Tuesday, January 9, 2018

ဒီချုပ်ဦးဝင်းထိန်

,
ဗိုလ်ဝင်းထိန် တစ်ဖြစ်လဲ ဒီချုပ်ဦးဝင်းထိန်ဟာ DSA စစ်ကျောင်းဆင်းဖြစ်တယ်။ သူဟာအခြားစစ်ကျောင်းဆင်းအများစုနဲ့ဘာကွာသွားလဲဆို သင်းကွဲဖြစ်သွားခြင်းဘဲ။ သူ့လုပ်ဖော်ကိုင်ဖက် ဗိုလ်အုန်းကျော်မြင့်ကတော့ ဗိုလ်နေဝင်း၊ ဗိုလ်စန်းယုတို့ကိုသတ်ရန်ကြံစည်မှုနဲ့ ကြိုးစင်အတင်ခံရရှာတယ်။ တနွယ်ငင်တစင်ပါဖြစ်ရှာလေတော့ ဗိုလ်ဝင်းထိန်လည်း DSA စစ်ဗိုလ်အဝန်းအဝိုင်းပြင်ပကို သက်လျှောရလေသည်ပေါ့။ ဗိုလ်နေဝင်းကတော့ ဗိုလ်အုန်းကျော်မြင့်သေဒဏ်ကိုအတည်ပြုစဉ်က စိတ်မကောင်းစွာနဲ့ပြုရတယ်ရယ်ဆိုတဲ့ အရေးအသားမျိုးတွေလည်း တွေ့ရပါသေးတယ်။ အမျက်အာဃာတအင်မတန်ကြီးပြီး အနိုင်ချည့်လိုချင်တဲ့ဗိုလ်နေဝင်းနှုတ်က ဒီလိုပြောခဲ့တယ်ဆိုရင်တော့ ဖိနပ်ကြားက နတ်စကားထွက်ခြင်းလို့သာဆိုရမှာဖြစ်ပါတယ်။ ကိုယ့်အာဏာအတွက်သာသိတတ်ပြီး နိုင်ငံ့ဘဏ္ဍာကိုဖာချရင်းခိုးဝှက်သွားသူတစ်ယောက်အနေနဲ့ နိုင်ငံနဲ့လူမျိုးကိုမျက်နှာမူသူတစ်ယောက်အပေါ် ဘယ်နည်းနဲ့မှစိတ်ကောင်းထားနိုင်ဖို့အကြောင်းမရှိပါဘူး။

ဗိုလ်နေဝင်းအမျက်ရှခံရတဲ့ ဗိုလ်ဝင်းထိန်တို့တစ်အုပ်လည်း ဘဝဖြတ်သန်းရတာမလွယ်ကူခဲ့ကြပါဘူး။ မဆလခေတ်ဆိုတာ နဝတခေတ်လို စစ်ဗိုလ်တွေ ရွာထဲသူပုန်ဝင်သလိုထင်တိုင်းကြဲခွင့်ရတာမဟုတ်ဘဲ လုပ်ပိုင်ခွင့်ရှိသူများအနေနဲ့တိတ်တိတ်ခိုးပြီး အရိပ်အကဲကြည့်ကြရတဲ့ကာလဖြစ်ခဲ့တာပါ။ အခန့်မသင့်ရင် ဆိုရှယ်လစ်စီးပွါးကာကွယ်ရေးအက် အစရှိတာတွေနဲ့ဆွဲစေ့ခံရပြီး နရသိမ်ရောက်သွားနိုင်လို့ပါဘဲ။ ဒီအတွက် စစ်ဗိုလ်ဟောင်းတွေ၊ တပ်မှူးဟောင်းတွေရင်ထဲ မဆလနဲ့ဗိုလ်နေဝင်းအပေါ် နာကျည်းမှုအနည်းနဲ့အများရှိခဲ့မှာ မလွဲဧကန်ပါဘဲ။ ဒါကြောင့် စစ်အာဏာသိမ်းပြီး ၁၉၈၈ နောက်ပိုင်းမှာ ပေါ်ထွန်းလာတဲ့ ဒီချုပ်ပါတီထဲ တကယ့်ကိုထက်မြက်တဲ့ စစ်ဗိုလ်ဟောင်းတွေ ပါဝင်အားဖြည့်ခဲ့တာမဟုတ်လား။

