Thursday, September 20, 2018

"အစိုးရကလွဲပြီး အားလုံးစိတ်ပူနေတဲ့ မြန်မာ့စီးပွားရေး"

,
စက်တင်ဘာလ (၁၂)ရက်နေ့ က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသဆိုင်ရာ (၂၇)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သာမန်အဆင့်ကျော် တိုးတက်မှုမဟုတ်ဘဲ ကြီးမားလှတဲ့ အဆင့် ၇ တိုးတက်မှုဖြစ်နေကြောင်း ဆဲလ်ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာ တစ်ဒေါ်လာကျော်ကျော်သာ ဈေး ရှိတော့ကြောင်းနှင့် အင်တာနက် သုံးစွဲမှုဟာ ၁ဝ၅ ရာခိုင်နှုန်း တိုးတက်နေတဲ့အတွက် (၅)နှစ်အတွင်း မှာ အလွန်ကြီးမားတဲ့ အဆင့်ခုန် တိုးတက်မှုဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီလိုပြောပြီး (၂)ရက်အကြာ မှာတော့ မြန်မာကျပ်ငွေနှင့် အမေ ရိကန် ၁ ဒေါ်လာ လဲလှယ်နှုန်းဟာ ၁၅၇ဝ ကျပ်အထိ စံချိန်တင်မြင့် တက်ခဲ့ပါတယ်။ ဒေါ်လာဈေးမြင့် တက်မှုရဲ့ အကျိုးဆက်တွေကတော့ Import ကို မှီခိုနေရတဲ့ တိုင်းပြည် တစ်ခုအတွက် အထူးပြောစရာမလိုတော့ပါဘူး။ နေ့စဉ် မရှိမဖြစ် တန်ချိန် ထောင်ချီပြီး တင်သွင်းနေရတဲ့ စက်သုံးဆီနဲ့ စားအုန်းဆီ ဈေးနှုန်း တွေဟာ အလိုလို မိုးပေါ်ထောင် တက်သွားပါတယ်။ မော်တော်ကား တွေအတွက် နေ့စဉ်သုံးစွဲရတဲ့ ဒီဇယ်ဆီနဲ့ ဓာတ်ဆီဈေးနှုန်းဟာ  ၂ နှစ်အတွင်း နှစ်ဆခုန်တက်သွားပါတယ်။ ဆီဈေးကြီးတဲ့အတွက် မော်တော်ကားနဲ့ သယ်ယူပို့ ဆောင်ရေးကို အဓိကထားနေရတဲ့ မြန်မာနိုင်ငံရဲ့ ကုန်စည်ပို့ဆောင်ရေးမှာလည်း ထိခိုက်မှုတွေ ရှိလာပါတယ်။ ယခင်က မြန်မာနိုင်ငံရဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေး နဲ့ မီးရထားလမ်းကနေ ကုန်စည် ပို့ဆောင်ရေးဟာ အလွန်အကုန်အကျ သက်သာပေမယ့် ဒီကုန်သွယ်လမ်းကြောင်းတွေကို ပိုမိုတိုး တက်မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါဘူး။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိန်းရေးကို အလေးမထားခဲ့တဲ့အတွက် မြန်မာ နိုင်ငံအတွင်းမှာ မြစ်ကြီးလေးသွယ် ရှိပေမယ့် အခုဆိုရင် နှုံးပို့ချချက် အလွန်များပြားလာလို့ နွေရာသီနှင့် ဆောင်းရာသီမှာ ကုန်သင်္ဘောတွေ သွားလာခုတ်မောင်းလို့ မရတော့ပါဘူး။ ထို့နည်းတူ မီးရထားလမ်း က ပို့ဆောင်ရတဲ့ ကုန်စည်အမာ တွေဟာလည်း ဖြတ်သန်းရတဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့် များပြားလွန်းလို့ အချိန်အလွန်ကုန်နေပါတယ်။ ဒါ့ကြောင့် ငွေကြေးအကုန် အကျများပေမယ့် အချိန်မြန်ဆန် တဲ့ ကုန်ကားကြီးတွေကိုပဲ အားကိုးပြီး ကုန်စည်တင်ပို့တဲ့ အလုပ်ကို လုပ်နေကြရပါတယ်။ အခုတော့ ဒီဇယ်၊ ဓာတ်ဆီ ဈေးတက်လို့ စားသုံးကုန်စည်တွေ ဈေးတက်မယ်ဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။

မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတပစ္စည်းတွေကို တိုက်ရိုက် ရောင်းချတဲ့စနစ်နဲ့ နိုင်ငံခြားငွေ ရှာတဲ့ နိုင်ငံအမျိုးအစားမှာပါပါတယ်။ ကုန်ကြမ်းပစ္စည်းတွေကို ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်မှုမှာ အင်မတန်အားနည်းပါတယ်။ ဒီအဆင့်မှာ အလယ်အလတ်လုပ်ငန်းရှင်တွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်နဲ့ ဘဏ်တွေက အကူအညီ ပေးတာမျိုးလည်း အင်မတန်နည်း ပါးပါတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာပေါ်မှာ တိုးရစ်အများဆုံး လာရောက်လည်ပတ်တဲ့ ထိုင်းနိုင်ငံက မြန်မာပြည်မှာ အင်မတန်ပေါတဲ့ ဝက်မြေစာဥလိုမျိုး၊ ပေါက်ပန်း ဖြူပွင့်လိုမျိုး၊ မန်ကျည်းသီးလိုမျိုး အစားအစာတွေကို ပြုပြင်ပြောင်းလဲ ပြီး ထုတ်လုပ် ရောင်းချနိုင်တဲ့အတွက် အခုဆိုရင်ထိုင်းလယ်သမားတွေဟာ မြန်မာနိုင်ငံက မျိုးစေ့တွေကို မှာယူပြီး သူတို့နိုင်ငံမှာ စိုက်ခင်းအကြီးကြီးတွေ ဖန်တီးကာ စိုက်ပျိုးထုတ်လုပ်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ သစ်လုံးတွေနဲ့ သစ်တောထွက် ပစ္စည်းတွေ တင်ပို့ခြင်းကို ထိန်းသိမ်းကန့်သတ်ထားလို့ မြန်မာနိုင်ငံ အတွက် အဓိက နိုင်ငံခြားငွေ ရှာ ဖွေပေးနိုင်တာက တွင်းထွက်သယံဇာတဖြစ်တဲ့ သဘာဝဓာတ်ငွေ့နဲ့ စိုက် ပျိုးသီးနှံဖြစ်တဲ့ ဆန်စပါးနှင့် ပဲ အမျိုးမျိုးတွေကသာ ရရှိနေပါတယ်။ အခြားကဏ္ဍမှာ လောက်လောက် လားလား ဝင်ငွေရရှိတဲ့နေရာတွေ ကတော့ အထည်ချုပ်လုပ်ငန်းနှင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြရရင် ဘယ်ကဏ္ဍကမှ တိုးတက်နေတာမရှိပါဘူး။ ဒေါ်လာဘီလျံနဲ့ချီပြီး ရှာဖွေပေးနေတဲ့ သဘာဝဓာတ်ငွေ့ဟာ ၂ဝ၂ဝ ခုနှစ်ကျော်ရင် ဓာတ်ငွေ့သိုက်တွေ ကုန်ခမ်းသွားပြီဖြစ်ပါတယ်။ မနှစ်က စံချိန်တင် Export လုပ်ခဲ့တဲ့  ဆန်စပါးဟာလည်း ရာသီဥတုဘေးဒဏ်ကြောင့် ထွက်နှုန်းကျသွားပြီး ပြည်ပတင်ပို့မှုလည်း လျော့ကျသွား နိုင်ပါတယ်။ ဒီကြားထဲမှာ ပုံမှန်ရောင်းနေရတဲ့ ပဲအမျိုးမျိုးကို အိန္ဒိယက ကန့်သတ်ချုပ်ခြယ်လာတဲ့အတွက် ပဲတောင်သူတွေလည်း ဝင်ငွေကျဆင်းလျက်ရှိပါတယ်။ မီး ခိုးတိတ်စက်ရုံတွေလို့ပြောရမယ့် ခရီးသွားလာရေးလုပ်ငန်းဟာ ၂ဝ၁၈ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အကျပ်အတည်းတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။

