Wednesday, July 25, 2018

ပုဂံရာဇဝင် နဲ့ တလွဲများ

,
ပထမဘုရင် ပျူစောထီးက ဧရာမတိရစ္ဆာန်ကြီး တွေကို လေးမြားနဲ့ သုတ်သင်တယ်။ လက်ရှိတွေ့ရတဲ့ ပုဂံက ငှက်ပေါက်ရာကို ကြည့်ရင် ဒီငှက်ရဲ့နှုတ်သီးဟာ ပန်းဝတ်ရည်စုတ်တဲ့ ငှက်ပိတုန်း (Hummingbirds) ပုံစံရှိမယ်ထင်တယ်။

ငှက်ပေါက်ရာကိုကြည့်ပြီး ကိုယ်စဉ်းစားမိတာက ပျူ စောထီးမြားတံဟာ ဝါးနက်တစ်လုံးစာ လုံးပတ်နဲ့ အနည်းဆုံး အရှည်ပေ ငါးဆယ်တော့ ရှိရမှာပဲ။ ဘယ်လိုလေးကိုင်းနဲ့ ပစ်သလဲဆိုတာရယ်။ ဝတ်ရည်စုပ်ငှက်ပုံစံဆိုတော့ အပျိုတော်တွေကို အသားမစားပဲ . . . အင်းးးးးးးးးးးးးး

ပျူစောထီး ပြီးတော့ သားတော် ထီးမင်းယဉ် ကနေ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေဉ်လည်ကြောင်၊
ကြောင်ဒူရစ်၊ သည်ထန် ဆိုပြီး မင်းခြောက်ဆက် မြောက်တယ်။
နောက် ကွမ်းဆော်ကြောင်ဖြူမင်း တက်တယ်။ မိဖုရားသုံးပါးကနေ သားတော် သုံးပါး ကျည်စိုး၊ စုက္ကတေး၊ အနော်ရထာ တို့ ဖြစ်လာတယ်။ အံ့သြစရာက ကျည်စိုးမင်းကို မုဆိုးကသမင်နဲ့ မှားပစ်လို့ ကံကုန်ရတယ်တဲ့။ သူကအစမ်းကြီး  . . .

နောက် စုက္ကတေးမင်းတက်တယ်။ ဒင်းက အနော်ရထာရဲ့အမေကို မိဖုရားမြှောက်ပြီး အနော်ရထာကို “ညီသားနောင်မယ်” လို့ နှိမ်ခေါ်လို့ အနော်ရထာက ပုပ္ပားမှာ အင်အားစုပြီး ပုဂံကိုပြန်တိုက်တယ်။

သြော် ပုဂံကိုတိုက်ဖို့ ပုပ္ပားမှာလူစုတယ်ဆိုတော့ စုက္ကတေးမင်းရဲ့ ပုဂံစစ်တပ်ကြီးက ဘောလုံးဘယ်နှစ်သင်းစာပါလိမ့် . . .

နောက် အနော်ရထာနဲ့ စုက္ကတေး စီးချင်းထိုးတော့ စုက္ကတေးသေတယ်။ အနော်ရထာရဲ့မိခင်က သားကိုမပူပဲ လင်အသစ်ကိုပူပြီး ရင်ဝတ်ကျွတ်တဲ့ နေရာမှာ “ရင်ဝတ်ကျွတ်စေတီ”၊ “ပုတ္တလင်”လို့ အော်မြည်ငိုကြွေးတဲ့ နေရာမှာ “ပုတ္တလင်စေတီ” တွေ တည်ခဲ့တယ်လို့ မှန်နန်းက ဆိုပါတယ်။
အဲဒါဆို ပုဂံခေတ် စေတီတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာပါပဲ။

