Friday, August 31, 2018

ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်

,
– စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ရေးသားပြီး ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ ရခိုင်ပြဿနာကို ဓာတ်ပုံအမှားတွေနဲ့ အမုန်းဝါဒဖြန့်ထားတယ်ဆိုတာကို ရိုက်တာသတင်းဌာနက ဒီကနေ့မှာ ဖော်ထုတ်လိုက်ပါတယ်။

၁၉၄၀ ပြည့်နှစ်တွေက ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးစုပဋိပက္ခအကြောင်း ရေးသားထားတဲ့အခန်းမှာ ထွန်ခြစ်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ကပ်းစပ်က အလောင်းနှစ်ခုအနီး ရပ်နေတာကို ဒီစာအုပ်မှာ ဖော်ပြထားပြီး “ဘင်္ဂါလီများ ဒေသခံတိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံ” လို့ ပုံစာ ရေးထိုးထားပါတယ်။

လေ့လာစုံစမ်းမှုအရ ဒီပုံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်တပ်တွေက ထောင်သောင်းချီတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကို ဒါကာမှာ အစုလိုအပြုံလိုက် သတ်ဖြတ်မှုအပြီး ရိုက်ထားတဲ့ဓာတ်ပုံဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ရိုက်တာသတင်းဌာနက Exclusive: Fake photos in Myanmar army’s ‘True News’ book on the Rohingya crisis ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးကို သြဂုတ် ၃၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနက သူတို့ရဲ့ ၀ဘ်ဆိုက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
“နယ်ချဲ့အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာပုံ” ဆိုတဲ့ ပုံစာနဲ့ ဓာတ်ပုံမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးငယ်တွေ ပါဝင်တဲ့ လူတန်းရှည်ကြီးဟာ အထုတ်အပိုးတွေနဲ့ ခရီးသွားနေတာကို တွေ့ရပါတယ်။

ရိုက်တာသတင်းဌာနက ဒီပုံဟာ မြန်မာနိုင်ငံကပုံမဟုတ်ဘဲ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအပြီး ဟူတူဒုက္ခသည်တွေ ရ၀မ်ဒါနိုင်ငံကနေ တန်ဇန်းနီးယားနိုင်ငံအတွင်း ၀င်ရောက်ခိုလှုံလာမှုကို ရိုက်ယူထားတဲ့ ဓာတ်ပုံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံကိုရိုက်ကူးသူ ဓာတ်ပုံသမား မာသာရီယဲလ်ဟာ Pittsburgh Post-Gazette သတင်းစာအတွက် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ‘ပူလစ်ဇာဆု’ ကိုလည်း ရရှိခဲ့ပါတယ်။

ဒီဓာတ်ပုံကို ဒီလိုအသုံးပြုထားမှုအတွက် Pittsburgh Post-Gazette သတင်းစာကို ဆက်သွယ်ခဲ့ပေမယ့် ချက်ခြင်း မှတ်ချက်မပေးသေးဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။

အဲဒီလို ဓာတ်ပုံအမှားတွေနဲ့ ၀ါဒဖြန့်ထားတဲ့ စာမျက်နှာ ၁၁၇ မျက်နှာပါ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” ဆိုတဲ့ စာအုပ်ကို ဇူလိုင်လကတည်းက မြန်မာနိုင်ငံတစ်ဝှမ်း စာအုပ်ဆိုင်တွေမှာ ရောင်းချနေတာ ဖြစ်ပါတယ်။

ပြီးခဲ့နှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မှာဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားပြီး အများစုကို ‘တပ်မတော် သတင်းမှန်ပြန်ကြားရေး’ ကနေ ယူတယ်လို့ ညွှန်းထားပါတယ်။ အဲဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်ပြဿနာ စဖြစ်ကတည်းက Facebook ကနေတစ်ဆင့် စစ်တပ်ရဲ့ သဘောထားကို ဖြန့်ဖြူးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတို့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ကို မေးမြန်းရာမှာ သူက အဲဒီစာအုပ်ကို မဖတ်ရသေးကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Facebook က စစ်တပ်ဟာ ‘ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်’ ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် စစ်ခေါင်းဆောင် ၆ ဦးရဲ့ အကောင့်တွေ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ သတင်းပေ့ခ်ျတွေ၊ အဖွဲ့တွေကို တနင်္လာနေ့မှာ ပိတ်ပစ်လိုက်ပါတယ်။

ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကလည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျူးလွန်ခဲ့မှုတွေအတွက် စစ်ခေါင်းဆောင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇတ်မှုတွေနဲ့ တရားစွဲဆိုသင့်တယ်လို့ အဲဒီနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

စစ်တပ်ဟာ ရခိုင်မှာ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ ငြင်းဆိုထားပြီး ‘အာရ်ကစ္စတန်’ နာမည်နဲ့ နိုင်ငံလိုချင်တဲ့ ‘ဘင်္ဂါလီအကြမ်းဖက်တွေ’ ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားရတာဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာမယ့် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၀၀ ကျော်ပါဝင်တဲ့ စက်လှေတစ်စီးကို ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့က မြန်မာ့ရေတပ်ကနေ ဖမ်းဆီးစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဒီစာအုပ်မှာ “ပင်လယ်ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ ၀င်ရောက်လာပုံ” ဆိုတဲ့ ပုံစာနဲ့ ၀ါဒဖြန့်ဖော်ပြထားပါတယ်။

စာအုပ်ကို ရေးသားသူလို့ဆိုတဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ‘ဘင်္ဂါလီတွေရဲ့ သမိုင်းကြောင်းကို ဖော်ထုတ်လိုတဲ့’ ရည်ရွယ်ချက်နဲ့ ‘အထောက်အထားဓာတ်ပုံတွေကို’ ဖော်ပြထားတာဖြစ်တယ်လို့ အမှာစာမှာ ရေးသားထားပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်တိုင်းမှာ ဘင်္ဂါလီတွေဟာ ဒါကို အခွင့်အရေးယူ အသုံးချတယ်” လို့ စစ်တပ်ရဲ့ အဲဒီစာအုပ်မှာ ဖော်ပြထားပြီး ‘ဘာသာရေးပဋိပက္ခတွေဖြစ်ဖို့’ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ မသေချာသေးတဲ့ ဖြစ်ထွန်းစ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အသုံးချတယ်လို့လည်း ရေးသားထားပါတယ်။

ရိုက်တာသတင်းဌာနကတော့ အဲဒီ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးဆိုသူကို ဆက်သွယ်လို့ မရဘူးလို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်ကပုံဖြင့် ၀ါဒဖြန့်မှုပုံတွေကို မှန်၊ မမှန် အတည်ပြုရာမှာ သတင်းသမားတွေ အသုံးပြုလေ့ရှိတဲ့ Google Reverse Image Search နဲ့ TinEye တို့ကို အသုံးပြုပြီး ဓာတ်ပုံတွေကို ဖော်ထုတ်ထားခြင်း ဖြစ်တယ်လို့လည်း ရိုက်တာက ဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။

“မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် (အပိုင်း ၁)” စာအုပ်မှာ အသုံးပြုထားတဲ့ ဓာတ်ပုံ စုစုပေါင်း ပုံ ၈၀ မှာ အများစုက ကာကွယ်ရေးဦးစီးချုပ် နိုင်ငံခြားက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှု၊ ရခိုင်ပြည်နယ်က ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုပုံတွေဖြစ်ပြီး၊ Arakan Rohingya Salvation Army လို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က လွှင့်တင်ထားတဲ့ ဗီဒီယိုက screenshoot ပုံတွေ တော်တော်များများလည်း ပါဝင်ပါတယ်။

သမိုင်းဆိုင်ရာ ဓာတ်ပုံ ၈ ပုံမှာ ၃ ပုံက လိမ်လည်ထည့်သွင်းထားတာဖြစ်ပြီး ၅ ပုံရဲ့နောက်ကြောင်းကို လိုက်လို့မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...