Wednesday, August 8, 2018

ဦးခင်ညွန့် ရဲ့သင်္ခန်းစာ . . မိုးသီးဇွန်

,
၁၉၉၃ ခုနစ်ကနေ ၂၀၀၄ ခုနစ် လောက်အထိ  ဒီအေဘီ နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ လျို့ဝှက်ဆွေးနွေးကြတယ်။ ကေအင်ယူက ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ချုပ်မြ၊ ဖဒို စောသန်းအောင်၊ ဗိုလ်ချုပ်မောင်မောင် နဲ့  ကျနော် တို့ ပါဝင်ပါတယ်။

သူဖက်ကလွတ်လိုက်တဲ့ သူတွေထဲမှာ ဦးခွန်မြတ်၊ ပါမောက္ခ ဦးထွန်းအောင်ခြိမ် တို့ ပါပါဝင်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်  ရဲ့ ကမ်းလှမ်းချက်ကတော့
၁။ ကိုယ်လက်နက်ကိုယ်ကိုင်ထား၊
၂။ ကိုယ်နယ်မြေ ကိုထိမ်းထား။
၃။ တပ်မတော်နဲ့ ဒေသဖွံ့ဖြိုးရေး တွဲလုပ် ဆိုတဲ့ အချက်ဖြစ်တယ်။

ဒီကမ်းလှမ်းချက်မှာ ကချင် ၊ မွန် နဲ့တခြား လက်နက်ကိုင်အဖွဲ့ စည်းများ ပါသွားပါတယ်။
ပြည်ပမှာ တချို့လည်းပါသွားပါတယ်။  စေ့စပ်သွားသူများကို ဗိုလ်ချုပ်ခင်ညွန့် က အခွင့်အရေးတွေ တော်တော်ပေးလိုက်ပါတယ်။ လက်တွေမှာတော့ ဒေသဖွင့်ဖြိုးရေးတွေမဖြစ်ခဲ့ပါ။
ကချင်ဆိုရင် ၁၇ နစ် အပြစ်ခတ်ရပ်စဲ ခဲ့ပြီးမှ ပြန်လည် တိုက်ခိုက်ခိုက်ကြရတဲ့အထိဖြစ်လာပြန်ပါတယ်။

အေဘီနဲ့  ကရင်ကျန်ခဲ့တယ်။ နောက်ပိုင်းအထိ ကရင်နဲ့ ကျနော်တို့ ကိုဆက်လက် ကမ်းလှမ်းနေပါတယ်။

သူဆွေးနွေးချက်တွေမှာ သူကအပြောင်းလဲလုပ်ချင်တယ်။
တပ်ချုပ်ကြီး ( ဦးသန်းရွှေကိုရည်ညွန်း )၊ ဦးမောင်အေးနဲ့  ဗိုလ်ချုပ်တင်ဦးတို့ က မလုပ်ချင်ဘူး။ ဒါကြောင့်သူ့မှာအခက်အခဲရှိတယ်လို့ဆိုတယ်။ သူကိုနားလည်မှုပေးဖို့ လိုကြောင်းပြောတယ်။

ကျနော်အမေရီကန် ပြည်ထောင်စုကို ၂၀၀၁ခုနစ်  မှာပြောင်းရွေ့ လာခဲ့တဲ့အတွက် စကားပြောတာပြတ်သွားတယ်။ ဒါပေမဲ့ သူလူက ဆက်လက် ဆက်သွယ်ပါတယ်။
ကျနော် ချီကာဂိုတက္ကသိုလ်မှာ သင်တန်းတိုတစ်ခုတက်နေချိန်မှာ ထိုသူလာရောက်ဆွေးနွေးပါတယ်။

သူက အမေရိကန်စီးပွားရေးပိတ်စို့ မှု ရုတ်သိမ်းပေးဖို့ လိုကြောင်း အဓိကပြောတယ်။ ပိတ်ဆို့ မှုကြောင့် တိုင်းပြည်နစ်နာကြောင်း ထောက်ပြပါတယ်။
ကျနော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ဆွေးနွေးပါတယ်။

