Sunday, January 27, 2019

အားနာပါတယ် ဦးကိုနီ(မြေးချစ်ညို)

,
“ခင်ဗျားတို့ရှက်တတ်ရင် ခင်ဗျားတို့ကိုယ်ပေါ်မှာ ခြုံထားတဲ့ ဝတ်ရုံအနက်တွေကို ချွတ်လိုက်ကြပါ၊ တရား ဥပဒေရဲ့သမီးပျိုဟာ အဓမ္မအကြိမ်ကြိမ် အကျင့်ခံနေရပါပြီ”
           (ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒဲလ်ကတ်စ်ထရို)

ကျူးဘားတော်လှန်ရေးခေါင်းဆောင်ဖြစ်တဲ့ ဖီဒဲလ် ကတ်စ်ထရိုကို အာဏာရှင် ဘာတစ္စတာအစိုးရက ဖမ်းဆီး ပြီး တရားရုံးကိုထုတ်တဲ့အခါမှာ တော်လှန်ရေးခေါင်း ဆောင်ကြီးက တရားခွင်ကတရားသူကြီးတွေကို အထက်မှာ ဖော်ပြထားတဲ့စကားအတိုင်းပြောဆိုလိုက်တာပါ။

နိုင်ငံရဲ့တရားဥပဒေဟာ အာဏာရှင်တွေရဲ့ ခြယ် လှယ်မှုကိုခံရပြီး တရားရုံးဆုံးဖြတ်ချက်တွေကလည်း လွတ်လပ်မှုမရှိဘဲ အာဏာရှင်တွေအကြိုက်လုပ်ပေးနေရလို့ ကတ်စ်ထရိုက အဲဒီလိုပြောပြီး တရားဥပဒေရဲ့သမီးပျိုဟာ လည်း အဓမ္မအကြိမ်ကြိမ်အကျင့်ခံနေရပြီလို့ ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

လာမည့် ဇန်နဝါရီ၂၉ရက်နေ့ဆိုရင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရတာဟာ ၂နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ ဒီလို၂နှစ်ပြည့်တဲ့ထိအောင် ဦးကိုနီကို ဘယ်သူသတ်ခိုင်းသလဲဆိုတာ တရားရုံးက စစ်ဆေးလို့ မပြီးသေးပါဘူး။ ရုံးချိန်းပေါင်းတစ်ရာကျော်ပြီဖြစ်သလို သက်သေမြောက်အများကိုလည်း စစ်ဆေးပြီးနေပြီဖြစ်ပါ တယ်။

လူသတ်တရားခံလို့ ရုပ်သံမှတ်တမ်းများနဲ့ ဓာတ်ပုံ မှတ်တမ်းများအရရော သိသာထင်ရှားလွန်းတဲ့ တရားခံ ကြည်လင်းကို ဖမ်းမိထားတာတောင်မှ ပြတ်သားတဲ့အမိန့်ကို တရားရုံးက ဒီနေ့ထိချမှတ်နိုင်ခြင်းမရှိတဲ့အပေါ် မြန်မာ့တရား ရေးမဏ္ဍိုင်ကြီးဟာလည်း အဓမ္မအကြိမ်ကြိမ်အကျင့်ခံ နေရတုန်းလားလို့ မေးခွန်းထုတ်ရမယ့်အခြေအနေ ရောက်နေ ပြီဖြစ်ပါတယ်။

အမှုစစ်ဆေးနေတဲ့အနေအထားဟာ ကိုးဆယ့်ငါး ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သလို တရားခံပြသက်သေ  နှစ်ဦးကို စစ်ဆေးပြီးရင် အမှုအပြီးသတ်တော့မယ်ထင်တယ်လို့ ဦးကိုနီ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးမင်းမင်းဇော်ရဲ့ ပြောကြားချက်ကိုကိုးကားပြီး လွတ်လပ်တဲ့အာရှအသံ က ရေးသားဖော်ပြထားတာကို ဖတ်ရပါတယ်။

လူလယ်ကောင်မှာလူသတ်တာကို အားပေးကူညီပြီး ခြေရာဖျောက်သွားတဲ့ သံသယရှိသူ အောင်ဝင်းခိုင်ကိုတော့ ခုချိန်ထိ ရှာဖွေမတွေ့ပါဘူး။ ထပ်လည်းရှာဖွေဖို့မလုပ်ကြပါ ဘူး။ ဒီတော့ လူသတ်မှုကိုလွတ်လပ်စွာလုပ်၊ ပြေးတဲ့သူတွေ ကလည်း အေးအေးဆေးဆေးပြေး၊ မိထားတဲ့သူတွေ ကလည်း ထောင်ထဲမှာ သာသာယာယာနေလို့ရနေအောင် ဘယ်လိုအထောက်အပံ့မျိုးတွေကများ နောက်ကွယ်မှာရှိနေ လဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

