ပေါက်လာသလို၊ မြန်မာနိုင်ငံ၏ အထင်ကရ မြို့ကြီးအတော်တော်များများ စစ်ကိုင်းပြတ်ရွေ့ငလျှင်ကြောပေါ်မှာ တည်ထားသလိုဖြစ်နေတာကို ထောက်ပြသူတွေက ထောက်ပြလို့ အသည်းယားသူတွေ ဘုရားတကုန်လေ၏။ နောက်တော့ လည်း အခြားသောနေ့စဉ်သတင်းတွေအပေါ်မှာ စီးမျောလိုက်ပါရင်း ဆိုရှယ်မီဒီယာပေါ်က ဘုရားတသံတွေတိတ်ဆိတ်သွားပြန်သည်။

တကယ်တော့ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ငလျှင်ကျောကြီးပေါ်မှာ နှစ်ပေါင်း ၇၀ နီးပါး ကြာအောင် ဖင်ခုထိုင်နေတာဖြစ်သည်။ အဖျက်စွမ်းအားကြီးသည့် မီးတောင်အရှင်တစ်လုံးကို ပိုင်ဆိုင်ထားသည် ဆိုလျှင်လည်း မမှားပါ။ အစိုးရအမျိုးမျိုးပြောင်းခဲ့ပေမည့် ဘယ်အစိုးရကမှ ပြည်တွင်းစစ်ချုပ်ငြိမ်းအောင် မလုပ်နိုင်သေး။

စစ်အစိုးရလက်ထက်က လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သော အစီအစဉ်တွေဆက်တိုက် ပေါ်ပေါက်လာခဲ့တာ အားလုံးကအမှတ်ရနေပါသည်။ မည်သူကတီထွင်လိုက်သော စကားလုံးမှန်း မသိ။ "တပ်မတော်၏သဘောထားအမှန်" ကိုသိမြင်လာသော လက်နက်ကိုင်အဖွဲ့တွေ တစ်ခုပြီး တစ်ခု လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကြကြောင်း အစိုးရအာဘော်သတင်းစာတွေက တွင်တွင်ရေးသည့်အတွက် ပြည်သူတွေ မျက်စိလည်ကုန်သည်။

လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သော တပ်မတော်၏သဘောထားအမှန်ကိုသိကုန်သည့် အဖွဲ့အစည်းအများအပြားကြောင့် သေနတ်သံအချို့တိတ်သွားကတော့အမှန်။ တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံဖြင့် အစိုးရကိုသက်တမ်းအရှည်ဆုံးတိုက်ခိုက်နေသည့် ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) ကတော့ဘာနှင့်မှ လဲသည်ဟုမကြားလိုက်ရဘဲ နိဂုံးချုပ်သွားသည်။ ဗကပဇာတ်သိမ်း ခန်းတွင် တရုတ်ပြည်၏ လူ၊ လက်နက်၊ ငွေအထောက်အပံ့ရပ်ဆိုင်းခြင်းက အဓိကကျသော်လည်း သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ လက်အောက်ခံ တိုင်းရင်းသားတပ်ရင်းများ၏ ပုန်ကန်မှု တွေကလည်း အရေးပါသည်။

ကွန်မြူနစ်ပါတီလက်အောက်ရှိ တိုင်းရင်းသားတပ်တွေအားလုံး တစ်ပြိုင်တည်းပုန်ကန်ရင်း ဗကပ ဌာနချုပ်ကိုပါ သိမ်းပိုက်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်ကွန်မြူနစ်ပုန်ကန်မှု စခန်းသိမ်းသွား သည်။

စစ်အစိုးရလက်ထက်တွင်ဖော်ဆောင်ခဲ့သော လက်နက်နှင့်လဲလှယ်သော ငြိမ်းချမ်းရေး ဆိုတာ တကယ်ဟုတ်မဟုတ် ဒီကနေ့ပြန်ပစ်နေသည့်တိုက်ပွဲများက သက်သေခံနေတာအမှန်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးအဖွဲ့ပိုင်သော မြေကွက်တွေ၊ လုပ်ပိုင်ခွင့်တွေနေရာအနှံ့အပြားမှာတွေ့ရသည်။ တော်ရုံ ခရိုနီတွေမရသော လုပ်ငန်းတွေကို ငြိမ်းချမ်းရေးအဖွဲ့တွေကလုပ်နိုင်သည်။

