Wednesday, January 24, 2018

လေချုပ် - ရေချုပ် - ကာချုပ် (တူမောင်ညို)

,
(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)

လက်ရှိ “လေချုပ်” နားပြီး “လေချုပ်သစ်” ခန့်တဲ့သတင်းက လူပြောသူပြောများတယ်။

အခြေခံပြီးပြောနေကြတာက လက်ရှိ“ကာချုပ်”ဟာ အိက်စ်ပိုင်ယာဒိတ် လွန်နေသော်လည်း အငြိမ်းစားမယူတာကို ဦးတည်ပြီး ပြောနေကြတာဖြစ်တယ်။ ကျနော်လည်း ကျနော်မြင်တာ ဝင်ပြောပါအုံးမယ်။

စစ်တပ်မှာ ဘယ်သူတွေ ဘယ်လို  “ကာချုပ်” ဖြစ်လာခဲ့ကြသလဲဆိုတဲ့ ဖြစ်စဉ်ကို ကြည့်ပြီးပြောရင် အဖြစ်မှန်နဲ့ နဲနဲ နီးစပ်မယ် လို့ ထင်ရပါတယ်။ ယနေ့ “ကာချုပ်” ဗိုလ်မင်းအောင်လှိုင် အထိ စစ်တပ်မှာ ကာချုပ်  ၈  ဦးရှိခဲ့တယ်။

၁။ ကြည်း ၅၁၀၆ ဗိုလ်ချုပ် စမစ်ဒွန်း
၂။ ကြည်း ၃၅၀၂ ဗိုလ်ချုပ်ကြီး နေဝင်း
၃။ ကြည်း ၃၅၆၉ ဗိုလ်ချုပ်ကြီး စန်းယု
၎။ ကြည်း ၃၆၅၁ ဗိုလ်ချုပ်ကြီး သူရတင်ဦး ( ယခု ဒီချုပ်နာယက)
၅။ ကြည်း ၅၃၃၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင် (ယခု လေချုပ်သစ်ရဲ့ဖခင်)
၆။ ကြည်း ၆၁၈၇ ဗိုလ်ချုပ်မှူးကြီး စောမောင်
၇။ ကြည်း ၆၇၁၀ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၈။ ကြည်း ၁၄၂၃၂ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၁၉၆၂ အာဏာ သိမ်းပြီးနောက် (၁၉၇၂ ကနေ ၂၀၁၁ အထိ) ကာချုပ် ၅ ယောက် (ဗိုလ်စန်းယုကနေ ဗိုလ်သန်းရွှေထိ) ရှိခဲ့ပါ တယ်။ အဲဒီ ကာချုပ် ၅ ယောက် စလုံးကို ဗိုလ်နေဝင်း စိတ်ကြိုက်ခန့်ခဲ့တာပါ။ ဒီအထဲမှာ ကာချုပ် ရာထူးကနေ ထုတ်ခံရတဲ့ ကာချုပ် ၂ ယောက် ရှိတယ်။ ကာချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦး ( ဒီချုပ် နာယကကြီး ဦးတင်ဦး )နဲ့ ကာချုပ်ဗိုလ်ချုပ်မှုးကြီး စောမောင်တို့ပဲ ဖြစ်တယ်။

“စောမောင် - ခင်ညွန့် အာဏာသိမ်းကြ၊ ဥပဒေအရ ဖြစ်အောင် ဒေါက်တာမောင်မောင် သူတို့ကို ရှင်းပြလိုက်” ဆိုတာ လည်း ဗိုလ်နေဝင်းပြောခဲ့တာပဲမဟုတ်လား။ (ဒီအကြောင်း အကျယ်သိလိုရင် “ဗိုလ်ခင်ညွန့်နဲ့အင်တာဗျူး” - မြတ်ခိုင်၊  စာမျက်နှာ ၉၀ - ၉၇ မှာ ဖတ်ကြည့်ပါ)
ဗိုလ်စောမောင်ကို ဖြုတ်ပြီး ဗိုလ်သန်းရွှေကို ကာချုပ်ခန့်တဲ့ကိစ္စသိချင်ရင်တော့ (ဗိုလ်ခင်ညွန့် ရေးတဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘဝအထွေထွေ ” စာအုပ် ၊ စာမျက်နှာ ၁၈၉ - ၁၉၄ မှာ ဖတ်ကြည့်ပါ)