အနော်ရထာနန်းတက်ခဲ့ပါတယ်။ မိဖုရားက တစ်ပါးတည်းရှိလို့ ရာဇတမန်အမတ်ကို မိဖုရားရှာပေးဖို့ ခိုင်းစေတယ်။ ဝေသာလီပြည်က ဘုရင့်သမီး ပဉ္စကလျာဏီကို ရတယ်။ လမ်းမှာ ရာဇတမန်အမတ်က မင်းသမီးနဲ့ ဘာညာဖြစ်တယ်။ သူ့အပြစ်ကို ဖုံးဖို့ ရာဇတမန်က ပဉ္စကလျာဏီဟာ ဘုရင့်သမီးတော်အစစ် မဟုတ်ဘူးလျှောက်တင်တော့ အနော်ရထာက မင်းသမီးကို ပရိမ္မအရပ်ကို နှင်လိုက်တယ်။ အဲ့ဒီအချိန်မှာ မင်းသမီးဟာ ကိုယ်ဝန်နဲ့ မွေးဖွား လာတာကတော့ ကျန်စစ်သားပါတဲ့။

ကိုယ်တွေးကြည့်တယ် . . .  မိဘုရားတစ်ပါးရဖို့ ပုဂံကနေ ရခိုင်အထိ သွားတယ်။ အဲဒီခေတ်ရဲ့ လမ်းပန်းဆက်သွယ်ရေးက မြင်းတွေ ရထားတွေရွေ့စရာမလိုဘဲ လမ်းတွေကပဲ auto ရွေ့နေသလားပဲ။ တစ်ခုက ဘုရင့်သမီးတော်မဟုတ်ဘူး ဆိုတာနဲ့ နှင်ပစ်တယ်ဆိုတော့ ဒီဘုရင်ရဲ့ သဘောထားက ဘယ်လိုလဲ တွေးစရာမလိုတော့ဘူး။

အနော်ရထာဟာ ဟူးရားဖြူ  ၊ ဟူးရားညိုတို့ရဲ့ ဟောချက် နဲ့ သူ့ကိုနန်းလုမယ့် သူဟာ ဗိုက်ထဲမှာဆိုလို့ လိုက်သတ်တာ ဗိုက်ကြီးသည် ၇၀ဝ၀ တဲ့။ နို့စို့အရွယ်ဆိုလို့ ထပ်သတ်တော့ နို့စို့ကလေး ၆၀ဝ၀ တဲ့။ မဟုတ်ပြန်ဘူး။ နွားကျောင်းသားဖြစ်နေတယ်ဆိုလို့ ထပ်သတ်တော့ နွားကျောင်းသားအရွယ် ၅၀ဝ၀ တဲ့။

မင်းကောင်းမင်းမြတ်ကြီးက အပြစ်မဲ့ မိခင်လောင်းတွေ ၊ အပြစ်မဲ့ နို့စို့ကလေးတွေ ၊ အပြစ်မဲ့ နွားကျောင်းသားလေးတွေကို ပုလ္လင်လုခံရမှာစိုးလို့ သတ်လိုက်တာဆိုတာ ရင်ထဲကို နင့်နေတာပဲ။ ဟစ်တလာ၊ ပိုပေါ့ ၊ ဟူစိန် ၊ ကဒါဖီ တို့ ထက်တောင် သာနေမလားပဲ မင်းကောင်းမင်းမြတ်ကြီးရယ်။ မျက်စိထဲ ပေါကားထဲမှာ ဘုမသိဘမသိ ခန့်ခန့်ကြီးဘုရင်လုပ်တာတွေ မြင်မိ။

တမ္မဒီပတိုင်းခေါ်တဲ့ ပုဂံပြည်မှာ သာသာနာပြုဖို့ မွန်ပြည်က ရှင်အရဟံ (မွန်အမည် ဓမ္မဒဿီ) ဟာ သထုံကနေ ကြွလာတယ်။ (ဆရာတော်ကိုတောင် နတ်ဝင်စားတယ်လို့ သမုတ်သေးတာ။)