ငြိမ်းချမ်းရေးအဖွဲ့တံဆိပ်ဖြင့်ကားတွေ မြို့ပေါ်မှာ တဝီဝီမောင်းနှင်ကုန်သည်။ သေနတ်ကိုင်ထား သော ကိုယ်ပိုင်အစောင့်အရှောက်များဖြင့် သွားလာနေသည့်ငြိမ်းချမ်းရေးအဖွဲ့မှ အရာရှိငယ်များကို ညဘက်အပျော်အပါးရှိရာ နေရာများမှာအမြဲလိုလို တွေ့ရတတ်သည်။ နိုက်ကလပ်လို ပျော်ပါးစရာ နေရာတွေကို ငြိမ်းချမ်းရေးအဖွဲ့မှ လူတွေကိုပဲ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသည်။ မူးယစ်ဆေးဝါးတွေ လွယ်လွယ်ကူကူ ဝယ်လို့ရလာတာ အဆိုးဝါးဆုံးပင် ဖြစ်တော့သည်။

တချို့ငြိမ်းချမ်းရေးအဖွဲ့များဆို အမျိုးသားညီလာခံတောင် တက်ခွင့်ရသည်။ ဒီကနေ့ထိ ဝေဖန်ခံ နေရဆဲဖြစ်သည့် အငြင်းပွားစရာဒီမိုကရေစီ စံနှုန်းနင့်မကိုက်သောအချက်များ ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင်ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင် ခဲ့သည်ဟုပြောလျှင် အံ့ဩကြပေလိမ့်မည်။ ဒီထက်ပိုအံ့ဩစရာကောင်းတာက အဲဒီအခြေခံ ဥပဒေကြောင့် အသက်ဝင်လာသော အစိုးရသစ်လက်ထက်တွင် ယခင်ကလဲလှယ်ထားသော လက်နက်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ကြခတ်ကြခြင်းသည်။

ကချင်ဘက်တွင်လည်းပစ်သည်။ ရှမ်းဘက်တွင်လည်းပစ်ကြသည်။ အထူးဒေသတွေမှာ နယ်မြေသိမ်း တိုက်ပွဲတွေပါဖြစ်တော့ အိမ်နီးချင်းနိုင်ငံကြီးဘက်ကနေ ကူညီသည်ဆိုသော အသံတွေထွက် လာသည်။ တိုက်ဆိုင်မှုပဲဖြစ်မည် တိုက်ပွဲပြန်ဖြစ်သောဒေသတိုင်း အဆိုပါ အိမ်နီးချင်းနိုင်ငံကြီးနှင့် ဆက်စပ်နေတာကိုတွေ့ရသည်။

အစိုးရသစ်လက်ထက် သစ်ခိုးထုတ်သောကားကြီးတွေ ရာနှင့်ချီမိသောနေရာသည် ငြိမ်းချမ်းရေး ယူထားသောနေရာကိုဖြတ်သန်းကာ တစ်ဖက်နိုင်ငံသို့ပေါက်ထွက်သည့် လမ်းပေါ်တွင်ဖြစ်သည်။ ကျောက်စိမ်းထွက်သော နေရာကို ဧရာမကားကြီးတွေမောင်းသွင်းလာတာလည်း အဆိုပါ အိမ်နီးချင်းနိုင်ငံကြီးဘက်မှပင် ဖြစ်သည်။

အာရှတိုက်၏အကြီးမားဆုံး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားရာ နေရာသည် ငြိမ်းချမ်းရေး အထူးဒေသဖြစ်၏။ နိုင်ငံရေးအရအမြတ်ထွက်အောင် ငြိမ်းချမ်းရေးရယူနိုင်ပါသည် ဟုပြောချင် ပြချင်ဇောဖြင့် အလဲအလှယ်တွေ အများအပြားလုပ်ခဲ့ပုံရသည်။ နာစရာရှိတော့ တိုင်းပြည်ကချည်း နာရသည်။ လူကုန်ကူးမှုအများဆုံး၊ တရုတ်မယားအဖြစ် ရောင်းချခြင်းခံရမှု အများဆုံးသည် ငြိမ်းချမ်းရေးယူထား သောနယ်မြေများနှင့် ထိစပ်နေသည်။ ဒီလိုတစ်ဖက်သတ်ချည်းခံရသည့် ငြိမ်းချမ်းရေးကို အခွင့်အရေးတွေနှင့် လဲလှယ်ခဲ့သူများကို သမိုင်းမှတ်တမ်းတင်ထားပြီးပါပြီ။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာဘာနဲ့မှ လဲလှယ်လို့မရနိုင်ပါ။ ကမ္ဘာပေါ်ကအခြားသော နိုင်ငံသားများနည်းတူ လူသားတိုင်း ငြိမ်းချမ်းစွာဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိရမည် ဖြစ်သည်။ နိုင်ငံတော်၏ ဆင်းရဲခြင်း ချမ်းသာခြင်းသည် နိုင်ငံသားများ၏ တန်းတူအခွင့်အရေးဖြင့် အလုပ်လုပ်ကိုင်နိုင်မှုနှင့် အုပ်ချုပ်သောအစိုးရအဖွဲ့၏စီမံခန့်ခွဲမှု အပေါ်တွင် မူတည်တာ အမှန် ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသော တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုသည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ဖို့ လိုသည်။ လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်စရာမလို ကိုယ့်တိုင်းရင်းသားလူမျိုးစုတွေ၏ဒုက္ခကို လက်နက်နှင့် ဖြေရှင်းတာ အဆုံးသတ် ဖို့ပဲလိုသည်။

