Friday, January 12, 2018

“ သင်္ဘောတစ်စင်းကို နစ်မြုပ်စေသောအရာ ” (ထင်လင်းဦး)

,
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများအခန်း ပုဒ်မ ၁၆ မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည် လို့ ပြဌာန်းထားပါတယ် ။ ဒီပုဒ်မမှာ နိုင်ငံတော် အကြီးအကဲ ဆိုတာနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲ ဆိုတာ ဘယ်လို ကွာခြားလို့ ခွဲခြားရေးထားတယ်ဆိုတာကိုတော့ သေချာနားမလည်လို့ ခုထိ လေ့လာနေဆဲဖြစ်ပါတယ်  ။

 အခန်း(၃) နိုင်ငံတော်အကြီးအကဲ အခန်း ၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ခေါင်းစဉ်အောက်က ပ်ုဒမ ၅၈ မှာတော့ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု နိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံ သားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် လို့ ဖော်ပြထားတာကို တွေ့ရပါတယ် ။ သမ္မတနှင့် အခန်း(၅) အုပ်ချုပ် ရေး အခန်း ပြည်ထောင်စု အစိုးရ ခေါင်းစဉ်အောက်က ပုဒ်မ ၁၉၉(က) မှာ  အုပ်ချုပ်ရေး အကြီးအကဲ သည်  နိုင်ငံ တော် သမ္မတဖြစ်သည် -လို့ အတိအလင်းဖော်ပြထားတာကိုလည်း တွေ့မြင်ရပါတယ် ။
 အဲဒီအခန်း(၅)မှာ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပြဌာန်းထားချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ၊ ပုဒ်မ ၂၀၃ အရ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ် လို့ တွေ့ရပါတယ် ။

 ပုဒ်မ ၂၀၆ မှာတော့ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက် နဲ့ နိုင်ငံခြားတိုင်းပြည်များနဲ့ သံတမန်ဆက်သွယ်ခြင်းတွေ ၊ ဖြတ်တောက်ခြင်းတွေကို ပြုနိုင်တယ် ။ အရေးပေါ် အခြေအနေမျိုးမှာဆိုရင် ကာ/လုံနဲ့ ညှိနှိုင်းပြီး သံတမန်အဆက်အသွယ်ဖြတ်တောက်နိုင်တယ် ဆိုတဲ့ အချက်ကို လဲ တွေ့မြင်ရပါတယ် ။ နိုင်ငံခြားတိုင်းပြည်တခုနဲ့ သံတမန်ဖြတ်တောက်တယ် ဆိုတာက အလွန်အရေး ကြီး လှတဲ့အရေးကိစ္စပါ ။
 အဲဒီအခန်း ပုဒ်မ ၂၀၈ မှာတော့ နိုင်ငံတော်သမ္မတသည် ဥပဒေနဲ့အညီ ၀န်ထမ်း အဖွဲ့ အစည်း အကြီး အမှူးများကို ခန့်အပ်ခြင်း ၊ ထုတ်ပယ်ခြင်းပြုနိုင်သည် လို့ ဖော်ပြထားပါတယ် ။ ပြောရရင်တော့ သမ္မတ တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက အများကြီးပါဘဲ ။

 ပုဒ်မ ၂၀၃ မှာဆိုရင် နိုင်ငံတော်သမ္မတသည် (က) နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရ လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖွဲ့စည်းထားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျှက် စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည် - လို့ ဖော်ပြထားတာကိုလဲ တွေ့ရပြန်ပါတယ် ။

 အဲဒီတော့ ပုဒ်မ (၁၆) အရ နိုင်ငံတော်အကြီးအကဲ နဲ့ နိုင်ငံတော် ရဲ့ အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ၊ ပုဒ်မ ၅၈ အရ နိုင်ငံသားများရဲ့ အထွတ်အထိပ်နေရာကို ရရှိသူ ၊ ပုဒ်မ ၁၉၉ (က) အရ အုပ်ချုပ်ရေး အကြီး အကဲဖြစ်တဲ့ သမ္မတဆိုသူဟာ သာမန်ရုံးဌာနတစ်ခုရဲ့ အကြီးအကဲ မဟုတ်တာတော့ သေချာလှပါတယ် ။ အဲဒီနိုင်ငံတော် သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်ပြန်တော့လဲ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး တာဝန် တွေကို ထမ်းဆောင်ရသူဆိုတာ အထင်အရှားပါ ။ အဲဒီလောက် တိုင်းပြည်အတွက် အရေးကြီးတဲ့တာဝန်ကို ထမ်း ဆောင်နေရသူတယောက်ရဲ့ ရုံးဌာနဆိုတာ အခြားအခြားသော ရုံးဌာနများထက် ပိုပြီး လုံခြုံရေး တင်းကြပ်ထား ရလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုလောက်ဘူးထင်ပါတယ် ။ အခြားနိုင်ငံတွေမှာတော့ အထူးလျှို့ဝှက်ရမဲ့ သတင်းအချက်အလက်တွေ ၊ စာရွက်စာတမ်းတွေကို သမ္မတရုံးခန်းက အထူးအာမခံသေတ္တာထဲမှာ သိမ်းဆည်း တာတွေကိုလဲ ရုပ်ရှင်တွေထဲမှာ ကြည့်ရမြင်ရဖူးပါတယ်။