အနော်ရထာဟာ ဗုဒ္ဓဘာသာ ဖြစ်သွားတဲ့နောက် ပိဋကတ်သုံးပုံကို လိုချင်ခဲ့တယ်။ သထုံမှာ ပိဋကတ်သုံးပုံ အစုံ ၃၀ နဲ့ ဓာတ်တော်မွေတော်တွေလည်း ရှိကြောင်း ရှင်အရဟံကနေတဆင့် သူသိထားတယ်။ ပထမ တမန်လွှတ်ပြီး တောင်းတယ်။ နောက် မရတော့ တိုက်တယ်ပေါ့။

တပ်မတော်သားအင်အားဟာ အဲဒီခေတ်နဲ့ ရှစ်ကုဋေ နဲ့တဲ့။ ခုခေတ် တောင် မြန်မာတစ်ပြည်လုံးပေါင်း ၅၅ သန်းတောင် မပြည့်ချင်ဘူး။

စစ်ကြောင်းချီရာမှာ ရေတပ်ဆိုရင် ပုဂံကနေ ပဲခူးအထိ ဧရာဝတီမြစ်ရိုး တလျှောက် ရှည်လျားသတဲ့။ ထားပါတော့လေ။ ဒီလို တပ်အင်အားနဲ့ တိုက်တာတောင် မြို့ရိုးပေါ်က သရဲတစ်ကောင်ကြောင့် မနိုင်ဘူးတဲ့။ အကြောင်းရင်းက သထုံဘုရင်က မြို့ရိုးမှာ ဗြတ်ဝိရဲ့ သွေးတွေလောင်းပြီး ထောင့်လေးထောင့်မှာ အရိုးတွေမြုပ်ထားလို့တဲ့။

ဘယ့်နှယ် . . . သာသနာအတွက် စစ်တိုက်တဲ့လူတွေ သရဏဂုံလေးတောင် ရပုံမရဘူး။ သရဲအစွမ်း အံ့မခန်းပါပဲ။

နောက် သထုံရတယ်ပေါ့။ အဲဒီမှာ ဘုရင် မနူဟာကို ဖမ်းခေါ်လာပြီး။ စံနန်းနဲ့တကွ ထားတယ်တဲ့။ ဒါပေမဲ့ မနူဟာကတော့ သူ့ရင်ထဲကခံစားမှုကို မနူဟာဘုရားတည်ပြီး ပြသလိုက်တယ်တဲ့။
မနူဟာဘုရားထဲ ဝင်လိုက်တာနဲ့ မနူဟာဘုရင်ရဲ့ရင်ထဲကိုဝင်လိုက်ရသလို ကူးစက် ခံစားရတယ်။ အနိမ့်စံ ဘဝရဲ့ မွန်းကြပ်မှု၊ မလွတ်လပ်မှု၊ စစ်ရှုံးခဲ့ရတဲ့သိမ်ငယ်မှု စတဲ့ ဒုက္ခတွေကို ခံစားမိတယ်။

မနူဟာဘုရားဟာ တကယ်တော့ မနူဟာဘုရင်ရဲ့  ခံစားချက်ကို performance နဲ့ ဖော်ပြတာပဲ။
ဘုရားရိပ်တရားရိပ် တယ်အေးဆို . . . သွားကြည့်ပေါ့လေ။
ပြီးတော့ ဗုဒ္ဓဘာသာဘုရင်တစ်ပါးရဲ့ ဆုတောင်းတာကြီးကို မှန်နန်းမှာဖော်ပြတာက“သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို” လို့ တဲ့။ သံဝေဂ ရစရာကြီး။ ဗုဒ္ဓဘာသာ ဘယ်လိုများထွန်းကားနည်းမျိုးပါလိမ့်။

