Tuesday, February 13, 2018

စစ်လေယာဉ်နှင့် ဗုံးကြဲပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်၍ မရနိုင်ပါ

,
12 February 2018


ပကတိ အခြေအနေအရ ယနေ့ မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ၊ ပြည်တွင်းစစ်အဆုံးသတ်ရေး သည် မရှိမဖြစ် အကြီးအကျယ်လိုအပ်နေပေသည် ။ တချိန်ထဲတွင် တိုင်းပြည်၌ စစ်အသုံးစားရိတ်များ အဆမတန်များနေခြင်းကြောင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး ကျန်းမာရေး စီးပွားရေးအခြေခံ လိုအပ်ချက်များမှာ တိုင်းပြည် ပြည်သူ့ ဘဏ္ဍာငွေကို တင်းပြည့် ကျပ်ပြည့် အသုံးမပြုနိုင်ပဲ ပလိုင်းပေါက်နှင့် ဖားကောက်ရင်း တိုင်းပြည်သည် စစ်မိုင်းနင်းမိထားသလို နိုင်ငံရေး ဒုက္ခိတနီးပါး ဖြစ်ကာ ပြဿနာ မျိုးစုံကြား၌ ရှေ့ အနာဂတ်ခရီး အား သေသေချာချာ မလျှောက်လှမ်းနိုင်ဖြစ်နေရပေသည် ။


သို့ ဖြစ်သောကြောင့် လတ်တလော ပူပူနွေးနွေးဖြစ်ပျက်လျက် သင်ခန်းစာယူစရာများရနိုင်သော ကနေဒါအစိုးရမှ စစ်လေယာဉ်များ ၀ယ်ယူမှုနှင့် မြန်မာတပ်မတော်မှ စစ်လေယာဉ်များဝယ်ယူမှုကို နှိုင်းယှဉ်တင်ပြချင်ပါသည် ။

သေချာသည်မှာ ကမ္ဘာမြေတွင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တပ်မတော်သည် စစ်လေယာဉ်နှင့် ဗုံးကြဲပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ပါ ။


**************************************************************

ယနေ့ ကမ္ဘာသည် ပထ၀ီနိုင်ငံရေးအရ တနိုင်ငံနှင့်တနိုင်ငံသည် နယ်နမိတ်ခြင်း ထိစပ်သည်ဖြစ်စေ မထိစပ်သည်ဖြစ်စေ နိုင်ငံရေး စစ်ရေး စီးပွားရေးအခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ခေတ်နှင့် လိုက်လျောညီထွေစွာ အပြောင်းအလဲပေါ်မူတည်လျက် အင်အားကြီးနိုင်ငံများနှင့် မလွဲမသွေ ဆက်ဆံနေရပေသည် ။

ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများ၏ အစိုးရသည် တိုင်းပြည်နှင့်လူထုအကျိုးစီးပွားအတွက် စီးပွားရေး ၊ စစ်ရေး ၊ နိုင်ငံရေး ၊ နိုင်ငံတကာဆက်ဆံရေး ၊ကူးသန်းရောင်းဝယ်ရေး စသော ကိစ္စအရပ်ရပ် ကို ပွင့်လင်းမြင်သာစွာ တိုင်းပြည်နှင့်လူထုကို ချပြကာ ပါလီမန် လွှတ်တော်အတွင်း ၌ လက်ရှိအစိုးရနှင့် အတိုက်အခံပါတီ လွှတ်တော်အမတ်များသည် အဖက်ဖက်မှ ကောင်းကျိုး ဆိုးကျိုးများအား သုံးသပ်ဝေဖန် ဆွေးနွေးကြပေသည် ။

ဒီမိုကရေစီထွန်းကားသော နိုင်ငံများထဲတွင် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ( ၁၅၀ ) ကြာပြီဖြစ်သော ကနေဒါနိုင်ငံ၏ အမေရိကန် နိုင်ငံမှ စစ်လေယာဉ် ၀ယ်ယူမှုသည် စိတ်ဝင်စားဖွယ်ကောင်းလှသော ဒီမိုကရေစီကျင့်စဉ်အား မီးမောင်းထိုးပြနေပေသည် ။