 ၉.၁.၂၀၁၈ နေ့က နိုင်ငံတော်သမ္မတရုံး တံဆိပ်နဲ့ စာနှစ်စောင် ဖေ့စ်ဘုတ် လူမှုကွန်ရက်မီဒီယာပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ် ။ အဲဒီစာမှာ အမိန့်အမှတ် ၁/၂၀၁၈ ၊ ၁၃၇၉ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၉ ရက် လို့ စာအမှတ်နဲ့ နေ့စွဲတပ်ထားပါတယ် ။ တိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက် ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၅၂  ပုဒ်မခွဲ(က) တို့ပါ ပြဌာန်း ချက်များအရ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီကို မိမိသဘောဆန္ဒအလျောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည် - (ပုံ) ထင်ကျော် - နိုင်ငံတော်သမ္မတ ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် လို့ ဖော်ပြထားပါတယ် ။ နောက်တစ်စောင်မှာကတော့ စာအမှတ် ၂/ ၂၀၁၈ လို့ တပ်ထားပါတယ် ။ အဲဒီစာမှာကတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုလိုက်သည် လို့ ဖော်ပြထားပါတယ် ။

 အဲဒီစာနှစ်စောင်ကို မြင်ရတွေ့ရပြီးတဲ့အခါမှာတော့ စိတ်ယန မကင်းတာနဲ့ သမ္မတရုံး တရားဝင်  ဖေ့စ်ဘုတ် ပေ့ဂ်ျကိုဝင်ကြည့်တော့ ဘာအမိန့်စာမှ တင်ထားတာကို မတွေ့ရပါဘူး ။ ဒါပေမဲ့ အဲဒီပေ့ဂ်ျကလည်း မေ့လောက်မှ သတင်းထ-ထတင်တာဆိုတော့ တခြား အွန်လိုင်းသတင်းမီဒီယာတွေမှာများ တင်ပြီလားလို့ လိုက်ရှာနေတုံး Zaw Htay ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကနေပို့စ်တစ်ခုတက်လာပါတယ် ။ Wai Wai Hlaing and 11 others လို့ tag တွဲထားတဲ့ အဲဒီပို့စ်မှာ - လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြေညာစာ တစ်ခုမှ ထုတ်ပြန်ခြင်းမရှိသေးပါ  ။ တရားဝင်ထုတ်ပြန်လျှင် နိုင်ငံပိုင်ပုံနှိပ်မီဒီယာများနှင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၊ သတင်းထုတ်ပြန်ရေးကော်မတီစသည့် လူမှုကွန်ရက်စာမျက်နှာများ ၀က်ဘ ဆိုက်များ မှာ ထုတ်ပြန်သွားမည်ဖြစ်ပါသည် ။ အမိန့်ကြေညာစာအတုများ စတင်ဖြန့်ချိသည့် Facebook Account သို့မဟုတ် Facebook Page များ သိရှိရပါက Message/ CB မှ ပေးပို့ကြပါရန် … ဆိုပြီး ရေးသား ထား တာကို ဖတ်ရပါတယ် ။

ဒီိလိုဆိုတော့ စောစောကတွေ့ရတဲ့ အမိန့်ကြေညာစာနှစ်စောင်က အတုတွေပေါ့ ။ အတုကလည်း နိုင်ငံတော် သမ္မရုံးတံဆိပ်တုံးတောင် ယူသုံးရဲနေပါလား ဆိုပြီး စိတ်ထဲ စနောင့်စနင်းဖြစ်နေခဲ့မိပါတယ် ။ နေ့ခင်း ကြောင်တောင် သူခိုးခိုးခံရတယ်ဆိုတော့ သူခိုးကလဲ အတင့်ရဲမှရဲဗျာ ဆိုတဲ့ ပြက်လုံးလိုတော့ဖြစ်နေပါပြီ ။