အနော်ရထာက ဗုဒ္ဓဘာသာ ဖီးတွေတက်နေပြီ။ သထုံကို တိုက်တာနဲ့တင် မပြီးနိုင်ဘူး။ တရုတ်မှာ ဗုဒ္ဓစွယ်တော် ရှိတယ် သိတဲ့အခါ ဂန္ဓာလရာဇ်တိုင်း ခေါ် တရုတ်ပြည်ကို သွားတယ်။ တရုတ်ဘုရင်  ဦးတည်ဘွားက ထွက်တွေ့ဘူး။ ဒါနဲ့ အနော်ရထာက ရွှေဖျဉ်းညီနောင်ကို မြို့တွင်း ခိုးဝင်ခိုင်းပြီး ဦးတည်ဘွားကိုယ်မှာထုံး သုံးတန်အတားခိုင်း လိုက်တယ်။ အနော်ရထာ ပေးအပ်တဲ့ တာဝန်ကို ရွှေဖျဉ်းညီနောင်ကို စွမ်းရည်အပြည့်နဲ့ လုပ်ပေးတယ်။ အဲ့ဒီအခါကျမှ ဦးတည်ဘွားက ထိတ်လန့်ပြီး အနော်ရထာကို လက်ခံတွေ့ဆုံပါတယ်။
အပြန်အလှန် ဆွေးနွေးကြရင်း နောက်ဆုံး ဦးတည်ဘွားက စွယ်တော်မြတ်ကို ပင့်ဖို့ခွင့်ပြုပါတယ်။ ဒါပေမယ့် ဘုရားဗျာဒိတ်တော်အရ စွယ်တော်မြတ်ဟာ တရုတ်ပြည်မှာပဲ ကိန်းဝပ်ရမယ်ဆိုတော့ အနော်ရထာ ကိုယ်တိုင်ပင့်တာ ပင့်လို့မရဘူး။

ဒါနဲ့ပဲအနော်ရထာ စွယ်တော် မရဘဲ တပ်ခေါက် အပြန် ရှမ်းပြည်ကို လှည့်ဝင်တယ်။ ရှမ်းစော်ဘွားက သူ့သမီး စောမွန်လှကို ဆက်တယ်။
ကျောက်ဆည်အရပ်ရောက်တော့ စောမွန်လှနဲ့ ပတ်သက်ပြီး ရွှေဖျဉ်းညီနောင်ကို မယုံကြည်တဲ့အတွက် အနော်ရထာက သတ်စေအမိန့်ပြုသတဲ့။ အဲ့ဒီလို ကွပ်မျက်ပြီး ခရီးဆက်အထွက်မှာ ဝိညာဉ် ဖြစ်သွားတဲ့ ညီနောင်က ဖောင်ကို ဆွဲထားလို့မထွက်နိုင်ဖြစ်ရတယ်။ ဒါနဲ့ပဲ အနော်ရထာက ရွှေဖျဉ်းညီနောင်ကို တောင်ပြုံးမှာ ကွန်းဆောက်ပြီးနေစေလို့ ဆိုတဲ့အခါကျမှာ ဖောင်တော် ခရီးဆက်လို့ ရခဲ့ပါတယ်။

တွေးကြည့်လေ. . . .  ဘယ်သူမှ ဝင်လို့မရတဲ့ နန်းတော်ထဲဝင်ပြီး တရုပ်ဘုရင်ကို ထုံးသုံးချက် ဝင်တားတဲ့ တိုင်းပြည်ရဲ့ သူရဲကောင်းနှစ်ယောက်ကို ဖွန်ကိစ္စနဲ့ သတ်ပစ်တယ်။
ဗုဒ္ဓသာသနာထွန်းကားစေချင်တဲ့ မင်းက ယနေ့ခေတ် တောင်ပြုံးပွဲကြီးရဲ့  အုတ်မြစ်ချပေးသူကြီးဖြစ်သွားတယ်။

 အနော်ရထာဟာ သရေခေတ္တရာဘက်ရောက်တော့ ဒွတ္တပေါင်မင်းတည်တဲ့ စေတီကိုဖျက်တယ်။ဌာပနာထားတဲ့ ဓာတ်တော် နဖူးသင်းကျစ်ကို ယူပြီး ပုဂံမှာ ရွှေစည်းခုံစေတီတည်တယ်။ သာသနာပြုမင်းကြီးရဲ့ လုပ်ချက်တွေ။