ဆိုလိုချင်တာက “ကာချုပ်” ဆိုတဲ့ စစ်တပ်ရဲ့အမြင့်ဆုံးရာထူးကို စစ်အုပ်စုထိပ်သီးကပဲ စိတ်ကြိုက် ခန့်တယ်၊ ဖြုတ်တယ် ဆို တာပါပဲ။ တခြားဘယ်သူကမှ  မခန့်အပ်နိုင်ဘူးဆိုတာကို အထက်မှာတင်ပြခဲ့တဲ့ ဗိုလ်စန်းယုကနေ ဗိုလ်သန်းရွှေထိ ဖြစ်ရပ်တွေ ထဲမှာ တွေ့မြင်နိုင်တယ်။

 ကာချုပ်တွေဟာ စစ်အုပ်စုထိပ်သီး ဗိုလ်နေဝင်းအပေါ် သစ္စာစောင့် သိရိုသေသူတွေဖြစ်တယ်။ ဗိုလ်နေဝင်း အနားမှာရှိနေရင် စစ်ဗိုလ်တွေဟာ အရိပ်ပြဇာတ်ကသလို လှုပ်ရှားကြပြီး၊ အသံကျယ်ကျယ်မ ထွက်ဝံ့ သူတွေဖြစ်တယ်။

ဗိုလ်စောမောင်ကို ဖြုတ်ချပြီး ကာချုပ်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေကတော့ ဗိုလ်နေဝင်းလို ကာချုပ်တွေ အများကြီး  ခန့်မသွားနိုင် ပါဘူး။  ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရကို အာဏာလွှဲတဲ့အထိ သူပဲ ကာချုပ်လုပ်သွားပါတယ်။

  သူ့ခန့်ထားတဲ့ တစ်ဦးတည်းသော ကာချုပ်ဟာ လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင် ဖြစ်ပါတယ်။

 ဗိုလ်သန်းရွှေက သူစိတ်ကြိုက်ခန့်ထားတဲ့ သူ့ “ရင်ခွင်ပိုက် ကာချုပ်လေး”  ကို အငြိမ်းစားပေးဖို့  အချိန်မတန်သေးဘူးလို့ ယူဆ နေပုံပဲ။ ဒါကြောင့် လက်ရှိကာချုပ်ရဲ့ “သက်နေ” ကို ဆွဲဆန့်ထားနေတာဖြစ်ပါလိမ့်မယ်။

(၁၀ ဖေဖေါ်ဝါရီ ၂၀၁၆ ) ဘီဘီစီ သတင်းမှာ “ကာချုပ်နဲ့ ဒုကာချုပ် ပင်စင်သက်တမ်း ၆၅ နှစ်အထိတိုးမြှင့်” ဖို့ ၄ လပတ် အစည်းအဝေးမှာ ဆုံးဖြတ်တဲ့အကြောင်းသိရတယ်။ ဒါ့ပြင် ၂၀၁၅ ခုနှစ်က မီဒီယာကောင်စီနဲ့ ကာချုပ် တွေ့ဆုံတော့ မီဒီယာကောင်စီဝင် တစ်ဦးက ၂၀၁၆ မှာ ကာချုပ် အငြိမ်းစားယူမှာလား မေးတာကို ဘေးမှာရှိတဲ့ စစ်ဥပဒေချုပ်က ဝင်ဖြေတာမှာ “ ကာချုပ်အနေနဲ့ စစ်ဥပဒေ အရ ဆက်ပြီး တာဝန်ဆက်ယူလို့ရတယ်” လို့ဖြေကြောင်း သိခဲ့ရဖူးတယ်။

ဒီအချက်အလက်တွေက ကန့်လန့်ကာနောက်ကွယ်က စစ်အုပ်စုထိပ်သီး (ဗိုလ်သန်းရွှေ) စိတ်ကြိုက်ရွှေ့တဲ့အကွက်တွေကို ဥပဒေနဲ့ ညီအောင် စစ်ဥပဒေက ဖန်တီးပေးရတာတွေသာဖြစ်တယ်။ “ မောင်မောင် ဥပဒေနဲ့ညီအောင် စီစဉ်ပေးလိုက်” လို့ ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်ကို ပြောသလို ပြောတာမျိုး ဖြစ်မှာပေါ့။
စစ်ဥပဒေ ဆိုတာ  စစ်အုပ်စုထိပ်သီး အတွက်  “လိုအပ်ရင် လိုအပ်သလို” လုပ်နိုင်ခွင့်သာဖြစ်တယ်။