၁၀.၁.၂၀၁၈ မနက်မှာတော့ သတင်းတွေမှာ ပါလာပါပြီ ။ အမိန့်စာအမှတ်(၁/ ၂၀၁၈ ) လို့တပ်ထားတဲ့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမန်း ဂျော်နီကို နှုတ်ထွက်ခွင့်ပြုတဲ့သတင်းကို  ဖတ်ကြည့်မိတဲ့အခါမှာတော့ မတော်ရာ ကျဉ်နီအကိုက်ခံရသလို ထခုန်မိမတတ်ဖြစ်သွားရပါတယ် ။ မနေ့က ဆေ့ဖ်ပြီး သိမ်းထားမိတဲ့ အတုကို တလှည့် ၊ ဒီနေ့တရား ၀င်ထုတ်ပြန်လိုက်တဲ့ သတင်းကိုတလှည့် အကြိမ်ကြိမ်အဖန်ဖန် ပြန်ဖတ်မိပြီး ဘယ်ဟာ က အတုလဲ ဘယ်ဟာ က အစစ်လဲတောင်မသိနိုင်တော့လောက်အောင်ဖြစ်ခဲ့ရပါတယ် ။  ၉ ရက်နေ့ကထွက်တဲ့ အတုက ၁၀ ရက်နေ့မှာထွက်တဲ့ အစစ်နဲ့ တစ်ထပ်တည်းနည်းပါးတူနေတာလား ။ မိမိ ဆိုတဲ့ နာမ်စား နဲ့ ယင်းဆိုတဲ့ နာမ်စားပဲ ကွဲပြားခြားနားတဲ့၊ တစ်ပုံစံတည်းကို တူလွန်းတဲ့ အတုကို အတုလုပ်နိုင်တဲ့သူရဲ့ ဉာဏ်ရည်ဉာဏ် သွေးကိုဖြင့် ဘယ်လိုချီးမွမ်း ထောမနာပြုရမယ်မှန်းကို မသိတော့ပါဘူး။  ဒါမှ မဟုတ် အစစ်ကို စာစီတဲ့သူက အတုကို ကြည့်ဖတ်မိပြီး အတုကို တုရေးတယ်ထင်ခံရမှာစိုးလို့ မိမိ ဆိုတဲ့ နာမ်စား ကို ယင်းလို့ ပြောင်းသုံးလိုက်လေသလားလို့တောင် စဉ်းစားမိရပါတယ် ။

အမိန့်စာ အတုပါ ဆိုတဲ့ ဖေ့စ်ဘုတ်ပေါ်ကစာရွက်စာတမ်းတွေက သမ္မတရဲ့ စာပွဲ အံဆွဲထဲက ၊ သမ္မတရုံး မီးခံသေတ္တာထဲက အစစ်ကို ယူကြည့်ပြီး ထိုင်ရေးထားသလောက်ကို တူလွန်းနေတော့ ဖေ့စ်ဘုတ် ဆိုရှယ်မီဒီ ယာပေါ်မှာ ဆူညံပွက်လောရိုက်သွားပါတော့တယ် ။ သမ္မတရုံးအဖွဲ့အတွင်းမှာ သတင်းယိုစိမ့်မှုတွေ ဖြစ်နေပြီ ။ အတွင်းစည်းကျိုးပေါက်မှုတွေ ဖြစ်နေပြီလို့ ဝေဖန်ထောက်ပြလာကြပါတယ် ။ အများပြည်သူတို့မှာ လဲ ရင်ပူ စရာဖြစ်လာရပါတယ်  ။
အထက်မှာတင်ပြခဲ့တဲ့ အတိုင်းပါပဲ ။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံရဲ့ အထွတ်အထိပ်နေရာကိုရရှိသူ ၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ရသူပါ ။ အခုလို တိုင်းဒေသကြီး ၊ ပြည်နယ် ၀န်ကြီး ချုပ်များ ၀န်ကြီးများကို ခန့်အပ်ခြင်း ၊ နှုတ်ထွက်ခွင့်ပြုခြင်း စတာတွေကို ဆောင်ရွက်ရုံမျှမဟုတ်ပါဘူး။ ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရေး ၊ စီးပွားရေး စတဲ့ နိုင်ငံအတွက် အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်တွေကိုလဲ အဓိက ဆုံးဖြတ်ရတဲ့ပုဂ္ဂိုလ်ပါ ။ သမ္မတရုံးစာပွဲကို ဖြတ်သန်းလာတဲ့ အမိန့်စာ ၊ ကြေညာချက်ဆိုတာတွေဟာ နိုင်ငံ တော်ရဲ့ အရေးကြီးလှတဲ့ ဆံးဖြတ်ချက်တွေပါ ။