၁၉၈၈ နောက်ပိုင်းဟာ ဗမာပြည်စစ်တပ်ရဲ့အရိုင်းဆုံးသမိုင်းကို မော်ကွန်းထိုးနေတဲ့အချိန်ဖြစ်ပါတယ်။ ခိုးဖော်ဝှက်ဖော်တိုက်ဖော်လုဖော် အထက်အောက်အုပ်စုတွေကလွဲလို့ ဗမာစစ်တပ်ဟာ အရည်အချင်းရှိတဲ့စီနီယာတွေကိုလည်းမလေးစားကြတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ဗိုလ်ဝင်းထိန်တို့လိုနိုင်ငံရေးလုပ်တဲ့စစ်ဗိုလ်တွေကို ရာထူးအာဏာလက်ရှိဖြစ်တဲ့ဂျူနီယာတွေက ပယ်ပယ်နယ်နယ်တွယ်ကြပါတယ်။ ကျန်းမာရေးချို့တဲ့သူတွေသေဆုံးဒုက္ခိတဖြစ်ရပြီး အသက်မွေးမှုမခိုင်ခန့်သူတွေဘဝပျက်ရတာဟာ စစ်အစိုးရခေတ်ရဲ့ပကတိသရုပ်မှန်ဘဲဖြစ်ပါတယ်။ ဒီအထဲဗိုလ်ဝင်းထိန်တို့ကနေ့လိုအသက်နဲ့ခန္ဓာအိုးစားမကွဲသေးတာဟာ ကံထူးလွန်းလို့ပါ။

ဗိုလ်ဝင်းထိန်တို့လိုစစ်သားဟောင်းမျိုးတွေဟာ ပုစွန်ဆီဆိုရင် ဗိုလ်သန်းရွှေ၊ ဗိုလ်အောင်သောင်း၊ ဗိုလ်ရှစ်လုံး၊ ဗိုလ်လှဆွေ၊ ဗိုလ်ရဲထွဋ်တို့လို သူခိုးတွေ ပေါက်လွှတ်ပဲစားတွေဟာ ဥတုနဲ့တူတယ်လို့ဆိုရမှာပါ။ ဥတုနဲ့တူတဲ့၊ တိုင်းပြည်အတွက်အညစ်အကြေး အလှေးအမွှားတွေ ပြည်သူ့ဓနကိုခိုးဝှက်ကြသလိုမျိုး ဗိုလ်ဝင်းထိန်တို့ ဘယ်တုန်းကမှ မကျူးလွန်ခဲ့ကြပါ။ ဒီအတွက် စိန်စီသောညလို ဗိုလ်သန်းရွှေသမီးဆင်မြန်းထားတဲ့ သွေးစွန်းသောကျောက်မျက်လည်ရွဲများကို ဗိုလ်ဝင်းထိန်တို့ ဘယ်သောအခါမှ ပိုင်ဆိုင်ခွင့်ရလိမ့်မှာမဟုတ်ပါဘူး။

ဒီချုပ်အာဏာရနေဆဲမို့ ဗိုလ်ဝင်းထိန်ရင်သွေးတွေထိမ်းမြားတဲ့အခါ မင်းပရိသတ်ထူပြောချင်ထူပြောပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါပွဲလမ်းတွေမှာတန်ဆာဆင်သမျှကတော့ ပြည်သူ့မျက်ရည်၊ တိုင်းပြည့်ဘဏ္ဍာ၊ နိုင်ငံ့ပိုင်ဆိုင်မှုတွေ လုံးဝ မဟုတ်ဘူးဆိုတာကိုတော့ ချေးစားကြီးသလိုရှင်သန်နေကြတဲ့ စစ်ဗိုလ်သူခိုး၊ စစ်ဗိုလ်ဓမြအသိုင်းအဝိုင်းအနေနဲ့ နားလည်သဘောပေါက်ဖို့ခက်ခဲနေလိမ့်ဦးမှာဖြစ်ပါကြောင်းဗျာ ။     ။

ရှင်းတဲ့
လင်းမြတ်


https://m.facebook.com/story.php?story_fbid=377404352705072&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီချုပ်ဦးဝင်းထိန်”

Post a Comment

Related Posts Plugin for WordPress, Blogger...