Sunday, December 16, 2018

အလောသုံးဆယ် လွှဲပြောင်းပေးခဲ့မှုများ

,
သမ္မတဦးသိန်းစိန်အစိုးရသည် NLD အစိုးရထံ အာဏာမလွှဲပြောင်းခင် ရက်ပိုင်းအတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ မြေဧက ၉၅၀ ကို CB ဘဏ် ဦးခင်မောင်အေးနှင့်ဆက်စပ်သော New City Development Public ကုမ္ဗဏီ၊ ဦးစိုင်းမျိုးဝင်း၏ Excellent Fortune Construction ကုမ္ဗဏီတို့ ထံ အလောသုံးဆယ် လွှဲပြောင်းပေးခဲ့သည်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာတွင် ယင်းကုမ္ဗနှစ်ခုထံသို့ မြေဧက ၉ ၅၀ လွှဲပြောင်းမှုသည် အလောသုံးဆယ်ဆန်ပြီး ကုမ္ဗဏီများသို့ အခွင့်အရေးပေး လွှဲပြောင်းပေးမှုဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မလစ်ကျေးရွာအုပ်စု၊ တောင်တလုတ်ကျေးရွာမြေ ၅၅၀ ဧက အား ဦးစိုင်းမျိုးဝင်း၏ Excellent Fortune Constructuion Co.,Ltd ထံသို့ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ၅ ရက်အကြာ မတ် ၃၀ ရက်နေ့တွင် မြေငှားဂရန်များ ချထားပေးခဲ့ကြောင်း၊ အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မလစ်ကျေးရွာအနီး မြေဧက ၄၀၀ အား အသေးစားစက်မှု ဥယျာဉ် တည်ထောင်ရေန် CB ဘဏ် ဦးခင်မောင်အေးနှင့်ဆက်စပ်သော မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်အများပိုင်ကုမ္ဗဏီကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့သော်လည်း မြေငှားဂရန်များမှာ စာချုပ် မချုပ်ဆိုမီ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက ထုတ်ပေးထားပြီးဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ကုမ္ဗဏီများသို့ အခွင့်အရေးများ ပေးထားပြီး အလျင်အမြန် လွှဲပြောင်း ဂရန်ထုတ်ပေးမှုများဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

Excellent Fortune Construction ကုမ္ဗဏီသည် ဦးစိုင်းမျိုးဝင်း ဒါရိုက်တာအဖြစ်ဆောင်ရွက်သော ကုမ္မဏီဖြစ်ပြီး ကျောက်စိမ်းတူးဖော်ရေး၊ သတ္တုတွင်းတူးဖော်ရေး အပါအ၀င် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူလည်းဖြစ်သည်။ လတ်တလော ကရင်ပြည်နယ်တွင် ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေပြီး NLD ဗဟိုအစိုးရ၊ ကရင်၊ ရန်ကုန်၊ ပဲခူး ၊ မွန် တိုင်းဒေသကြီး အစိုးရများထံသို့ လှူဒါန်းများ ဆောင်ရွက်နေသည်။ အလားတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ငွေကြေးလှူဒါန်းမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

အလားတူ CB ဘဏ် ဦးခင်မောင်အေးနှင့်ဆက်စပ်သော ကုမ္ဗဏီမှာလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ အပါအ၀င် ဒေသကြီးများတွင် စီမံကိန်းကြီး ၅ ခု သမ္မတဦးသိန်းစိန် အာဏာမစွန့်မီ ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မြေယာများကို နီးစပ်သူများထံ စီမံကိန်း အကြောင်းပြ လွှဲပြောင်းခြင်းသည် နိုင်ငံအတွက် နစ်နာမှုဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
“အကုန်ပြန်သိမ်းပစ်ရမှာ။ အဲဒါတွေကို ခက်တာက Decision Power မရှိဘူးလေ။ မရှိတဲ့အခါကျတော့ ဒီနေ့လည်း ဆက်ပြီးေ ဆွးနွေးကြမှာပါ။ ဒါတွေက အများကြီးသိမ်းထားတယ်။ အလုပ်လုပ်လည်း မလုပ်ဘူး။ ဒါတွေကို အစိုးရအနေနဲ့ ပြန်သိမ်း။ ပြန်သိမ်းပြီးတော့ ၀န်ထမ်းအိမ်ရာမျိုးတွေ၊ အခြားဟာတွေ လုပ်လို့ရတယ်။ လှူတာ လှူတာတစ်ပိုင်းပေါ့။ စီးပွားရေးသမားဆိုတာက သဘောဘဘာဝအရ အပေးအယူဆိုတာက ရှိတာကိုး။ ဥပဒေနဲ့လည်း ညီတယ်ဆိုရင်တော့ တစ်ပိုင်းပေါ့။ ဘယ်လိုပုံစံမျိုးတွေနဲ့ လွှဲပြောင်းပေးသွားလဲဆိုတာ သေချာမသိဘူး။ ဥပဒေနဲ့မညီတာတော့ သေချာတယ်။ မတော်မတည့်တာတွေအများကြီးပေါ့။ ဒါတွေကို စနစ်တကျ ဥပဒေနဲ့အညီ ပြန်လုပ်ဖို့ ကိစ္စတွေတိုက်တွန်းမယ်” ဟု သုံးသပ်ပြောဆိုသည်။
Via : Khit Thit Media

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလောသုံးဆယ် လွှဲပြောင်းပေးခဲ့မှုများ”

Post a Comment

Related Posts Plugin for WordPress, Blogger...