ကနေဒါနိုင်ငံ၏ စစ်တပ်တွင် လက်ရှိ အသုံးပြုနေသော သက်တမ်းရင့် အိုမင်းစပြုနေသော CF 18 စစ်တိုက်လေယာဉ်များနေရာ၌ အစားထိုးမည့် စစ် တိုက်လေယာဉ် အသစ်များအမှန်တကယ် လိုအပ်နေပေသည် ။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် အတိုက်အခံ လွှတ်တော် အမတ်များ သည် ပါလီမန်၌ အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးမှုကြောင့် သတင်းစာ ၊ရေဒီယို ၊ TV ရုပ်မြင်သံကြားဖန်သားပြင်သာမက ဖေ့ဘုတ်လို လူမှုကွန်ယက်စာမျက်နှာပါမကျန် တောမီးပမာ စစ် တိုက်လေယာဉ် များ ၀ယ်ယူမည့် သတင်းများ ပျံ့ နှံ့ နေခဲ့သည်မှာ ကာလအတန်ကြာရှိခဲ့ပေပြီ ။

တိတိကျကျ ဆိုရလျှင် ကွန်ဆာဗေးတစ်ပါတီမှ ကနေဒါနိုင်ငံ၏ အစိုးရ တာဝန်ယူခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ကနေဒါလေတပ်အတွက် အမေရိကန် နိုင်ငံ၏ ဘိုးအင်း ကုမ္မဏီ ( Boeing ) မှ F-35s စစ်တိုက် လေယာဉ်များ ၀ယ်ယူမည့် အကြောင်း ဆုံးဖြတ်ချက်ချခဲ့ပေသည် ။ သို့ သော် ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်သော ကနေဒါ အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်ကို အစိုးရနှင့် အတိုက်အခံလွှတ်တော်အမတ်များ အပြန်အလှန်ဆွေးနွေးကာ နောက်ဆုံးတွင် အစိုးရ၏ လုပ်ငန်းစစ်ဆေးရေးမှ စစ်လေယာဉ်များဝယ်ယူမည့် ကိစ္စရပ်အား စုံစမ်းစစ်ဆေးခဲ့ပေသည် ။ အဆိုပါ အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ ရှုထောင့်ပေါင်းစုံမှ တင်ပြချက်များပေါ်မူတည်ကာ  နောက်ဆုံး၌ F-35s စစ်တိုက် လေယာဉ်များ၏ ပထမသတ်မှတ်ထားသည့် တန်ဖိုးဖြစ်သော ၁၅ ဘီလီယံဒေါ်လာ အစား အမှန်တကယ်ကုန်ကျငွေမှာ ၁၉ ဘီလီယံဒေါ်လာဖြစ်ခြင်းကြောင့် ၂၀၁၂ ခုနှစ် ၌ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်သော ကနေဒါ အစိုးရလက်ထက်တွင်ပင် စစ်တိုက် လေယာဉ် ၀ယ်ယူမှုအား ခေတ္တခဏ ရပ်ဆိုင်းခဲ့ပေသည် ။

ကနေဒါနိုင်ငံသည် ချမ်းသာကြွယ်ဝကာ စက်မှုတိုးတက်ထွန်းကားသောနိုင်ငံဖြစ်ပြီး G20 နိုင်ငံဖြစ်ယုံမက North Atlantic Treaty Organization ( NATO )နေတိုးအဖွဲ့ ဝင်နိုင်ငံဖြစ်ပေသည် ။ သို့ သော် စစ်အသုံးစားရိတ်ကို တိုင်းပြည် Gross domestic product (GDP) ၏ ၁ရာခိုင်နှုန်းနီးပါးသာ သုံးစွဲပေသည် ။

 ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ်စစ်တမ်းအရ ကနေဒါနိုင်ငံတွင် လူဦးရေ ၃၆.၃၂ သန်းရှိကာ ကနေဒါ စစ်တပ်၌ အမြဲတမ်းတပ်ဖွဲ့ ဝင် ၆၄၀၀၀ ရှိပြီး အရန်တပ်ဖွဲ့ ဝင်ပေါင်း ၂၄၀၀၀ရှိပါသည် ။ ၂၀၁၇ စစ်တမ်းအရ လူဦးရေ ၃၂၃.၁သန်းရှိသော အမေရိကန်နိုင်ငံ၌ အမေရိကန်စစ်တပ်တွင် အမြဲတမ်းတပ်ဖွဲ့ ဝင် ၁၂.၈၁၉ သန်းရှိပြီး

