Friday, January 26, 2018

အတောင်ကျိုးသွားတဲ့ပွန်းတစ်ကောင်

,
ဝီရသူ ခေါ် ရှင်ဝိစိတ္တ ရဲ့လူမှုကွန်ယက်အကောင့်ကျသွားတဲ့သတင်းတွေတက်လာတော့ လူအမြောက်အများက မင်္ဂလာသတင်းလို အားပါးတရရှယ်ကြပြောကြတယ်ပေါ့လေ။ ဘယ်သူတွေကဘယ်တုန်းကစသိတယ်မမှန်းတတ်ပေမယ့် ကျနော့အနေနဲ့တော့ ဝီရသူကိုစသိတာ ၂၀၀၀ ပတ်လည်လောက်ကတည်းကပါဘဲ။ ပြည်တွင်းပြည်ပမှာဖွင့်လှစ်ထားရှိတဲ့ သာသနာပြုတက္ကသိုလ်တွေဆီခြေဆန့်ဖို့အတွက်ရည်ရွယ်ကြရင်း ကျနော်သိသမျှတတ်သမျှဝေငှခဲ့တဲ့ “ရဟန်းများအတွက်အင်္ဂလိပ်စာပညာဒါနသင်တန်း” မှာ စာလာဖတ်ကြတဲ့ စာတတ်ရဟန်းတွေထဲက အချို့သောဥူးးဇင်းများရဲ့ပြောပြချက်အရ ဝီရသူအကြောင်းကို စကြားဖူးခဲ့ရတယ်လို့ပြောရမှာပါဘဲ။ ဝီရသူဟာ အဲဒီတုန်းက တန့်ကြည်တောင်ဆရာတော်ရဲ့တရားပြပုံတွေကိုဝေဖန်ပုတ်ခတ်ပြောဆိုနေတဲ့ တိပ်ကြိုးခွေ၊ စာအုပ်တွေကိုအရင်ဆုံး ဖတ်မိခဲ့တာပါ။ ဒါက ဝီရသူ ဆိုတဲ့အမည်ကိုကျနော်စသိတဲ့ပုံပါ။

ခုနှစ်သက္ကရာဇ်တွေမပါဘဲ ဝီရသူအကြောင်းကိုအကျဉ်းချုပ်ရရင်၊ ကျောက်ဆည်ကုလားဗမာအဓိကရုဏ်းကြောင့်ထောင်ကျတယ်၊ ထောင်ထဲမှာစစ်ထောက်လှမ်းရေးကလာပ်စည်းတွေနဲ့ပါတ်သက်မိတယ်၊ ကုလားမုန်းတီးမှုခေါင်းစဉ်အောက်ကနေ (တကယ်တမ်း မုန်းတာလား မစ်ရှင်တစ်ခုကိုလုပ်နေတာလားဆိုတာ ကြည့်တတ်ရင်မြင်၏) စစ်အုပ်စုဓမြဂိုဏ်းအလိုကျ လူထုခေါင်းဆောင်၊ ဒီချုပ်ပါတီနဲ့၊ ဒီမိုကရေစီဘက်တော်သားတွေကို တိုက်ခိုက်ပုတ်ခတ်တယ်၊ ရခိုင်အဓိကရုဏ်း မိတ္ထီလာအဓိကရုဏ်း မန်းလေးကိစ္စ လားရှိုးကိစ္စ ဥက္ကံကိစ္စ အစရှိတဲ့သွေးထွက်သံယို ရုန်းရင်းဆန်ခတ်မတည်ငြိမ်မှုများအတွက် စစ်အုပ်စုနည်းတူတာဝန်ရှိတဲ့ တရားခံစာရင်းဝင်တစ်ယောက်ဖြစ်တယ်၊ ကမ္ဘာကျော်မီဒီယာတွေမှာ အကြမ်းဖက်မှုကိုအားပေးသော ဗုဒ္ဓဘာသာပုံရိပ်ကို ရုပ်ပျက်ဆင်းပျက်ကျဆင်းစေသော အကြမ်းဖက်တတ်သူများ ဗုဒ္ဓသာသာနာဝင်ရဟန်းများတွင်ရှိ၏လို့အထင်ရောက်စေသော ထိပ်တန်းသမိုင်းတရားခံတစ်ဦးဖြစ်တယ် ဆိုရင် ဝီရသူသမိုင်းအကျဉ်းကပြည့်စုံပါပြီ။