သရေခေတ္တရာမြို့ကိုလည်း ရန်သူတို့ အသုံးချမှာစိုးရိမ်တဲ့အတွက် ဖျက်ဆီး ပစ်ခဲ့တယ်တဲ့ . . . စေတနာတွေ . . .။

ရခိုင်ရာဇဝင်မှာလည်း အနော်ရထာ ရခိုင်ကို ချီတက်ပြီး မဟာမြတ်မုနိ ဘုရားကိုပင့်တာ မရတဲ့ အတွက် သင်းကျစ်ဓာတ်တော်ကိုပဲ ပင့်ဆောင် သွားရတယ်လို့ မှန်နန်းက ဖော်ပြပါတယ်။ မှန်နန်းကတော့ သင်းကျစ်တော် ဓာတ်တော်၂ခု (ရခိုင်တစ်ခု၊ သရေခေတ္တရာတစ်ခု) ဖြစ်မယ်လို့ ယူဆကြောင်း ရေးသားထားပါတယ်။
ပုဂံမှာ သာသနာပြုဖို့ တပြည်လုံးပတ်မွှေတာ။

ပဲခူးဘုရင်က အနော်ရထာဘုရင်ကို သူ့အချစ်ဆုံး သမီးတော် ရွှေအဆင်းရှိ မဏိစန္ဒာနဲ့ အလေးချိန်တူတဲ့ ခြင်္သေ့ရုပ်တု ကိုလည်း တစ်ပါတည်း လက်ဆောင်ပေးလိုက်တယ်။ လမ်းမှာ ကျန်စစ်သားက မဏိစန္ဒာနဲ့ ဖောက်ပြားမိတယ်။ အနော်ရထာဆီရောက်လို့ အလေးချိန် ပြန်ချိန်တဲ့ အခါမှာ မဏိစန္ဒာက ခြင်္သေ့ရုပ်ထက် ပိုလေးနေသတဲ့။

စဉ်းစားတယ် ဒီဘဲ ကောင်မလေးဗိုက်ထဲကို ဘာတွေထည့်လိုက်သလဲလို့ . . . .

သာသနာပြုမင်းကြီးလည်း ဒေါသအိုး ပေါက်ကွဲပြီး'' ငါ့လို ဘုရင်၊ ငါ့ရဲ့ ဘဏ္ဍာကိုမှ လုပ်ရက်လေခြင်း ပေါ့လေ။''
ကျန်စစ်သားကို ကြိုးတုပ်ပြီး လက်ထဲက အရိန္ဒမာလှံနဲ့ လှမ်းပစ်တာ . . . ခြင်တောင်မလွဲပါဘူးဆိုတဲ့ ဘုရင်ကြီးက မစိတ်မွှန်ပြီး ပစ်လိုက်တာ ကြိုးတွေ ပြတ်ထွက်ကုန်တယ်တဲ့။ ကျန်စစ်သားလည်းလှံကို ကောက်ကိုင်ပြီး တဟုန်ထိုး ထွက်ပြေးသွားတယ်တဲ့။

အဲလဲ . . . သာသနာပြုမင်းကြီးက ဂျွမ်းစစ်သည်လေးသိန်းကို လေးယောက်ထဲနဲ့ အပြတ်ဖြိုခဲ့တဲ့ သူရဲကောင်းကြီးတစ်ယောက်ကို ဂုဏ်ပြုပေးချက်ကြီးက ပီတိမျက်ရည်ကျစရာ . . .