အရန်တပ်ဖွဲ့ ဝင်ပေါင်း ၈.၀၁၂ သိန်းရှိပါသည် ။အမေရိကန် နှင့် ကနေဒါကို နှိုင်းယှဉ်လျှင် လူဦးရေ သာမက စစ်တပ်အင်အား တွင်လည်း အဆမတန် ကွာဟနေပေသည် ။

တခြားစစ်ရေး စီးပွားရေး များကို စစ်တုရင်လို အကွက်ရွေ့ ပြောင်းကာ ကစားနိုင်သော်လည်း အိမ်နီးချင်းနိုင်ငံကိုဖြင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိနိုင်ငံအနီးမှ ရွေ့ ပြောင်း၍မရပါ ။ ထိုအခါ တိုင်းပြည်၏ နိုင်ငံခြားရေး ၊ စီးပွားရေး မူဝါဒများချမှတ်ကာ မည်သည့်နိုင်ငံကို မဟာမိတ်ပြုရမည်ကို စနစ်တကျ ဆွေးနွေးအဖြေရှာထားရမည်မှာ အစိုးရ အပါအ၀င် ပါတီမူဝါဒများ၌ ရှင်းလင်းပြတ်သားဖို့ လိုအပ်ပေသည် ။ထို့ ကြောင့် ကနေဒါနိုင်ငံ၏ ပါတီတိုင်း သာမက ဖယ်ဒရယ် အစိုးရ  ပြည်နယ်အစိုးရများသည် အမေရိကန်အစိုးရနှင့် သဟဇာတဖြစ်သော စီးပွားရေး နိုင်ငံရေးမူဝါဒများ ဆုပ်ကိုင်ထားပေသည် ။

ကနေဒါနိုင်ငံသည် ၂၀၁၅ ရွေးကောက်ပွဲမှ လစ်ဘရယ်ပါတီဦးဆောင်သော အစိုးရတက်လာသော်လည်း အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေးမှာ မူလက ကဲ့သို့ ပြောင်းလဲ မသွားခဲ့ပေ။ထို့ ကြောင့် ကနေဒါ အစိုရအနေဖြင့် နဂိုမူလ ရည်မှန်းချက်ဖြစ်သော အမေရိကန် နိုင်ငံ၏ ဘိုးအင်း ကုမ္မဏီ ( Boeing ) မှ F-35s စစ်တိုက် လေယာဉ်များ ၀ယ်ယူမည့် အကြောင်းကိစ္စရပ်အား အစိုးရ လွှတ်တော် ပါလီမန်တွင်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည် ။ သို့ သော် အမေရိကန်နိုင်ငံတွင် သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်သော အစိုးရတက်လာသည့်အခါ  ကနေဒါ ၊ မက္ကစီကို နိုင်ငံများနှင့် ၁၉၉၄ ခုနှစ် ဇန်န၀ါရီလ  ( ၁ )ရက် နေ့ တွင် ချုပ်ဆိုခဲ့သော မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်ကို ပြန်လည်ချုပ်ဆိုရန် အမေရိကန် ၊ကနေဒါ ၊ မက္ကစီကို ( Mexico ) ( ၃ )နိုင်ငံကြားအခြေအတင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည် ။

သို့ သော် ကနေဒါနိုင်ငံတွင် လုပ်ကိုင် တည်ထောင်ထားသည့် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီဖြစ်သော Bombardier နှင့် အမေရိကန်နိုင်ငံကြား ကုန်သွယ်မှု အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပေသည် ။ ထိုအခါ ကနေဒါပါလီမန် အစိုးရ လွှတ်တော်တွင်း၌ အစိုးရ ၊ အတိုက်အခံအမတ်များ အနေဖြင့် အမေရိကန်၏ ဘိုးအင်း ကုမ္မဏီ ( Boeing ) မှ F-35s စစ် တိုက်လေယာဉ်များဝယ်ယူရေးကိစ္စရပ်အား အကြေအလည် ဆွေးနွေးမှုများ ပြန်လည် အသက်ဝင်ခဲ့ရပေသည် ။