 သံတမန်ဆက်ဆံရေး  ဖြတ်တောက်ရေး ၊ ပြည်ပ စစ်မက်အရေးစတဲ့ အရေးအရာ တွေနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ အမိန့်စာတွေသာ အဲဒီလို အတု လုပ်ခံရ ရင်ဘယ်လို လုပ်ကြမလဲ ။ အတုပါ ဆိုပြီး အစစ်နဲ့ တထပ်တည်းတူတဲ့ အတုတွေ ထွက်ပေါ်လာရင် ဘယ်လို လုပ်ကြမလဲ ။ အဲဒီလိုဖြစ်လာခဲ့ရင် တာဝန်ယူမှု တာဝန်ခံမှုက ဘယ်သူ့အပေါ်မှာ ကျရောက်လာမှာပါလဲ ။

 ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာအတု ပြဿနာဟာ အဲဒီစာဟာ အတုဖြစ်ပါတယ် ဆိုရုံမျှနဲ့ပြီးသွားရမဲ့ ပြဿနာမဟုတ်ပါဘူး ။ အစစ်နဲ့ တထပ်တည်းတူတဲ့ ဒီအမိန့် စာဟာ ဘယ်ကထွက်သလဲ ၊ ဘယ်လိုထွက်သလဲ ဆိုတာ ကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူရမဲ့ ပြဿနာ တခုဖြစ်တယ်လို့ သတိပေးချင်ပါတယ် ။ ဒီအမိန့်စာဟာ ပုံစံကျအမိန့်စာမို့ အတုက အစစ်နဲ့ ဒီလောက်တူ နေရတာလား ၊ ဒါမှမဟုတ် ရုံးအဖွဲ့အတွင်းက သတင်းပေါက်ကြားလို့လား ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းစစ်ဆေး အရေးယူမှုတွေပြုလုပ်သင့်ပါတယ် ။ သတင်းထုတ်ပြန်ကြေညာမှုတွေပြုလုပ်သင့်ပါတယ် ။

ဒီအမိန့်စာအတုက ဘာမှ ပြဿနာမဖြစ်လောက်ပေမဲ့ ထိထိရောက် ရောက် အရေးမယူဘဲ ဒီအတိုင်းနေ လိုက်လို့ နောင်တချိန်မှာ အခုလို ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေကို နှုတ်ထွက်ခွင့်ပြုတဲ့ ၊ ခန့်အပ်တဲ့ စာတွေထက် များစွာ အရေးကြီးတဲ့ တိုင်းပြည်ရဲ့ အရေးအရာနဲ့ပတ်သက်တဲ့ အမိန့်စာတွေ ၊ ဆုံးဖြတ်ချက်တွေ အပြင် ရောက်လာ ရင်တော့ အဲဒါ အတုပါ လို့ ပြောဖို့ဖြေရှင်းဖို့ ခက်ပါလိမ့်မယ် ။ အဲဒီအခါမှာတော့ အသေးအဖွဲပါ ၊ မဖြစ်လောက်ဘူးလို့ ပေယျာလကံ ထားမိခဲ့တဲ့ အပြစ်ကိုခံစားကြရပါလိမ့်မယ် ။  အမေရိကန်ပြည်ထောင်စုကို  ဘင်ဂျမင် ဖရန်ကလင်က ပြောခဲ့တဲ့စကားတခွန်းရှိပါတယ် “ A small leak will sink a great ship - သေးငယ် သော ရေယိုပေါက်ကလေးသည် ကြီးကျယ်လှသော သင်္ဘောကြီးတစင်းကို နစ်မြုပ်စေနိုင်သည် ” ပါတဲ့ခင်ဗျာ  ။

https://m.facebook.com/story.php?story_fbid=329741474192057&id=100014686211921

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ “ သင်္ဘောတစ်စင်းကို နစ်မြုပ်စေသောအရာ ” (ထင်လင်းဦး)”

Post a Comment

Related Posts Plugin for WordPress, Blogger...