ထိုစဉ်က ပြည်တွင်းနိင်ငံရေးလှုပ်ရှားမှု မရှိသလောက် ငြိမ်သွးတယ်။ အကြမ်းဖက်နိမ်နင်းခံနေရချိန်ဖြစ်ပါတယ်။

ဒေါ်စုကိုမလွတ်ပေးနိင်သေးရင် မင်းကိုနိင်နဲ့ တစ်ခြားကျောင်းသားခေါင်းဆောင်တွေကိုလွတ်ပြ
ပါလားလို့  ကျနော်က အကြံပေးတယ်။ ဒါဆိုရင် ခင်ဗျားတို့ ဗိုလ်ချုပ် ( ဥိးခင်ညွန့် ကိုရည်ညွန်း)
ကို Reformist လို့  နိင်ငံတကာက အသိမှတ်ပြုလာနိင်တယ်လို့  အကြံပေးတော့
မင်းကိုနိင်ကိုလွတ်ပေးဖို့ ကတော့ ဦးခင်ညွန်တစ်ယောက်ထဲ သဘောထားနဲ့လုပ်လို့ မရနိင်ဘူး
လို့ဆိုတယ်။

ဒီကြားထဲမှာ သူက ဦးနေ၀င်းနဲ့ မိသားစု ( ဦးနေ၀င်းမြေးများ )ကို အရေးယူတော့မယ်။ ဒါဆိုရင်
ကျနော်တို့ ဘယ်လို့ သဘောထားသလဲမေးပါတယ်။  ဦးနေ၀င်းကတော့ သမိုင်းတရားခံဖြစ်ကြောင်း၊  ပြည်သူလူထုနဲ့နိင်ငံတကာက သူ့ကိုလက်မခံတော့ကြောင်း။
ဦးနေ၀င်းမြေးတွေကို အရေးယူတယ်မယူဘူးဆိုတာတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စနဲ့ မပတ်သက်ကြောင်း ကိုယ်ကိစ္စကိုယ်ရှင်းဖို့လိုကြောင်း ကျနော်သဘောထားပေးခဲ့ပါတယ်။

ထိုသူပြန်သွားပြီး တစ်လခန့် အကြာမှာတော့ ဦးနေ၀င်းကို အကျယ်ချုပ်ထားလိုက်တာ
သူမြေးများကိုအရေးယူမှုများဖြစ်လာပါတယ်။  ဦးစိန်လွင်ကို ဦးနေ၀င်းအိမ်နဲ့အဆက်အသွယ်ဖြတ်လိုက်တာ၊ ဦးစိန်လွင် အိမ်ကိုပါထိမ်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းများရလာတယ်။  သူတို့ ကို ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ က အရေးယူလိုက်တာဟု သတင်းများရရှိလာပါတယ်။

