Thursday, March 1, 2018

မြန်မာတွင် စက်ရုံဆောက်မည့် အစီအစဉ် Samsung ဖျက်သိမ်း

,
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုန်များ ထုတ်လုပ်သည့် Samsung ကုမ္ပဏီသည် မြန်မာပြည်အတွင်း စမတ်ဖုန်းထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကိုရီးယားအခြေစိုက် The Korea Times သတင်းဌာနက ရေးသားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများရှိနေပြီး စီးပွားရေးလုပ်သာကိုင်သာ အခြေအနေမရှိမှုတို့ကြောင့် ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် စက်ရုံသုံးရုံ ဖွင့်လှစ်ထားပြီး လုပ်အားခသက်သာသည့် အလုပ်သမားဈေးကွက်နှင့် အရှေ့တောင်အာရှတွင် အခွင့်အလမ်းမြင့်မားလာသည့် မြန်မာနိုင်ငံတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် Samsung က စီစဉ်ခဲ့ခြင်းဖြစ်သည်။

“Samsung က အဲဒီအရှေ့တောင်အာရှနိုင်ငံကို မကြာခင်က သွားရောက်ပြီး နောက်မှာတော့ မြန်မာနိုင်ငံမှာ စက်ရုံမဆောက်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်” ဟု Samsung ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားသည်။

Samsung ကုမ္ပဏီအနေနှင့် ရင်းနှီးမြှုပ်နှံရန် ပြီးခဲ့သည့်နှစ်များက မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Samsung သည် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ဈေးကွက်ချဲ့ထွင်ရေး ရုံးခွဲတစ်ခုရှိထားပြီး အဆိုပါရုံးသည် Thai Samsung Electronics ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။

Samsung ကုမ္ပဏီရုံးချုပ်က အကြီးအကဲများပါဝင်သည့်အဖွဲ့သည် မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း Samsung ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောဆိုသည်။

“စက်ရုံတည်ဆောက်လည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားစက်ရုံနဲ့ လမ်းတွေတည်ဆောက်ဖို့ (ကုမ္ပဏီက ကျခံသုံးစွဲရမည်) မြန်မာအစိုးရဘက်က တောင်းဆိုတဲ့အတွက် အစည်းအဝေးပြီးချိန်မှာတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ၎င်းက The Korea Times သို့ ပြောဆိုသည်။

ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးသည် ရန်ကုန်မြို့အနီး စက်ရုံတည်ဆောက်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ရရှိခဲ့ဖူးသည်။

သို့သော်လည်း မြေနေရာ၊ ရင်းနှီးမြှုပ်နှံမှု မက်လုံးများနှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးကဲ့သို့ အဓိကအချက်အလက်များကို မြန်မာအစိုးရနှင့် Samsung တို့ ညှိနှိုင်းကြရာတွင် သဘောထားကွဲလွဲချက်များ ရှိခဲ့သဖြင့် အစီအစဉ်ကို ရွေ့ဆိုင်းခဲ့သည်။

“၂၀၁၃ မှာ မြန်မာနိုင်ငံမှာ TV တွေ ထုတ်လုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ရေနဲ့ မီးလိုမျိုး အခြေခံအဆောက်အဦတွေ မရှိတဲ့အတွက် အဲဒီနှစ်မှာပဲ အစီအစဉ်ကို လက်လွှတ်လိုက်ရပါတယ်” ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

Samsung သည် တရုတ်နှင့် ဗီယက်နမ်တို့တွင် လုပ်အားခမြင့်တက်လာခြင်းကိုကာမိစေရန် အရှေ့တောင်အာရှအပါအဝင် ဖွံ့ဖြိုးမှုနောက်ကျကျန်နေသည့် နေရာများတွင် ကုန်ထုတ်လုပ်ရန် ရှာဖွေနေသည်။

လက်ရှိတွင် အရှေ့တောင်အာရှဒေသတွင်း ဗီယက်နမ်တွင် စက်ရုံသုံးရုံရှိထားပြီး ယင်းတို့မှာ ဟနွိုင်းမြို့တွင် မိုဘိုင်းဖုန်း စက်ရုံနှစ်ရုံနှင့် ဟိုချီမင်းမြို့တွင် TV စက်ရုံ တစ်ရုံတို့ ဖြစ်သည်။



ကိုးကား – The Korea Times
Credit..The voice journal


https://m.facebook.com/story.php?story_fbid=600981070294302&id=100011472439079

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာတွင် စက်ရုံဆောက်မည့် အစီအစဉ် Samsung ဖျက်သိမ်း”

Post a Comment

Related Posts Plugin for WordPress, Blogger...