Saturday, January 5, 2019

AA အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်

,
■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

မနေ့က မနက်ပိုင်းတုန်းက ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခု ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် AA အဖွဲ့ကို အမှုဖွင့်ထားလို့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက RFA ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

AA အဖွဲ့ကို ငမြင်းဘော်နဲ့ ကျောင်းတောင် ရဲကင်းစခန်း စတဲ့ ရဲကင်းစခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်တာကြောင့် ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေစခန်းမှာ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)ပုဒ်မ နှစ်ခုစီနဲ့ အရေးယူထားသလို့ ခထီးလှနဲ့ ဂုပ္ပိ ရဲကင်းစခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ တစ်ခုစီနဲ့ အမှုဖွင့် အရေးယူထားတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

AA အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး AA အဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

မနေ့က ရဲကင်းစခန်း လေးခု တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

RFA သတင်း

https://www.facebook.com/39218993127/posts/10158385524748128/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “AA အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်”

Post a Comment

Related Posts Plugin for WordPress, Blogger...