Thursday, July 26, 2018

"အကြိမ်ကြိမ် မုဒိန်းအကျင့်ခံနေရတဲ့ တရားဥပဒေ"

,
ယနေ့မှာ ထိန်လန့်အံ့သြ တုန်လှုပ်ဖို့ကောင်းတဲ့ သတင်းတစ်ခုကတော့ ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ အမှုကို တရားလိုဘက်က ကျေအေးပေးလိုက်တာကြောင့် အောင်ရဲထွေးကို လူမြင်ကွင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် ထိုးကြိတ်ကန်ကျောက် သတ်ဖြတ်ခဲ့သူ သုံးယောက်လုံးကို ပြန်လွှတ်ပေးလိုက်တာပါပဲ

့The Brave Bar ကလပ်မှာ မီးခြစ်ငှားရာကနေ စခဲ့တဲ့ ပြဿနာတစ်ခုကြောင့် နယူရီးယားည ပါတီပွဲတစ်ခုမှာ ယနေ့လွတ်မြောက်သွားတဲ့ တရားခံအုပ်စုက လူမြင်ကွင်းမှာ အုပ်စုလိုက် ဝိုင်းဝန်းထိုးကျိတ် ကန်ကျောက်ခဲ့ကြရာက ဦးခေါင်းကြေမွဒဏ်ရာနဲ့ သွေးအန်သေဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

ရလာတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ အောင်ရဲထွေး သေဆုံးသွားခဲ့ပြီးနောက်မှာတော့ နာကျင်စေမှုကနေ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ပြောင်းပြီး သင်္ဃန်းကျွန်း ရဲစခန်းက အမှုဖွင့်ခဲ့ပါတယ်။ ထိုလူသတ်မှုကို တရားရုံးမှာ ၈ လနီးပါးကြာ စစ်ဆေးနေဆဲမှာပဲ တရားလိုဘက်က ကျေအေးပေးတာကြောင့် ယနေ့မှာတော့ လူတစ်ယောက်ကို ဦးခေါင်းခွံကြေမွစေတဲ့အထိ သံဖိနပ်နဲ့ လူမြင်ကွင်းမှာ သတ်ဖြတ်ခဲ့သူတွေဟာ ထိုက်တန်တဲ့ ဥပဒေအဆုံးအမကို ခံစားစရာမလိုတော့ပဲ ကျော့ကော့စွာနဲ့ အိမ်ပြန်နိုင်ခဲ့ကြပါပြီ။

ပုဒ်မ ၃၀၂ ဆိုတာ ကျေအေးခွင့်မရှိဘူးလို့လဲ တရားသူကြီးလက်စွဲ ဥပဒေအညွှန်းစာအုပ်မှာ ထင်သာမြင်သာ ပြဌန်းထားပါရဲ့နဲ့ ယခုလို တရားလိုရဲ့ ကျေးအေးပေးမှုအပေါ်မှာ ရုံးတော်က ခွင့်ပြုခဲ့တာကို အလေးအနက်ထားပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ

အကယ်၍သာ ယခု အောင်ရဲထွေးအမှုလိုပဲ ငွေရှိသူက မကျေနပ်တာနဲ့ အပြစ်မဲ့သူတွေ သတ်ချင်ရင်သတ် ထောင်ကျမှာ ပူစရာမလိုတော့ပဲ ငွေနဲ့ပေါက်ပြီး လူသတ်မှုကိုတောင် ကျေအေးခိုင်းလို့ ရနေပြီလား