မင်းကိုနိင်နဲ့ တစ်ခြားထင်ရှားတဲ့ခေါင်းဆောင်တွေ မလွတ်ပေးနိင်သေးဘူးဆိုရင် ကျမ္မာရေး
ဆိုးဝါးနေတဲ့ ဒေါက်တာဇော်မင်း၊ ကိုဌေးသိန်းနဲ့ကိုရင်ထွေးတို့ ကိုလွတ်ပေးဖို့  ကျနော်ဆွေးနွေးပါတယ်။ (နယ်စပ်မှကျနော်ရဲ့ရဲဘော်များက ဒေါက်တာဇော်မင်း၊ ကိုဌေးသိန်းနဲ့ ကိုရင်ထွေးတို့  ကျမ္မာရေးအခြအနေ များ လွန်စွာဆိုးဝါးနေကြောင်း ကျနော့ကိုသတင်းပို့ ထားပါတယ်။ )  သူက တစ်လအတွင်းလွှတ်ပေးခဲ့ပါတယ်။    
ကျနော်တောင်းဆိုတာ ၃ ယောက်ဖြစ်ပေမယ့်ကိုရင်ထွေးက ထောင်ထဲမှာနစ်ယောက်ဖြစ်နေတဲ့အတွက် နစ်ယောက်စလုံး
ကိုလွှတ်ပေးလာပါတယ်။  သူတို့လွတ်လာတဲ့အတွက်ကျနော်ဝမ်းသာပါတယ်။ သို့ သော်
ကိုဇော်မင်းမှာ ကျမ္မာရေး တော်တော်ထိခိုက်သွားတာကိုတွေ့ ရတဲ့အတွက် စိတ်မကောင်း
ဖြစ်မိတယ်။ ကိုဇော်မင်း ဖုန်းပြောတဲ့အခါမှာ ကျနော့ကို မှတ်မိသော်လည် သူအသံတွေက စိုးရိမ်မှုများစွာဖြစ်နေပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ပြုပြင်ပြောင်းလဲလိုပါသည်ဆိုတဲ့အချက်ကို ကျနော်လည်နားလည်မှုပေးလိုက်ပါတယ်။ နစ်နစ်လောက်လေး ငါးကြိမ်လောက်ဆွေးနွေးပြီးတဲ့အခါမှာလဲ ဒီအချက်ကိုပဲ သူက ပြောနေပါတယ်။ ဒါလည်းဖြစ်နိင်ပါတယ် ။ သူက အပြောင်းလဲ လုပ်ခြင်ပေမယ့် သူအထက်ကလူနစ်ဦးက မလုပ်ချင်တော့သူအခက်ရှိနိင်ပါတယ်။

၂၀၀၃ ခုနစ်လောက်မှာ သူ့ဆီက စေလွှတ်လိုက်သူနဲ့ ကျနော် နယူးယောက်မြို့မှာနောက်ဆုံးတွေ့ ကြပါတယ်။ ဒီအချိန်က ကျနော်ကိုလံဘီယာတက္ကသိုလ်တက်နေချိန်ဖြစ်တယ်။ သူ့ကိုကျောင်းကင်တီးမှာပဲ ချိန်းတွေ့လိုက်ပါတယ်။

သူက ဗိုလ်ချုပ်ခင်ညွန့် ပြောင်းလဲဖို့ ကြိုးစားပေမယ့်မရကြောင်းအခက်ခဲရှိကြောင်း ကျနော့ကိုပြောပါတယ်။ အမေရိကန် အစိုးရ ကိုနားလည်အောင်ပြောပြပေးစေလိုကြောင်း မက်ဆေ့ ပေးလာပါတယ်။

ကျနော်အကြံပေးတာကတော့ ခင်ဗျားအပြောင်းအလဲကို လိုချင်တယ်ဆိုတာ ကျနော်တစ်ယောက်ထဲ ယုံကြည်လို့ မရဘူး။လက်ရှိ လူ့အခွင့်ရေးချိုးဖေါက်မှု၊ တိုင်းပြည်အဖက်ဖက်ကယိုယွင်းသွားမှုတွေမှာ ခင်ဗျားလည်းပတ်သက်နေတယ်လို့ လူအများက ယုံကြည်နေတယ်။ ခင်ဗျားတို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို လူအများက လက်ခံဖို့ လုပ်ဖို့ လိုတယ်လို့ ကျနော်အကြံပေးခဲ့ပါတယ်။ ကျနော်တို့  ၂ နာရီလောက်ဆွေးနွေးပြီးတော့ လူချင်းခွဲကြဖို့ လုပ်တယ်။ နောက်တစ်ကြိမ်တွေ့ ဖို့ စီစဉ်တယ်။

သူက ညှိုးငယ်တဲ့မျက်နာနဲ့  အေးဗျာ .. ခင်ဗျားကျနော်ပြောတာမယုံဘူး။ တစ်ချိန်ကျရင်
Free U Khin Nyunt လုပ်ဖို့ လိုလာရင်တော့ ခင်ဗျားကျနော်တို့ ကို မမေ့ပါနဲ့ လို့ပြောသွားတယ်။ နောက်မကြာခင်မှာပဲ ဦးခင်ညွန့် နဲ့ သူရဲ့ ထောက်လှမ်းတစ်ဖွဲ့လုံး ( Intelligence Community) အဖမ်းခံရ၊ အဖြုတ်ခံလိုက်ကြရတယ်။ ထိုလူလည်းပါသွားတယ်။