ဗမာပြည်ပရိပတ္တိသမိုင်းမှာ မန်းလေး၊ ပခုက္ကူမြို့တွေဟာ အင်မတန်ထင်ရှားတဲ့အထဲ အထင်ကရစာသင်တိုက်ဖြစ်တဲ့ မန်းလေး မစိုးရိမ်တိုက်ကထွက်ပြီး မစိုးရိမ်ရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ်ဖျက်ဆီးတဲ့အထဲ ဝီရသူတစ်ယောက်ကတော့ဖြင့် ပြိုင်ဖက်ကင်းသူလည်းဖြစ်ပါတယ်။ ပျံလွန်တော်မူတဲ့မစိုးရိမ်ဆရာတော်ဘုရားကြီး ဥူးးရာဇဓမ္မဘိဝံသကဘယ်လိုတွေအမိန့်ရှိခဲ့ပြီး လက်ရှိတိုက်ရဲ့ မဟာနာယကဆရာတော်တွေကဘာအကြောင်းကြောင့် ဝီရသူကိုဆက်ထားတယ်မသိရပေမယ့် ဝီရသူကို မစိုးရိမ်နဲ့တွဲထားခြင်းဟာ ဝတ်ကောင်းစားလှဝတ်ထားတဲ့ ပွဲတက်အမျိုးကောင်းသားတစ်ယောက် ချီးထုပ်ကြီးပိုက်ထားသလို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ တပည့်တွေဆိုတာ ဆရာပြောသမျှအဟုတ်၊ ဆရာလုပ်သမျှအမှန်ရယ်လို့ ခေါက်ရိုးကျိုးနေတဲ့ ဗမာပြည်လိုနိုင်ငံမှာ ဝီရသူဆီကစာသင်စာလိုက်ရတဲ့တပည့်တွေထဲ စိတ်ပိုင်းဆိုင်ရာ စံလွဲမှုတွေဘယ်လောက်ရှိနေမလဲဆိုတာ တိုင်းပြည်အတွက်ရော ဗုဒ္ဓသာသနာအတွက်ပါ အင်မတန်ရင်လေးစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကတော့ ဝီရသူနဲ့ သူအကာအကွယ်ယူထားတဲ့ ပုံရိပ်တို့ဆက်စပ်ချက်ပေါ့။

ဗိုလ်သိန်းစိန်ခေတ်မှာ ဝီရသူကိုလိုရင်သုံးလို့ရအောင်မြှောက်စားထားပြီး လိုသလိုလည်းသုံးခဲ့တဲ့ဆိုတဲ့အချက်ကို အဓိကရုဏ်းများက သက်သေခံခဲ့ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်း၊ ၁၉၉၀ ပတ္တနိက္ကုဇ္ဇန အစရှိတဲ့သံဃာ့လှုပ်ရှားမှုတွေကို စစ်အုပ်စုဓမြဂိုဏ်းက ဘယ်လိုဖြိုခွဲခဲ့တယ်ဆိုတာ လေ့လာသူတွေအားလုံးသိပြီးသားမို့ ထပ်ပြောနေဖို့လည်းမလိုပါဘူး။ ဗမာစစ်ဗိုလ်ချုပ်တွေဟာ ဗုဒ္ဓသာသနာကြီးကိုကြည်ညိုတယ် မကြည်ညိုဘူးဆိုတဲ့အချက်မှန်သလား၊ အာဏာကိုထိပါးလာရင် ဘာကိုမဆိုချနင်းတဲ့အထဲ ဗုဒ္ဓသာသနာကြီးပါ ပါဝင်သလားဆိုတဲ့အချက်ကိုတော့ ကြည့်တတ်သူများမြင်ကြပြီးလည်းဖြစ်မှာပါဘဲ။ ဒီလိုအောက်တန်းကျပြီး ယုတ်မာလှတဲ့၊ ဗမာစစ်ဗိုလ်ချုပ်တွေ၊ စစ်ထောက်လှမ်းရေးတွေ၊ လက်ကိုင်ဒုတ်တွေကို အသက်ရှည်ပြီး အာဏာမြဲဖို့ကျားကန်ပေးတဲ့ပွန်းတစ်ကောင်ဟာ ဝီရသူဖြစ်နေတဲ့အချက်ကတော့ စက်ဆုပ်ရွံရှာဖွယ်အတိဖြစ်ပါတယ်။

ဗိုလ်သိန်းစိန်လွန်ခေတ်၊ ဒီချုပ် ၇၅ပြားဖိုး အာဏာရအပြီးမှာ ဝီရသူတစ်ယောက်အရင်ကလို မတောက်စားလှတော့ပါဘူး။ စပွန်ဆာမှ မည်မည်ရရမရှိတော့ဘဲကိုး။ အရင်ခေတ်တွေက State Sponsor Terror လို့ခေါ်တဲ့ စစ်အစိုးရကမကထလုပ်သော အကြမ်းဖက်မှုများအတွက်ကတော့ ဝီရသူလိုဂတုံးပျက်တွေဟာအသုံးတည့်မှာပေါ့လေ။ ကစားကွက်ပြောင်းသွားတဲ့ စစ်အုပ်စုဗျူဟာမှာ ဝီရသူတစ်ယောက်ထဲမဟုတ်ဘဲ မဘသအဖွဲ့ပါ ဂိမ်းဘောဆိုက်သွားပါတော့တယ်။ စစ်အုပ်စုဟာ အရင်ကလည်း မဟနကိုလိုသလိုသုံးပြီး ရဟန်းထုကိုနှိပ်ကွပ်ခဲ့တာအစဉ်အလာမို့ ကိုယ်ထွေးတဲ့တံတွေးပြန်မမြိုနိုင်သလိုဖြစ်သွားတာ အချက်တစ်ခုအနေနဲ့လည်းပါဝင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးတို့ရဲ့ ဟန်ချက်ညီညီလုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့အသီးအပွင့်တွေလို့လည်း ပြောလို့ရပါသေးတယ်။ မဘသဖျက်ဖို့ FB စစ်တမ်းကိုကျနော့အကောင့်ဟောင်းကနေတောင် လုပ်ခဲ့ပါသေးတယ်။ ရလာတဲ့အချက်အလက်တွေကို ရန်ကုန်တိုင်းအစိုးရကိုပို့ဖို့ရည်ရွယ်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကတော့ ဝီရသူအရောင်မှိန်လာတဲ့ အခင်းအကျင်းပေါ့။