နိုင်ငံရေးအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခ တွေကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံကို ဖိအားပေးပြီး စီးပွားရေးကို နည်းအမျိုးမျိုးနဲ့ ပိတ်ဆို့လာပါတယ်။ ဒီပိတ်ဆို့မှုတွေထဲ မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ချင်တဲ့ တိုးရစ်တွေ စိတ်ပျက်သွားအောင် သတင်းမှားတွေ ထုတ်လွှင့်ပြီး ကမ္ဘာကျော် ထိပ်တန်း ခရီးသွားလမ်းညွှန် Travel Fish က မြန်မာနိုင်ငံရဲ့ အချက်အလက်တွေ ရှာဖွေဖို့ သပိတ်မှောက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဗြိတိန်မီဒီယာ ကြီးတစ်ခုဖြစ်တဲ့ “The Economic Group” က ရန်ကုန်မြို့ဟာ ကမ္ဘာကျော်မြို့ကြီး ၆ဝ အနက် ဘေးကင်းလုံခြုံမှုမရှိဆုံးအဆင့် ၅၉ မှာ ရှိတယ်လို့ ထုတ်ပြန်ကြေငြာခဲ့တဲ့ အတွက် ဒီဆောင်းရာသီမှာ ပုဂံအပါအဝင် တိုးရစ်တွေလာရောက်လေ့ ရှိတဲ့ ခရီးသွားဇုံတွေမှာခြောက် သွေ့တိတ်ဆိတ်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံတွေဟာ အရင်က လုပ်ခလစာ ချိုသာပြီး လူ့ စွမ်းအားအရင်းအမြစ်တွေ ပေါများလို့ နိုင်ငံတကာက မျက်စိကျခဲ့ပါတယ်။ အထူးသဖြင့် ထိုင်ဝမ်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက ရင်း နှီးမြှုပ်နှံနေတဲ့အတွက် Export ကဏ္ဍကနေ ၃ ဘီလျံနီးပါးရရှိနေတဲ့ စီးပွားရေးဖြစ်ပါတယ်။ ဒါပေမယ့် အထည်ချုပ်စက်ရုံအများစု အခြေစိုက်တဲ့ လှိုင်သာယာမှာ အလုပ်ရှင်နှင့် အလုပ်သမားကြား ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပေးရာမှာ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ချို့ယွင်း အားနည်းချက်တွေ၊ ပြုပြင်ဖို့လိုတဲ့ အလုပ်သမားဥပဒေတွေ၊ ညှိနှိုင်းဖို့ ရှိနေတဲ့ အနိမ့်ဆုံးလုပ်ခလစာတွေ၊ အချိန်ပိုလုပ်အားခတွေအပေါ်မှာ အမြဲတမ်း ပြဿနာရှိနေလို့ နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နစ်နာမှုတွေ ပေါ်ပေါက်လျက်ရှိပါတယ်။ အလုပ်သမားတွေ ဆန္ဒပြနေတဲ့အတွက် အထည်ချုပ်စက်ရုံက သတ်မှတ်ချိန်အတွင်း အထည်တွေကို တင်ပို့မပေးနိုင်ဘူးဆိုရင် အော်ဒါမှာတဲ့ ဖောက်သည်တွေက  ရှောင်လွှဲသွားကြပါတယ်။ အခုဆို ရင် အမေရိကန်နိုင်ငံနဲ့ အခြား ဥရောပနိုင်ငံတွေက အထည်အော်ဒါတွေကို ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားဘက်ကိုလှည့်ပြီး မှာယူနေပြီဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တိုးတက်နေတဲ့ စီးပွားရေးကဏ္ဍကတော့ Telecom ကဏ္ဍဖြစ်ပြီး ဒီ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ တစ်ဝက်က နိုင်ငံခြားကဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အင်တာနက်နဲ့ Facebook သုံးစွဲမှုတိုး တက်လာတာဟာ ကောင်းပေမယ့် နိုင်ငံခြားငွေ အမြောက်အများ လစဉ်ကုန်ကျနေတယ်ဆိုတာကို ငြင်းပယ်လို့မရပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ ကန်စွန်းရွက်ကအစ ကုန်ဈေးနှုန်းမြင့်တက်ပြီး ငွေဖောင်းပွနေတဲ့အတွက် အခြေခံပြည်သူလူထုကတော့ ယခင် နှစ်များစွာကထက် စီးပွားရေးကြပ် တည်းမှုကို ရင်ဆိုင်နေကြရပါတယ်။ အခုဆိုရင် ညဘက်မှာ လူဟောင်းလောင်းနဲ့ စားသောက် ဆိုင်တွေကို မြင်တွေ့နေရပါပြီ။ ဓာတ်ဆီဈေးကြီးလို့ တက္ကစီမမောင်းနိုင်တော့ဘဲ ကားပြန်အပ်လိုက်ရတဲ့ ဒရိုင်ဘာတွေ ရှိနေပါပြီ။ ဘဏ်ကြီးတွေက ကျပ်ငွေဘီလျံပေါင်းများစွာ ချေးယူပြီးတည်ဆောက်ရေးလုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ဘဏ်တိုးမပေးနိုင်လို့ အကြွေးသံသရာထဲ နစ်မြုပ်နေရပါပြီ။ ဒီလိုအခြေအနေမှာ အုပ်စိုးသူအစိုးရကလွဲပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ လူတန်းစားအလွှာအသီးသီးက ပြည်သူတွေဟာ မြန်မာ့စီးပွားရေး ကို စိတ်ပူနေကြောင်း ရေးသားတင် ပြလိုက်ပါတယ်။

ဇော်သက်ထွေး

Health Care Journal အတွဲ(၉)၊ အမှတ်(၃၆) မှ ကူးယူဖော်ပြပါသည်။


https://m.facebook.com/story.php?story_fbid=1940843059288401&id=666717426700977

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"အစိုးရကလွဲပြီး အားလုံးစိတ်ပူနေတဲ့ မြန်မာ့စီးပွားရေး"”

Post a Comment

Related Posts Plugin for WordPress, Blogger...