Thursday, April 30, 2020

“ဘုန်းကြီးခရိုနီများ၏ အတွင်းရေး”

,
မနေ့က အသိဒကာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ “ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ” လို့မေးတော့ …. “တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစား စေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား” လို့ ပြောပါတယ်။

ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ခရိုနီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော် အတွင်းမှာလည်းပဲ သာသနာတော်ရဲ့ အကျိုး စီးပွားကို ဆောင်ရွက်နေတာလိုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ဘဝကြီး တစ်ခုလုံးကို ပေးဆပ်နေတာ လိုလိုနဲ့ ဟန်ရေး ပြပြီး “ထောင်မြင်လို့ ရာစွန့်” လုပ်နေကြတဲ့ ဘုန်းကြီးစီးပွားရေးသမားတွေ၊ အာဏာပိုင်တွေ၊ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံတွေနဲ့ ပူးပေါင်းပြီး သူတို့ထင်ပေါ်ကျော်ကြားဖို့ အတွက်၊သူတို့ဘဏ်အကောင့်ထဲမှာ သိန်းထောင်ဂဏန်း ၊ သောင်းဂဏန်း ရှိနေဖို့အတွက် သာသနာတော်  ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ “ဘုန်းကြီးခရိုနီ”တွေ၊  သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အောက်ခြေ သံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိ လိုက်ပါတယ်။

ပြီးခဲ့တဲ့စစ်အစိုးရက သူတို့ကုလားထိုင်ကို လာ မလှုပ်ရင်ပြီးတာပဲ ဆိုပြီး ဘုန်းကြီးတွေ ဘာလုပ် လုပ် မသိသလို မမြင်သလို နေပေးခဲ့တာတွေ ကြောင့် ဘုန်းကြီးခရိုနီတွေ၊ ဘုန်းကြီး စီးပွားရေး သမားတွေ တိုးပွားလာခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ မဟန အဖွဲ့ကြီးကိုတောင်မှ စစ်အစိုးရနဲ့ အလွမ်း သင့်တဲ့ ဘုန်းကြီးခရိုနီ ရ၅ ရာခိုင်နှုန်းလောက်က ကြီးစိုးထားနိုင်ခဲ့ပါတယ်။

မဟနအဖွဲ့ကြီးမှာ ဘုန်းကြီးခရိုနီတွေ တန်ခိုး ထွားအောင် စစ်အစိုးရက မသိဟန် မမြင်ဟန် ဆောင်ခဲ့တာတွေရှိသလို ဘုန်းကြီးခရိုနီတွေ ရာထူးကနေ မည်သည့် အကြောင်းကြောင်းနဲ့မှ ပြုတ်မသွားရအောင်လည်း နောက်ကွယ်ကနေ တစ်မျိုး၊  ပေါ်ပေါ်တင်တင်တစ်မျိုး နဲ့  ပံ့ပိုးပေးခဲ့ တာကြောင့် ဘုန်းကြီးခရိုနီ တွေဟာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ လာဘ်စားပြီး ဓမ္မကို အဓမ္မ၊
အဓမ္မကို ဓမ္မ လုပ်နေရာကနေ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ပါ ဗြောင်လုပ်လာကြ ပါတော့ တယ်။

ထိုအခါမှာ မဟနအဖွဲ့ရဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီးက “ဒီစီရင်ဆုံးဖြတ်ချက်တွေဟာ တရားနဲ့ လျော်ညီ ခြင်းမရှိလို့  ပြန်လည်ဆုံးဖြတ်ပါ”လို့ ပြောဆိုတဲ့ အခါတိုင်း မဟနအဖွဲ့ရဲ့ ဘုန်းကြီးခရိုနီ ခေါင်း ဆောင် ကြီးက “ဆရာတော်မကျေနပ်ရင် မဲခွဲပြီး ဆုံးဖြတ်ကြမယ်လေ” လို့ ပြောဆိုပါတယ်။
မဲခွဲ ဆုံးဖြတ်တဲ့အခါတိုင်းမှာလည်း ဘုန်းကြီး ခရိုနီတွေက အင်အားကောင်းနေတာကြောင့် မင်းကွန်းဆရာတော်ကြီးပဲ အမြဲရှုံးပါသတဲ့။