ပေါင်တံဖွေးဖွေးလက်အေးအေးဒေသနာ၊ ခွေးသားကိုလင်တော်တရား၊ ငှက်ပျောသီးသုတ္တန် အစရှိတဲ့ သင်္ဂါယနာပြင်ပ 18+ သွန်သင်မှုများနဲ့ ကုလားမုဒိမ်းအထူးပြုမှုခင်းတွေမှာသာ ဓာတ်ကျနေတဲ့ ဝီရသူနဲ့သူ့အကောင့်များဟာ သူ့လိုဘမပြည့်တဲ့အတွက်ရောခေါင်းကိုင်ဖခင် စစ်ဗိုလ်များရဲ့အလိုတော်ကျအတိုင်းပါ ဒီချုပ်ပါတီ၊ လူထုခေါင်းဆောင်နဲ့ ဒီမိုကရေစီအင်အားစုတွေကိုပုတ်ခတ်တာလည်းမရပ်၊ အမုန်းတရားလက္ကားဖြန့်ဖြူးမှုလည်းမနားခဲ့ပါဘူး။ ဒါပေမယ့် သူအဲသလိုဖြန့်ဖြူးးမှုအတွက် ဗမာပြည်ကြီးမှာအထိရောက်ဆုံးပလက်ဖောင်းဖြစ်တဲ့ FB Team ကတော့ ကျယ်ပြန့်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဆုံးသတ်မှာတော့ ဝီရသူအကောင့်တွေအဖယ်ရှားခံရခြင်းပါဘဲ။ ဝီရသူအနေနဲ့ အခြားအကောင့်တစ်မျိုးဖွင့်ပြီး လုပ်လက်စကိုမခံချင်စိတ်များနဲ့ဆက်လုပ်လိမ့်ဦးမယ်လို့လည်း ယူဆပါတယ်။ သူလိုလူစားမျိုးတွေဟာ ကျူးလွန်ခဲ့တဲ့ပြစ်မှုများအတွက် ပြစ်ဒဏ်နှစ်ရှည်ထောင်ဒဏ်စီရင်ပြီး ထိန်းသိမ်းထားမှ တိုင်းပြည်အတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အတိုင်းအတာတစ်ရပ်အထိဉာဏ်ရည်ကောင်းပြီး ကျင့်ဝတ်သိက္ခာကင်းမဲ့နေတဲ့ မည်သည့်ရဟန်းရှင်လူမဆိုဟာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွက် အင်မတန်အန္တရာယ်များလှပါတယ်။ ဒါပေမယ့် အများသိတော်မူကြတဲ့အတိုင်း ဘုရားကားအောက် မျောက်ကားအထက်ဆိုသလို ပြည်တွင်းလုံခြုံရေးကိုင်ထားတဲ့ ပြည်ထဲရေးဟာ ညွှန်ချုပ်အဆင့်သာရှိရမယ့်စစ်သူကြီးအောက်မှာမဟုတ်လား။ ဒီတော့ တရားဥပဒေစိုးမိုးဖို့ဆိုတာ ထင်သလောက် မျှော်လင့်ဖို့မဖြစ်နိုင်သလို မျှတတဲ့လူ့အဖွဲ့အစည်းအဖြစ်ကနေလည်းအလှမ်းဝေးနေဦးမှာပါဘဲ။

ဝီရသူဟာဘယ်ရှုထောင့်ကဘဲကြည့်ကြည့် စစ်အုပ်စုအာဏာဒေါက်တိုင်ခိုင်မြဲရေးအတွက် စစ်ဗိုလ်ချုပ်များရည်သန်အသုံးပြုတဲ့ ပွန်းတစ်ကောင်သက်သက်ပါဘဲ။ အခုတော့ ဒီပွန်းပျံသန်းနေတဲ့အတောင်ပံကို ရိုက်ချိုးတာခံလိုက်ရပြီပေါ့လေ။ အတောင်ကျိုးသွားတဲ့ပွန်းဟာ လမ်းတော့ဆက်လျှောက်နေဦးမှာပဲလေ၊ အပြီးတိုင်မသေဆုံးမချင်းပေါ့ … ။     ။

ချစ်တဲ့
လင်းမြတ်

https://m.facebook.com/story.php?story_fbid=384693325309508&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အတောင်ကျိုးသွားတဲ့ပွန်းတစ်ကောင်”

Post a Comment

Related Posts Plugin for WordPress, Blogger...