နိုင်ငံရေးနည်းဖြင့် အဖြေရှာသည်ဆိုရာဝယ် ကိုယ့်အဖွဲ့အစည်းအတွက် အကျိုးစီးပွား တစ်ခုတည်း ကိုသာ မကြည့်ဘဲ ကိုယ့်လူမျိုးစုနှင့် ကိုယ့်ဒေသအကျိုးစီးပွားကို ပြန်ကြည့်ရမည်သာဖြစ်သည်။ သံသယရှင်းရှင်းဖြင့် ဒီမိုကရေစီနည်းလမ်းများကို လက်ခံနိုင်ဖို့က အရေးအကြီးဆုံးဖြစ်သည်။ လိုအပ်ပါက အဖွဲ့အစည်းအတွင်းဆုံးဖြတ်ချက်ကိုသာ တရားသေကိုင်စွဲမထားဘဲ ကိုယ့်ဒေသ အတွင်းရှိ မျိုးနွယ်စုအားလုံး၏ သဘောထားမှတ်ချက်ကို တောင်းဆိုသင့်က တောင်းဆိုရပေလိမ့် မည်။ ကိုယ့်အဖွဲ့အစည်းနှင့် ကိုယ့်မျိုးနွယ်စု အယူအဆ ဆန္ဒသဘောထားချင်း တူညီပါ သေးရဲ့ လားဆိုတာ ဆန်းစစ်ရမည့်အချိန်ဖြစ် သည်။

ပြည်သူကရွေးချယ်သော အစိုးရကိုယ်တိုင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် မြန်မာနိုင်ငံကို ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံညီလာခံအဖွင့်အဖြစ် ပြတ်ပြတ်သားပြောဆို သွားခဲ့ပြီးဖြစ်သည်။ နောက်ထပ် ဘာများ လိုချင်ပါသေးသလဲ။ စော်ဘွားငယ်များသဖွယ် ကိုယ့်ဒေသကိုယ် ပဒေသရာဇ်ပုံစံ အုပ်ချုပ်ဖို့ဆိုတာ ၂၁ ရာစုပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အတွက် ခေတ်ကုန်သွားခဲ့တာကြာပါပြီ။ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို မကြည့်ဘဲ ကိုယ့်လူမျိုးအားလုံးအတွက်အကျိုးစီးပွားကို ကြည့်ရင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လုပ်သွားဖို့က အရေးအကြီးဆုံးဖြစ်တော့သည်။

ခေတ်ဟောင်းကလို စီးပွားရေးလုပ်ကိုင်ခွင့်ပါမစ်၊ မော်တော်ကားတင်သွင်းခွင့်ပါမစ်၊ သယံဇာတ ထုတ်လုပ်ခွင့်ပါမစ်တွေနှင့် အယောင်ဆောင်ငြိမ်းချမ်းရေးကိုစွန့်လွှတ်ကြဖို့ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို လေးလေးနက်နက်တိုက်တွန်းပါသည်။ ဒေသခံလူမျိုးစုများကလည်း အမှန် တကယ် ငြိမ်းချမ်းရေးလိုလားနေကြကြောင်း လက်နက်ကိုင်လူမျိုးစုအဖွဲ့အစည်းအသီးသီးကို မပျက်မကွက် အမြဲတမ်း တိုက်တွန်းပေးဖို့ လိုအပ်သည်။

ဖက်ဒရယ်ဒီမိုကရေစီကို တစ်ချိန်ကတောင်းဆိုရင်း လက်နက်ကိုင်ဖို့ဆုံးဖြတ်ခဲ့သည် ဆိုလျှင် ယနေ့အချိန်သည် ဒီမိုကရေစီနည်းကျကျ ဖက်ဒရယ်မူများအကြောင်း နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဒေသတွင်းရှိလူမျိုးစုများ၏ လိုလားချက်ကိုရှာဖွေရင်း ငြိမ်းချမ်းရေးအစစ်အမှန်ကို နောက်လာမည့်သားစဉ် မြေးဆက်အတွက် ဒီမိုကရေစီမဲပြားများဖြင့်လဲလှယ်ရမည့် အချိန်ကျရောက်ပြီဖြစ်ကြောင်း လေးစားစွာ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

လှမျိုးထွန်း
The Ladies News

https://m.facebook.com/story.php?story_fbid=1974942942761654&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ငြိမ်းချမ်းရေးကို ဘာနဲ့လဲကြဦးမှာလဲ || လှမျိုးထွန်း ||”

Post a Comment

Related Posts Plugin for WordPress, Blogger...