တစ်ခါတုန်းက အထက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးနဲ့ အောက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးတို့ဟာ ကျောင်းအမှု တစ်ခုကို ငွေ သုံးသိန်း လာဘ်စားပြီး မတော်မတရား ဆုံးဖြတ် လိုက်တာကိုသိရှိလိုက်ရတဲ့ မင်းကွန်းဆရာတော် ဘုရားကြီးဟာ“သုံးသိန်းကြီးများတောင်၊ သုံးသိန်း ကြီးများတောင်”လို့ ပြောဆိုရေရွတ်ကာ မျက်ရည် ပေါက်ပေါက်ကျတော်မူ ခဲ့ရှာတယ်လို့ ဆရာဘုန်း ကြီးက စာဝါချရင်း ပြောဆိုခဲ့တာကို ကိုရင်ဘဝ တုန်းက မှတ်သားဖူးပါတယ်။

တစ်ခါတုန်းကတော့ လက်ရှိ မဟန ဥက္ကဋ္ဌ ဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးကို မင်းကွန်းဆရာတော် ဘုရားကြီးက တိနိကျောင်းတိုက်ရဲ့ စာချနာယက အဖြစ် ခန့်အပ်တဲ့ပွဲ အခမ်းအနားမှာ ဗန်းမော် ဆရာတော်ကြီးကို ချီးကျူးတော်မူရင်း စကားစပ် သွားတာနဲ့ မဟနအဖွဲ့မှာ ဘယ်ဘုန်းကြီးတွေက ဘယ်လိုလာဘ်စားပြီး မှုခင်းဓမ္မကံတွေကို မတော်မတရား အဂတိလိုက်ပြီး ဆုံးဖြတ်တဲ့ အကြောင်းကို ပြောဆိုမိသွားပါတယ်။

ထိုအခါမှာ အနားမှာထိုင်နေတဲ့ မဟနအဖွဲ့မှာ တွဲဖက်အကျိုးတော်ဆောင်ရာထူးကို ရယူထားတဲ့ ဘုန်းကြီးခရိုနီ ခေါင်းဆောင်ကြီးက“ကိုယ်တော် ကြီး သေခါနီးနေမှ ဘယ် သူများ မကောင်း ကြောင်း ပြောနေရတာတုံး” လို့ ငေါက်ငမ်းလိုက် တာကြောင့် မင်းကွန်းဆရာတော်ဘုရားကြီးက လက်အုပ်ကလေးချီ၍ “တပည့်တော် အမှန်တွေ ပြောမိလို့ ခွင့်လွှတ်တော်မူပါဘုရား” လို့ ပြန်လည် တောင်းပန်လိုက်ရပါတယ်။

ဘုန်းကြီးခရိုနီတွေဟာ စစ်အစိုးရရဲ့ ပံ့ပိုးမှုကြောင့် မင်းကွန်းဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးကို တောင်မှ ရိုင်းပျစွာ ဆက်ဆံခဲ့ကြတာပါ။သေသေ ချာချာတွေး ကြည့်လိုက်တော့ ဆန်းတော့လည်း မဆန်းလှပါဘူး။ ခွေးတောင် သခင်အားကိုးရှိနေ ရင် အစိမ်းအကျက်မရွေး ဟောင်ရဲ ကိုက်ရဲ သေး တာပဲလေ။

မိမိငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ စာသင်တိုက် ကြီးထဲမှာ သစ်ကုန်သည်ကြီး တစ်ယောက်က ကျောင်းဆောင်ကြီးတစ်ခုကို ဘုံပျံ နတ်နန်းကြီး သဖွယ် ဟီးထနေအောင် ဆောက်လုပ်လှူဒါန်း ပါတယ်။

အဲဒီကျောင်းဆောင်ကြီး ဆောက်လုပ်နေစဉ် ကာလမှာ ကျောင်းဒကာနဲ့ ညှိနှိုင်း လုပ်ဆောင် နိုင်စေရန်အတွက် ဆရာတော်ဘုရားကြီးက လည်လည်ဝယ်ဝယ်ရှိတဲ့ ရဟန်းတစ်ပါးကို တာဝန်ပေးပါတယ်။