အကယ်၍သာ F-35s များကို ၀ယ်ယူဖြစ်ခဲ့သော် ကုန်ကျငွေသည် သန်း၁၉ ဘီလီယံ ကုန်ကျယုံမက လေယာဉ်များကို ၂၀၂၅ခုနှစ်ရောက်မှသာ Boeing ကုမ္ပဏီမှ ကနေဒါသို့ တင်သွင်းနိုင်မည်ဖြစ်ပေသည် ။ နောက်ဆုံး၌ ကနေဒါအစိုးရသည် ၄င်းတို့ ၏ မူလစီမံကိန်းဖြစ်သော ဘိုးအင်း ကုမ္မဏီ ( Boeing ) မှ F-35s ၀ယ်ယူမှုကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် အပြီးတိုင် ရပ်ဆိုင်းခဲ့ပေသည် ။

ထို့ နောက်တွင် ကနေဒါကာကွယ်ရေးဝန်ကြီး Harjit Sajjanမှ သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားရာ၌ မြောက်အမေရိက လေတပ်ကာကွယ်ရေး North American Aerospace Defence Command (NORAD) နှင့် နေတိုး the North Atlantic Treaty Organization (NATO)အဖွဲ့ တို့ ၏ သတ်မှတ်ထားသော စံချိန်အဆင့်အတန်းနှင့် အဆင့်မမှီသောကြောင့်သာ ကနေဒါ စစ်တပ်အနေဖြင့် အခုလို စစ် တိုက်လေယာဉ်များ ၀ယ်ယူသည့်စီမံကိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တိုင်းပြည်နှင့်လူထုကို အသိပေးခဲ့ပေသည် ။ အဆိုပါ စစ်တိုက်လေယာဉ်များနှင့် ပတ်သက်ပြီး ကုန်ကျစရိတ်သက်သာမည့် သြစတြေးလျမှ တပတ်ရစ်လေယာဉ်များအား ကနေဒါလေတပ်အတွက် ၀ယ်ယူမည့်သတင်းများထွက်ပေါ်နေကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး Harjit Sajjan အား သတင်းထောက်များမှ မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးကဖြေကြားရာ၌ တပတ်ရစ် အဟောင်း စစ် တိုက်လေယာဉ်တွေတော့ ကနေဒါလေတပ်အတွက် မသုံးချင်ဘူးဟု ပြောဆို ဖြေကြားခဲ့ပေသည် ။

 သို့ သော် ဒီမိုကရေစီစနစ်၏ ကျင့်စဉ်ဖြစ်သော ပါလီမန် လွှတ်တော်တွင်း အစိုးရ အတိုက်အခံအပါအ၀င်  ရွေးကောက်ပွဲမှ တက်လာသော လွှတ်တော်အမတ်အများစု၏ ဆုံးဖြတ်ချက် ဖြစ်သော အများဆန္ဒအရ နောက်ဆုံးတွင်  သန်း ၁၉ဘီလီယံ ကုန်ကျမည့် ( Boeing )မှ  F-35s စစ်တိုက် လေယာဉ် ( ၁၈ )စင်း ၀ယ်ယူမည့် အစိအစဉ်အစား သြစတြေးလျအစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော ဒေါ်လာ ၃၈၈သန်းသာကုန်ကျမည့် သြစတြေးလျ လေတပ်တွင် တနှစ်အသုံးပြုခဲ့ပြီးဖြစ်သည့် F-18 စစ်တိုက်လေယာဉ် အစင်း ( ၃၀ ) ကို ၀ယ်ယူမည် ဖြစ်ပေသည် ။ ကနေဒါ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ကနေဒါလေတပ်အနေဖြင့် သြစတြေးလျမှ ရောက်ရှိလာမည့် F-18 စစ်တိုက်လေယာဉ် များသည် ( Boeing ) F-35s စစ်တိုက် လေယာဉ် များနှင့် နှိုင်းယှဉ်ပါက အကုန်အကျသက်သာသည့်အပြင် ( ၂ )နှစ်စောပြီး ကနေဒါလေတပ်မှ အသုံးပြုနိုင်မည် ဖြစ်ပေသည် ။

အနှစ်ချုပ်ဆိုရသော် ကနေဒါအစိုးရ၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ရှိနေခြင်းသည် ဒီမိုကရေစီစနစ်တွင် ပြည်သူ့ ဆန္ဒဖြင့်ေ၇ွးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ပေးလိုက်သော လွှတ်တော်အမတ်များသည် တိုင်းပြည်နှင့် လူထု အကျိုးရှိမည့် မည်သည့် ကိစ္စရပ်များမဆို ပြည့်ပြည့်၀၀ ပြောဆို ဆွေးနွေးလုပ်ကိုင်ခွင့် ရှိကြောင်းတွေ့ ရှိရပေသည် ။