စစ်တပ်ပိုင် မြဝတီသတင်းစာ (၃-၁-၂၀၁၈) မှာဖော်ပြထားတာတော့  “သက်ပြည့်အငြိမ်းစား” ယူသွားတဲ့ လေချုပ်ဟောင်း ဗိုလ်ခင်အောင်မြင့် နေရာမှာ (လေ - ၁၉၂၅) ဗိုလ်မောင်မောင်ကျော် အားပြောင်းလဲခန့် အပ်တာဝန်ပေးတယ်။ ကာချုပ်နဲ့အတူ လေချုပ် သစ် ဟာ သမ္မတရုံးသွားပြီး သမ္မတကို ဂါရဝပြုတယ်လို့ ဆိုပါတယ်။

 ကာချုပ်သစ်ခန့်ရင် ဘယ်လိုလာမလဲ စိတ်ဝင်စားစရာပဲ။ ကာချုပ်ဟောင်းနဲ့ ကာချုပ်သစ် သမ္မတဆီသွားပြီး အတူတူ ဂါရဝ ပြုကြမလား။

 ပြီးတော့ စစ်တပ်ကနေ အငြိမ်းစားယူသွားကြတဲ့ ရေ-လေချုပ်ဟောင်းတွေ ပဲဖြစ်ဖြစ်၊ ကာချုပ်ဟောင်းပဲဖြစ်ဖြစ် ပါတီနိုင်ငံရေး လုပ်မှာလား။ ပါတီနိုင်ငံရေးလုပ်တဲ့အခါစစ်အုပ်စုပါတီဖြစ်တဲ့  ကြံ့ဖွံ့ပါတီမှာ ပါတီထိပ်သီးတွေ အလိုအလျောက်ဖြစ်လာမလားဆိုတဲ့အချက် ပဲဖြစ်ပါတယ်။

အထက်က ဖြစ်ရပ်တွေကို အချက် ၃ ချက်နဲ့ နိဂုံးချုပ်တင်ပြပါ့မယ်။

ပထမအချက် လူတိုင်းသိတဲ့အချက် (ကြည်း - ရေ - လေ) မှာ ကြည်းတပ်က အခရာပဲ။ ကြည်းတပ်က ဗိုလ်ပဲ “ကာချုပ်” ဖြစ် တယ်။ လေနဲ့ရေက “ကာချုပ်” ဖြစ်တာ စစ်တပ်သမိုင်းမှာ မရှိသေးဘူး။

ဒုတိယအချက် စစ်တိုက်တဲ့ စစ်ဗိုလ်(ဖိုက်တာ) ကာချုပ် မဖြစ်ဘူး။ ဗကပနဲ့ အသေအလဲစစ်တိုက်ခဲ့သူတွေ ဘယ်သူမှ ကာချုပ်ဖြစ်မလာခဲ့ဘူး။

တတိယအချက် စစ်အုပ်စု နံပတ်ဝမ်းရဲ့ သစ္စာစောင့်သိရိုသေသူသာ ကာချုပ်ဖြစ်တယ်။ စစ်တပ်ထဲမှာ သူ့ထက်ငါဦး ကာချုပ် ဖြစ်ချင်သူတွေ ကလည်း တန်းစီနေမှာပဲ။ ဒီတော့  ကြိုက်ကောင်ရွေးနိုင် တယ်။ မိဖုရားများ တဲ့ မင်းတုန်းမင်းလို  ဘယ်သား အာဏာအမွေ လွှဲရမလဲဆိုတာ လိုဖြစ်နေပြီး။ အချင်းချင်း ဂုံးတိုက်သတ်ဖြတ်ကုန်ကြမလား။

ဒါကြောင့် စတုတ္တအချက် ကာချုပ်ကို စစ်အုပ်စုထိပ်သီးကသာခန့်နိုင်တယ်။ ဖြုတ်နိုင်တယ်။သက်တမ်းတိုးနိုင်တယ်။ အငြိမ်းစား ယူခိုင်းနိုင်တယ်။

အခုနေအခါမှာ ဗိုလ်သန်းရွှေလည်း ဗိုလ်နေဝင်း အိုသလို အိုလာနေပါပြီ။  ဗိုလ်နေဝင်းသွားတဲ့ နေရာကို တနေ့ မျက်စောင်း သုံးခါမက ထိုးနေပါပြီ။

https://m.facebook.com/story.php?story_fbid=162863264479177&id=100022665120060

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လေချုပ် - ရေချုပ် - ကာချုပ် (တူမောင်ညို) ”

Post a Comment

Related Posts Plugin for WordPress, Blogger...