အဲဒီရဟန်းဟာ ကျောင်းဒကာနဲ့ ရင်းနှီးခင်သွားရုံ တင်မကဘဲ ကျောင်းဒကာရဲ့နောက်ခံဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုသူနဲ့ပါ ရင်းနှီးသွားပြီး ဝန်ကြီးချုပ်အားကိုးနဲ့ သင်္ကန်းမချွတ်ဘဲ စီးပွားရေး လုပ်တော့တာပါပဲ။ နောင်အခါ အဆိုပါ ဝန်ကြီး ချုပ် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဝန်ကြီးချုပ် လောက်နီးနီး သြဇာအာဏာ ရှိသူနဲ့ ပြန်လည် ဆက်သွယ်မိသွားပြန်ပါတယ်။

၂၀၀ရ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်း သာမဏေများ လမ်းပေါ်ထွက်ပြီး မေတ္တသုတ် ရွတ်ကြတဲ့အခါ မှာ မိမိ ပညာသင်ကြားနေတဲ့ စာသင်တိုက်ကလည်း တစ်တိုက်လုံးနီးနီး လမ်း လျှောက်ပြီး မေတ္တာသုတ် ရွတ်ဖတ်ကြပါတယ်။ အရေးအခင်းကြီး ပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက ဆရာတော်ဘုရားကြီးထံ ရောက် လာပြီးတော့ မိမိတို့ စာသင်တိုက်ထဲက ဆန္ဒပြ ခေါင်းဆောင်ရဟန်း ၁၀ ပါးဆိုပြီး ဘွဲ့နာမည် အတိအကျ၊ နေတဲ့ကျောင်းဆောင်နာမည် အတိ အကျနဲ့ စာရင်းပြသပြီးတော့ ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆယ်ပါးစာရင်းကို သိရှိလိုက် ကြရတဲ့ တစ်တိုက်လုံးက ရဟန်း သာမဏေတွေ အားလုံး အံ့သြကုန်ကြပါတယ်။  ဘာကြောင့်လဲ ဆိုတော့ မေတ္တာသုတ် ထွက်ရွတ်ရာမှာ ခေါင်း ဆောင်မဟုတ်ရုံမျှသာမက မေတ္တာသုတ် ရွတ်ဆို ရာသို့ လိုက်ပါခြင်းမရှိတဲ့ ရဟန်းတွေလည်း စာရင်းထဲ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။ အဆိုပါစာရင်းကို စစ်အစိုးရက ကောက်ယူခဲ့ခြင်း မဟုတ်ဘဲ အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီးခရိုနီက သူ့ဘာသာ စာရင်းပြုလုပ်ကာ သူနဲ့ ရင်းနှီးတဲ့ ဝန်ကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါ တယ်။

သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ ရဟန်းတွေကိုပါ ဆန္ဒပြခေါင်းဆောင် စာရင်းထဲကို ထည့်ပေးပြီး အပြတ်ရှင်းလိုက်တာပါ။

ဆရာတော်ဘုရားကြီးက သူ့အရှိန်အဝါနဲ့ ကာ ကွယ်ပေးခဲ့လို့ တစ်ပါးမှအဖမ်းမခံရပေမယ့် စာသင်တိုက်ထဲက ထွက်ခွာပြီး ရှောင်ရ တိမ်းရ တချို့ဆိုရင် ရူးမတတ် ခံစားရပြီး တစ်ပတ် အတွင်း အရိုးပေါ်အရေတင်တွေ ဖြစ်ကုန်ကြ ပါတယ်။  သူကတော့ စာရင်းပေးခအဖြစ် သိန်း ထောင်ကျော်တန် အကောင်းစားကားကြီးတစ်စီး ရရှိသွားခဲ့ပါတယ်။

တချို့သော ခရိုနီဘုန်းကြီးများကတော့ ပါးနပ် လိမ္မာစွာဖြင့် အကွက်ရွှေ့တတ်လွန်းလို့ ခရိုနီ ဘုန်းကြီးမှန်းတောင် တော်ရုံနဲ့ မသိနိုင်ပါဘူး။သူတို့က အာဏာရှိသူနဲ့ ကြိုတင် လက်ဝါးချင်း ရိုက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်တာလိုလို ၊ အာဏာရှင်ကို မလိုလား မနှစ်သက်တာလိုလိုနဲ့ အာဏာရှင်မကောင်းကြောင်းကို အာပေါင် အာ ရင်း သန်သန်နဲ့ပြော၊ လူထုဘက်ကပါဟန်ဆောင် လူထုအကျိုးစီးပွားကို ဆောင်ရွက်ဟန်ပြုပြီး နောက်ဆုံးမှာတော့ လူထုကို အာဏာရှင်ဘက်ပါ အောင်မသိမသာလေး စည်းရုံးသိမ်းသွင်းလိုက် ပါတယ်။