မြန်မာပြည်တွင်မူ လွှတ်တော်တွင်း ကျယ်ကျယ်လောင်လောင်ဆွေးနွေးမှု ရှိခဲ့သည်လား မရှိခဲ့သည်လား မသေချာသည့် အပြင် အများပြည်သူ လူထု မသိရှိပဲ မြန်မာနိုင်ငံကို ရုရှားနိုင်ငံကYakovlev Yak 130 အပေါ့စားဂျက်တိုက်လေယာဉ် ၆ စင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပထမ အသုတ်ပေးပို့ ခဲ့ပေသည် ။ Yakovlev Yak 130 အမျိုးအစား တိုက်လေယာဉ် နောက်ထပ် ၆ စင်း ထပ်မံတင်ပို့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေပေသည် ။

ရုရှားလုပ် အဆိုပါ Yak-130 နှစ်ယောက်စီး တိုက်လေယာဉ်များသည်  မြန်မာလေတပ်အတွက် မြေပြင်တပ်ဖွဲ့များကို အထောက်အကူပေးရေးနှင့်သောင်းကျန်းသူချေမှုန်းရေးတွေမှာ ပိုမိုပါဝင်လာနိုင်တယ်လို့လည်း ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်က ဖေါ်ပြထားပါသည် ။

အဆိုပါသတင်းအချက်အလက်အရ မြန်မာပြည်မှ ၀ယ်ယူသည့် ရုရှားစစ်လေယာဉ်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်ခြေမှုန်းဖို့ ဝယ်သည် ဆိုထားလျက် ထိုအဆိုကို လွှတ်တော်တွင်း ဆွေးနွေးအတည်ပြုခဲ့သလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည် ။  အဘယ်ကြောင့်ဆိုသော် စစ် တိုက်လေယာဉ်များဝယ်ယူမည့် ကုန်ကျငွေများသည့် ပြည်သူ့ ဘဏ္ဍာ ပြည်သူ့ အခွန်များ ဖြစ်နေသောကြောင့် ဖြစ်ပေသည် ။

မြန်မာပြည်တွင် ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် တပ်မတော်သည် အစိုးရလက်အောက်၌ မရှိခြင်းသည် အစိုးရ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့်စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး အတွက်၂၁ရာစု ပင်လုံ ညီလာခံ ၏စားပွဲဝိုင်းမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည့် နည်းကို ခြိမ်းခြောက်သလို ဖြစ်နေပြီလား ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည် ။

ဆိုလိုသည်မှာ ယခုလို ပြည်ထောင်စုနေ့ အခါသမယ၌ ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  တည်ဆောက်ရာ၌ တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲကာ တည်ဆောက်၍ ရမည်မဟုတ်ကြောင်း ဒုက္ခသည် တိုင်းရင်းသား ပြည်သူလူထုကို စာနာထောက်ထားကာ ရိုးရိုးသားသား အသိပေးအပ်ပါသည် ။

အချုပ်ဆိုရသော် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရာ၌ တိုင်းရင်းသားများ၏ သံသယများ ပျောက်ကာ ယုံကြည်မှုကို ရယူရန် သွေးထွက်သံယိုမှုအနည်းဆုံးနည်းလမ်းဖြင့်တည်ဆောက်ရန် မဖြစ် မနေ လိုအပ်ပေသည် ။ ထို့ ပြင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများရှိ တပ်မတော်များသည် အတွေးအခေါ် မူဝါဒ လုပ်ရပ်များသည် အစိုးရနှင့် တသားတည်းကျကာ တိုင်းပြည်နှင့်လူထု အကျိုးစီးပွားကို ဦးတည်နေကြောင်း တင်ပြလိုက်ရပါသည် ။

အောင်ခိုင်မြင့်

၁၂ ဖေဖော်ဝါရီလ ၂၀၁၈

https://m.facebook.com/story.php?story_fbid=1842385402460723&id=100000678444527

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ စစ်လေယာဉ်နှင့် ဗုံးကြဲပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်၍ မရနိုင်ပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...