သိကြားမင်းပေးတဲ့ လှံကြီးနဲ့ ပုပ္ပားကနေ ထောက်ခုန်လိုက်တာ မန္တလေးတောင်ခြေ ရောက်တဲ့ ကျန်စစ်သားဟာ ရေတစ်တန်၊ကုန်းတစ်တန် ပြေးတာကို အနော်ရထာလွှတ်လိုက်တဲ့ ကုလားတပ်သား ၇ ယောက် က အမီလိုက်နိုင်သတဲ့။
အွန်း . . . . ဘယ်သူပိုစွမ်းလဲ တွေးကြည့်ပေါ့။

 အဲ့ဒီ တပ်မတော်သား ၇ယောက်ဟာ ကျန်စစ်သားကို လင်းလင်းရှင်းရှင်း မတိုက်ရဲဘဲ သူအိပ်ပျော်မှ တိုက်မယ်လို့ ရည်ရွယ်ပြီး ခြုံထဲပုန်းနေစဉ်မှာ ဘယ်လိုမှ လှံစိုက်မရလို့ ဒေါသထွက်ထွက်နဲ့ ခြုံထဲ ပစ်ထည့်လိုက်တဲ့ လှံက အဲ့ဒီ ၇ ယောက် စလုံးကို ထုတ်ချင်းပေါက်ပန်းသီသလို ထိုးစိုက် သွားပါသတဲ့။

အမေးဇင်း .   . .

ပုဂံမြို့ကြီးမှာ ကပ်ရောဂါတွေဖြစ်တော့ ဗားမဲဆရာတော်ဟာ သုဝဏ္ဏဘူမိ အထွက်အင်းကို ကျီးမနိုးထန်းရွက်မှာ ချပြီ ပုဂံမြို့ လေးထောင့်မှာ စိုက်တဲ့အခါ ကပ်ရောဂါတွေပျောက်ကုန်သတဲ့။ နောက်တစ်ဖန် သုဝဏ္ဏဘူမိ အဝင်အင်းကို ပြန်ချပြီး မြို့လေးထောင့်မှာ ထပ်စိုက်တဲ့အခါ ရွှေမိုး ငွေမိုးတွေရွာပြီး ပုဂံပြည်ကြီးဟာ ကြက်ပျံမကျ စည်ကားချက် မုဆိုးမတွေတောင် ဘုရားတည်နိုင်သတဲ့ . . . ။

ဒီအတိုင်းသာဆို ပုဂံပြည်ကြီးဟာ မင်းမြတ်အနော်ရထာကြောင့် မဟုတ်ဘဲ ဗားမဲဆရာတော်ကြောင့် စည်ကားရတယ်ဆိုတာ ပေါ်လွင်လာပြန်တယ်။
အိုဘယ့် အနော်ရထာ . . . လို့ တမိပါရဲ့ . . .

သာသနာပြုမင်းကြီး အနော်ရထာဟာ ညောင်ရွှေဘက်က ဘုရားတည်ပြီးအပြန်၊ မြို့ထဲအဝင်မှာ ကျွဲရိုင်းကို ကိုယ်တိုင်ဆင်စီးပြီး တိုက်ရာမှာ ကျွဲခတ်လို့ သေတယ်တဲ့။ သေတဲ့အချိန်မှာသက်တော် ၇၅ နှစ် ရှိပြီတဲ့။
သြော်  စစ်သည် ရှစ်ကုဋေအင်အားတောင့်တင်းတဲ့ ဧကရစ်ကြီးဟာ ကျွဲကို ဆင်စီးပြီးတိုက်သတဲ့။ အဲဒီကျွဲခတ်လို့သေသတဲ့။ စဉ်းစားကြည့်တယ် ဒီကျွဲဟာ ကျွဲပျံဖြစ်မယ်. . .

မြန်မာ့သမိုင်းဆိုတာ . . . . .

နဒီမင်း
22-July-2018
via Peter Kyaw







https://m.facebook.com/story.php?story_fbid=2111884452419821&id=100007948600963

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပုဂံရာဇဝင် နဲ့ တလွဲများ”

Post a Comment

Related Posts Plugin for WordPress, Blogger...