Wednesday, June 3, 2020

ဂျော့ခ်ျဖလွိုက်ထက်ဆိုးတယ်

,
ကိုပါကြီးအဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ဆိုးတယ်။ သတ်တဲ့သူ လက်သည်တောင်မပေါ်ဘူး။

ဦးကိုနီအဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ဆိုးတယ်။ ကြည်လင်းကို သမ္မတဦးဝင်းမြင့်က သေဒဏ်ကင်းလွတ်ခွင့်ပေးလိုက်ပြီ။ အောင်ဝင်းခိုင်ကို လိုက်မရှာရဲဘူး။ ဇေယျာဖြိုးကို ထိထိရောက်ရောက် အရေးမယူရဲဘူး။ အမှုစစ်တဲ့ တရားသူကြီးက ကြောက်နေတယ်။ နောက်ကွယ်က စစ်ဗိုလ်ချုပ်တွေ လက်ချက်ဆိုတာ တနိုင်ငံလုံးသိပေမယ့် အခုအားလုံးပြီးသွားပြီ။ အားလုံးမေ့လိုက်ကြပြီ။

ဗစ်တိုးရီးယားအဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ဆိုးတယ်။ တရားစွဲခွင့်တောင် မရဘူး။

ဇော်ဝင်းလှိုင်အဖြစ်က ဂျော့ခ်ျ ဖလွိုက်အဖြစ်ထက်ဆိုးတယ်။ အမေရေ ကျနော့်ကို ရေမတိုက်နဲ့တော့ ကျနော်သေတော့မယ်။ ကလီစာတွေကြေမွနေပြီတဲ့။ စစ်တပ်ကစစ်ဆေးဖို့ ခေါ်သွားတဲ့ မြောက်ဦးက လက်သမားဆရာ၊ ဘယ်တော့မှ အိမ်ပြန်မလာတော့ဘူး။

လက်ပံတောင်းက ဒေါ်ခင်ဝင်းအဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ပိုဆိုးတယ်။ ဆေးလိပ်တိုလေးတောင် ပြီးအောင် မဖွာလိုက်ရဘူး။

ကေအန်ပီပီက ကင်းစောင့်ရဲဘော်လေးတွေ အဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ပိုဆိုးတယ်၊ စစ်တပ်က သေနတ်နဲ့ချိန်ဖမ်းခေါ်သွားပြီး ပြန်ပို့တော့ ပုလင်းထဲထည့်ပို့လိုက်တယ်။

ကောင်းခါးက ဆရာမလေး ၂ ယောက်အဖြစ်က ဂျော့ခ်ျဖလွိုက်ထက် ပိုဆိုးတယ်။ သွားကိုက် ဒဏ်ရာနဲ့ လားရှိုးဆေးရုံကို ရောက်လာတယ်ဆိုတဲ့ စစ်ဗိုလ်ကြီး အခုအနှိပ်ခန်းရောက်နေသလား၊ လွှတ်တော်ထဲရောက်နေသလား ဘယ်သူမှ မသိကြတော့ဘူး။

ဆွန်လွတ်ရွယ်ဂျာအဖြစ်က ဂျော့ခ်ျဖလွိုက်ထက်ပိုဆိုးတယ်။ စစ်သားတွေက ပြောင်းဖူးတောင်းရွက်ပို့ဖို့ ခေါ်သွားပြီး ပြောင်းဖူးနဲ့ အတူဖုတ်စားလိုက်သလားမသိဘူး။ မီးခိုးငွေ့တောင် မတွေ့ရတော့ဘူး။

ဒို့ဆီမှာက ကောက်ရိုးမီးလို ဟုန်းကနဲတော့တောက်တယ်။ တချက်ပဲ။

ကောက်ရိုးကုန်သွားရင်တော့ အစပြန်ဖော်တဲ့သူကိုတောင် ဟောက်လိုက်သေးတယ်။ ဘာလဲကွ။ မင်းက ရင်ကြားစေ့ရေးကို ဖျက်ချင်တာလား။ ဘာလဲကွ။ မင်းက တပ်မတော်က အာဏာပြန်သိမ်းစေချင်တာလား။ ဘာလဲကွ။ မင်းက ကိုယ့်နိုင်ငံကို အိုင်စီစီက တရားစွဲအောင် လုပ်နေတာလား။

ရင်ကြားမစေ့လိုက်ရမှာစိုးလို့တဲ့။ ကိုယ့်ဗိုက်ကို ဓားနဲ့ထိုးတာတောင် အားလို့မအော်ရဲ မချိသွားဖြဲပြုံးပြပြီး ကိုယ့်ကိုထိုးတဲ့ဓား ဘုရားစင်ပေါ်တင်ထားပြီး ပူဇော်နေရတဲ့ ဘဝ။ အေး ဗမာပြည်ကဘဝတွေအားလုံး ဂျော့ခ်ျဖလွိုက်ထက် လူဖြစ်ရှုံးတယ်။

https://www.facebook.com/100002953801365/posts/2804992999609133/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဂျော့ခ်ျဖလွိုက်ထက်ဆိုးတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...