Tuesday, January 30, 2018

ဦးကိုနီ လုပ်ကြံခံရမှုသည် ခေတ်သစ် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံ ခဲ့ခြင်းဖြစ် ၊ ခေတ်သစ် ဂဠုန်ဦးစော ပျောက်နေ ဟု ဦးရောဘတ် စန်းအောင် ပြောဆို

,
29.1.2018

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ ခံရမှုသည် ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်နှင့် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်း ဖြစ်ပြီး အဆိုပါ စိန်ခေါ်မှုကို အကောင် အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် ခေတ်သစ် ဂဠုန် ဦးစော ပျောက်နေသည် ဟု ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်း လမ်းထောင့်ရှိ Cafe In Town ၌ ပြုလုပ်သော ဦးကိုနီနှင့် အငှား ယာဉ်မောင်း ကိုနေ၀င်းတို့ ကွယ်လွန်ခြင်း (၁)နှစ်ပြည့် အခမ်းအနားတွင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောဆိုသည်။

''ဒီကိစ္စက သာမန် ပြဿနာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို လူပုံ အလယ်မှာ၊ နိုင်ငံတကာ မြင်ကွင်းမှာ စိန်ခေါ်လိုက်တဲ့ စိန်ခေါ်ချက်ပဲ ဖြစ်ပါတယ်။ ခေတ်သစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသလိုပဲ။ အဲဒီ စိန်ခေါ် မှုကို အကောင် အထည် ဖော်ဆောင်ရွက်တဲ့ နေရာမှာ ခေတ်သစ် ဂဠုန်ဦးစော ပျောက်နေ တယ်'' ဟု ဦးရောဘတ် စန်းအောင်က ပြောဆိုသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ် ခဲ့သည့် အမှုကို ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေးနေပြီး ထိုသို့ ခေတ်သစ် ဂဠုန် ဦးစော ပျောက်နေသည့် အတွက် မပြည့်စုံသည် အမှုအခင်း တစ်ခုကို လျှောက်လှမ်း နေရကာ လူသတ်မှု ကျူးလွန်ခဲ့ သူများသည် တရားလွှတ်တော် ရှေ့နေများ ကိုပင် အမျိုးမျိုး ခြိမ်းခြောက် နေသည်ဟု ၎င်းက ပြောဆိုသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ တို့ကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ ကြည်လင်းနှင့် အပေါင်းအပါ များကို ရုံးထုတ်သည့် အခါ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များသည် ဖုန်း အသုံးပြုနေခြင်း၊ အိပ်ငိုက် နေခြင်း စသည့် ပေါ့လျော့မှုများ ရှိနေသည့် အတွက် ၎င်းနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား မကြာခဏ စကားများ နေရပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များသည် တရားခံ မိသားစုဝင် များနှင့် လိုအပ်သည်ထက် ပိုမို ရင်းနှီးနေသည် ဟုလည်း ဦးရောဘတ် စန်းအောင်က ပြောဆိုသည်။

''ကျွန်တော်တို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ အမှုလိုက်ပါ ဆောင်ရွက်တဲ့ နေရာမှာ မကြာခဏ ဆိုသလိုပဲ ဖုန်းနဲ့ ခြိမ်းခြောက်တယ်။ လူချင်း ကပ်ပြီးတော့ မထိတထိ လုပ်တယ်။ ဆရာ ဦးနေလ ကို ဆိုရင် လုံခြုံရေး တာဝန်ကျတဲ့ ဒုရဲမှူးက မကျေမနပ်နဲ့ အမြဲတမ်း ဒေါသ မျက်လုံးနဲ့ ကြည့်တယ်။ ကျွန်တော့် ကိုလည်း ဒီအတိုင်းပဲ ကြည့်တယ်။ လုံခြုံရေး တာဝန်ယူတဲ့ ရဲက တားရမယ်။ မတားဘူးဗျ'' ဟု ၎င်းက ပြောဆိုသည်။ တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင် နေသည့် လုံခြုံရေး ၀န်ထမ်းများကို ပြောင်းလဲပေးရေး အတွက် တရားရေး ဌာနသို့ စာရေးသားပေးပို့ကာ တင်ပြ တောင်းဆို ထားကြောင်းလည်း သိရသည်။

လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန စသည့် ဌာနများသည် ပြည်ထဲရေး ၀န်ကြီး ဌာန လက်အောက်တွင် ရှိနေသောကြောင့် တရားဥပဒေ စိုးမိုးမှု အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရမည် ဖြစ်ပြီး ထိုသို့ ပြင်ဆင်နိုင်ရေး အတွက်
အဖွဲ့အစည်း အသီးသီးက လွှတ်တော် ပြင်ပမှ နေ၍ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

မင်းနိုင်စိုး(မိုးမိတ်)

#စံတော်ချိန်

https://m.facebook.com/story.php?story_fbid=754709768071590&id=276408029235102

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုနီ လုပ်ကြံခံရမှုသည် ခေတ်သစ် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံ ခဲ့ခြင်းဖြစ် ၊ ခေတ်သစ် ဂဠုန်ဦးစော ပျောက်နေ ဟု ဦးရောဘတ် စန်းအောင် ပြောဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...