အကယ်၍သာ လူဆိုးလူမိုက် လမ်းသူရဲဂိုဏ်းတွေက
သူတို့နဲ့ အမြင်မကြည်သူ မည်သူ့ကိုမဆို ယခုလိုပဲ လူမြင်ကွင်းမှာ ခေါင်းကြေမွတဲ့အထိ ကန်ပြီး သတ်ခဲ့မယ်
ပုဒ်မ ၃၀၂ နဲ့ တရားရင်ဆိုင်နေတုန်းမှာ အပြင်က သူ့လူတွေက တရားလိုရဲ့ မိသားစုက မိခင်၊ ဖခင်၊ ညီအစ်ကိုမောင်နှမ တစ်ဦးဦးကို ဖမ်းဆီးခြိမ်းခြောက် အကြပ်ကိုင်လာပြီး အမှုကို ကျေအေးခိုင်းခဲ့ရင် စောနက ဘာအပြစ်မှ မရှိသူတစ်ယောက်ကို ရက်ရက်စက်စက် လူ့လောကထဲက အသေဆိုးနဲ့ ထွက်ခွါသွားရအောင် သတ်ခဲ့သူဟာ ယနေ့မှာလိုပဲ ကျောကော့ ဖုတ်ခါပြီး ထောင်ကပြန်ထွက် မကျေနပ်တဲ့သူတွေ အပြစ်မဲ့သူတွေကို ခုလိုပဲ ထပ်သတ်လို့ရနေဦးတော့မှာပါလား

သိပ်အဝေးကြီးမကြည့်ပါနဲ့ ဒီလို လူဆိုးလူမိုက် အဖွဲ့အစည်းမျိုးတွေ ရန်ကုန်မြို့ပေါ်က လှိုင်သာယာ ရွှေပြည်သာလို နေရာမျိုးတွေမှာ ဒုနဲ့ဒေးပါပဲ

ခုလိုသာ ဥပဒေရဲ့ ထိုက်သင့်တဲ့ အဆုံးအမကို မခံကြရတော့ပဲ ဥပဒေကိုတောင် ပြန်ပြီး မျက်လှည့်ပြလို့ ရနေကြရင်ဖြင့် တတိုင်းပြည်လုံးက ပြည်သူတွေ ဘဝက အသက်ကို ဖက်နဲ့ထုတ်ပြီး နေကြရတော့မှာလား ...

ဘယ်နေ့မှာ ကိုယ့်အလှည့်ရောက်လာမလဲ ဘုရားတရင်း စောင့်နေကြရတော့မှာလား ...

လူမိုက်မြင်ရင် ထိုင်ရှိခိုးကြရတော့မှာလား ...

မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်နဲ့မဆိုင်ရင် လက်ပိုက်ကြည့်နေကြရတော့မှာလား ...

ဘယ်သွားသွား မီးခြစ်လေးတော့ ဆောင်ထားကြရတော့မှာလား ...

ယခုအဖြစ်ဟာ ဘာကိုပြသလဲဆိုတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံမှုကို ခြိမ်းခြောက်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးကိုပါ ဂယက်ရိုက်ခတ်လာနိုင်ပါတယ်။ ယခုအစိုးရ လက်ထက်မှာ ပြည်သူတွေ ကျီးလန့်စာစားနေရပြီ ဆိုတဲ့အကွက်မျိုးတွေထိ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဥပဒေကို အသုံးချပြီး သွေးတိုးစမ်းလိုက်တာပါပဲ ...

မြန်မာပြည်ရဲ့ တရားဥပဒေဟာ ပိုင်ရှင်မဲ့ မုဒိန်းအကြိမ်ကြိမ် အကျင့်ခံနေခဲ့ရတာ ကြာပါပြီ။ ယနေ့မှာလည်း နောက်တစ်မျိုး ပုံစံပြောင်းပြီး တရားဥပဒေကို မုဒိန်းကျင့်ခံလိုက်ရပြန်ပါပြီ ...

ZN.H


https://m.facebook.com/story.php?story_fbid=1945845978803097&id=100001331419368

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "အကြိမ်ကြိမ် မုဒိန်းအကျင့်ခံနေရတဲ့ တရားဥပဒေ" ”

Post a Comment

Related Posts Plugin for WordPress, Blogger...