လူထုက အဆိုပါဘုန်းကြီးခရိုနီရဲ့ လေကြောမှာ မျောသွားပြီး အာဏာရှင်ကို ကယ်တင်ရှင်ကြီး တွေလိုလို၊ာကျေးဇူးရှင်ကြီးတွေလိုလို၊ တိုင်း ပြည်နဲ့လူမျိုးကို ကယ်တင်ပေးနေတဲ့သူတွေလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကိုယ့်လည်ပင်း လှီးမယ့်ဓားကို ကိုယ်တိုင်သွေးပေးနေလို့ သွေးပေး နေမှန်း မသိတဲ့ဘဝကို ရောက်မှန်းမသိ ရောက် သွား ကြပါတော့တယ်။

လူထုရှေ့မှာ အာဏာရှင်မကောင်း ပြောနေပေ မယ့် နောက်ကွယ်မှာတော့ အာဏာရှင်တွေ ပေး သမျှ ကျွေးသမျှစားပြီး တဟီးဟီး တဟားဟားနဲ့ ဖရဏာပီတိ ဂွမ်းဆီထိသို့ အာဏာရှင်နဲ့အတူ အောင်ပွဲခံ နေကြပါတယ်။ ကြိုတင် လက်ဝါးချင်း သာ ရိုက်မထားရင် အာဏာရှင်က ကဘော်ချိုင့် ဝှမ်း ပို့လိုက်တာကြာပါပြီ။

ရန်ကုန်မြို့က စာသင်တိုက်တစ်ခုကို ဘုန်းကြီး နှစ်ပါးက တွဲဖက်ပြီး အုပ်ချုပ်ပါတယ်။ သူတို့ နှစ်ပါးဟာ ကျောင်းမှာ စာသင်သားကိုရင် အပါး ငါးဆယ် ခြောက်ဆယ်လောက် မွေးထားပါတယ်။ ဒီစာသင်သားတွေကိုပြပြီး ကျောင်းကို အဝင် အထွက်ရှိတဲ့ ဒကာ ဒကာမတွေဆီကို ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း အလှူ
ခံပါတယ်။

ပွဲပြီးတာနဲ့ သင်္ကန်းအကောင်းစားမှန်သမျှ သူတို့ နှစ်ပါးက ခွဲယူပြီး ဆိုင်မှာပြန်ရောင်းစားပါတယ်။ စာသင်သားလေးတွေကိုတော့ ဝတ်လို့ အဆင် မပြေတဲ့ မလေးရှားစီဝိုင်စီလို သင်္ကန်းအညံ့စား တွေကိုသာ တစ်ပါးတစ်စုံ ခွဲဝေပြီး ပေးပါတယ်။

ဆွေမ်းစား ကွမ်းစား လိုက်ရာက ရရှိသမျှ ပိုက်ဆံ တွေကို ရေဖိုးမီးဖိုးဆိုပြီး သိမ်းဆည်းကာ သူတို့ပဲ ခွဲဝေပြီးတော့ ယူပါတယ်။  အဲဒီကျောင်းမှာ ပထမ လတ်တန်းအထိ ကိုရင်တွေကို စာသင်ပေးပါ တယ်။ စေတနာရှိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်တောင်းဖို့အတွက် ပြသစရာ မျောက်ကလေးတွေအဖြစ် မွေးထားတာပါ။
                   
                        အရှင်ခေမာနန္ဒ(မိုးသု−မန္တလေး)

ခရက်ဒစ်
https://m.facebook.com/story.php?story_fbid=169044077903989&id=100043951938822

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ “ဘုန်းကြီးခရိုနီများ၏ အတွင်းရေး””

Post a Comment

Related Posts Plugin for WordPress, Blogger...