Monday, January 8, 2018

အာဇာနည်ဗိမာန် (သခင်ကိုယ်တော်မှိုင်း)

,
သြော် . . . . အဆောင်ဆောင် နန်းတွေ
ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့
အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်း သံသရာ
အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုချင်။   ။

သြော် . . . . တပည့်အရင်းတွေမို့ က၀ိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီး လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပါ့
ရန်မဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊
လူကြမ်း ဓါပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုပ်ကယ်က၊
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊
တထုံး နောက်တနဲမှတော့၊
မင်းရဲရ န္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်းဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊
သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊

သြော် . . . . ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက် အခါတူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့လို့၊
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့စိတ်ထင်။
မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်းရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်း ရာဇ၀င်ကိုတဲ့ ဆင်ချင်သကော။

နန်းမြို့တည်ရန်၊
မှန်းလို့ရန်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထိုလူခပဲကို မကြည့်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
သြော် . . . . အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပေါ့၊
သုဿန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည် ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖေါင်နန်းကူးဘို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညိုရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။

သခင်ကိုယ်တော်မှိုင်း ။   ။

Photo credit

ဗိုလ်မင်းရောင်

https://m.facebook.com/story.php?story_fbid=377161436062697&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အာဇာနည်ဗိမာန် (သခင်ကိုယ်တော်မှိုင်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...