အမှုတစ်ခုကို ရုံးတင်စစ်ဆေးနေတယ်ဆိုတာ ဒီအမှုမှာ နောက်ထပ်ဘယ်သူတွေပါသလဲ၊ ဘယ်သူတွေက ညွှန်ကြား သလဲဆိုတာစစ်ဆေးပြီး နောက်ဆက်တွဲတရားခံတွေကို ဆက်လက်ဖော်ထုတ်ရမှာပါ။ အဲဒီလိုဖြစ်လာလိမ့်မယ်လို့ တော်တော်များများကမျှော်လင့်ကြသလို၊ နောက်ကွယ်ထိ ဖော်ထုတ်နိုင်မယ့်အမှု မဟုတ်ပါဘူးလို့ ထင်ကြေးပေးကြတဲ့ လူအများစုလည်းရှိနေပါတယ်။

လုပ်ကြံခံရသူ ဦးကိုနီဟာ တရားလွှတ်တော်ရှေ့နေ တစ်ယောက်ဖြစ်တယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အကြံပေးရှေ့နေလည်းဖြစ်သလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အစိုးရအဖွဲ့ကိုဦးဆောင်နိုင်ဖို့ လမ်းကြောင်းချပြခဲ့သူလည်းဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံ့ အတွက်ပေးဆပ်လုပ်ကိုင်ခဲ့သူတစ်ယောက် လုပ်ကြံခံရတာ တောင် ဘယ်သက်ဆိုင်ရာအဖွဲ့အစည်းကမှ နောက်ဆက်တွဲ တရားခံတွေဖော်ထုတ်ဖို့၊ ထွက်ပြေးနေတဲ့ တရားခံကို လိုက်လံဖမ်းဆီးဖို့ဆိုတာကို ကြိုးစားပမ်းစားလုပ်ဆောင်ခြင်း မရှိတာတွေအတွက် ကွယ်လွန်သူဦးကိုနီကို အားနာမိရ ပါတယ်။ ဒါ့အပြင်ပိုဆိုးတာက သက်သေအဖြစ် စစ်ဆေးဖို့ တရားရုံးက ဆင့်ခေါ်တာတောင် ရဲမှူးကြီးဝင်းမင်းသိန်းဟာ နှစ်ကြိမ်တိုင်တိုင်ပျက်ကွက်ခဲ့တာတွေ့ရပါတယ်။

မကြာခင်မှာ အပြီးသတ်လျှောက်လဲချက်တွေပေးပြီး အမှုကိုစီရင်ဆုံးဖြတ်တော့မှာဖြစ်တဲ့အတွက် ဒီအမှုဟာ တစ်တိုင်းပြည်လုံးသာမက အခြားနိုင်ငံတွေကပါ စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေကြမယ်ဆိုတာ သေချာပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်မှု၊ ဘက်မလိုက်တဲ့တရားရေး ဖြစ်လာ မလားဆိုတာ မကြာခင်သိရတော့မှာဖြစ်သလို တရားဥပဒေ ဟာ ရာထူးကြီးငယ်မရွေး အပြစ်ရှိရင် အရေးယူလို့ရတယ် ဆိုတာကိုလည်း ပြသဖို့လိုပါပြီ။ လုပ်ကြံသတ်ဖြတ်မှုနောက် ကွယ်မှာ  ဘယ်သူရှိနေသည်ဖြစ်ပါစေ အားလုံးကိုဖော်ထုတ် အရေးယူဖို့ အရေးကြီးတယ်ဆိုတာကိုတင်ပြရင်း ရုံးချိန်း ပေါင်းတစ်ရာကျော်ထိ မပြီးပြတ်နိုင်သေးတဲ့အမှုအတွက် ကွယ်လွန်သူဦးကိုနီကို သက်ဆိုင်သူများကိုယ်စား အားနာ မိရင်း ...။


https://www.facebook.com/714912165290510/posts/1978133528968361/p

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အားနာပါတယ် ဦးကိုနီ(မြေးချစ်ညို)”

Post a Comment

Related Posts Plugin for WordPress, Blogger...