သူပြောသွားတဲ့ Free U Khin Nyunt အစီအစဉ်ကို ကျနော်မလုပ်ပေးနိင်ခဲ့ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ သူအဖမ်းခံရတဲ့
ကိစ္စမှာ လူတွေက ရှုပ်ထွေးကုန်ပါတယ်။ အာဏာလုပွဲPower Struggle ပုံစံ ပို့ဆောင်နေလို့ ဖြစ်ပါတယ်။ သူက အပြောင်းအလဲလိုချင်တယ်။ တဖက်က မလိုချင်ဘူးဆိုတာကို မပေါ်ဘူး ဖြစ်သွားတယ်။ သူ့ဖက်က အားနည်းချက်ကတော့
သူတို့ ကြိုးပမ်းဆောင်ရွက်ချက်ကို နိင်ငံတကာနဲ့  လူထုသိအောင် မပြောပြခဲ့ကြတာပဲဖြစ်တယ်။

အခုလည်း အပြောင်းအလဲကို လိုချင်ပါတယ်၊ လုပ်နေပါတယ်ဆိုတဲ့ အစိုးရထဲက လူတွေကို
ကျနော်တွေ့ ခဲ့ပါတယ်။ သူတို့ ကလည်းဦးခင်ညွန့် ပြောခဲ့တဲ့ စကားများ၊ ဦးခင်ညွန့် ဗျူဟာအတိုင်း ပြန်ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒါကတော့ သူတို့ ကပြောင်းချင်တယ်။ ဦးသန်းရွှေနဲ့အမာလိုင်းတွေက ဆက်လက်ရှိနေသေးတယ်။ မပြောင်းချင်ဘူး။
သူတို့ ကိုပေးထားတဲ့ ကျဉ်းမြောင်းတဲ့ နေရာ ( Narrow Space) ထဲက သူတို့ လှုပ်ရှားနေရပါတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအတွက် ကျနော်စိုးရိမ်ပါတယ်။

အကြံပေးချင်တာကတော့

၁။ သူတို့ အနေနဲ့  အပြောင်းအလဲ လိုချင်တယ်၊ ပြောင်းဖို့ ကြိုးပမ်းနေတယ်ဆိုရင်
လူထုယုံကြည်မှုရအောင်လုပ်ဆောင်ပြပါ။

၂။ လာဘ်စားမှုများ၊ တရားဥပဒေကင်းမဲ့ စွာလုပ်ဆောင်နေမှုများထိထိရောက်အရေးယူပါ။ မတရားမှုများကိုရပ်ဆိုင်းပါ။

၂။ ဘယ်သူတွေက အပြောင်းအလဲကို ဟန့် တားနေတယ်ဆိုတာကိုလည်း မီဒီယာနဲ့ လူထုကိုပြောပြသင့်ပါတယ်။

၃။ ဒီလိုပြောခြင်း အားဖြင့် မပြောင်းလဲချင်တဲ့အင်အားစုတွေအတွက် အားလုံးက ပြောင်းလဲချင်နေပြီဆိုတာကို ပိုသိစေနိင်တယ်။
သူတို့ အတွက် ပြောင်းလဲ ဖို့  လုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိတရား ရရှိစေနိင်တယ်။ ပူးပေါင်းလာစေနိင်ပါတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း လူတိုင်းသိအောင်ချပြဝေဖန် ကြဖို့လိုတယ်။

၎။ ဒီလိုမှာ အသိတရားမရကြဘူးဆိုရင် မပြောင်းချင်သူတွေကို ထားခဲ့ဖို့ လိုတယ်။

နိဂုံး

ဗိုလ်ချုပ်ခင်ညွန့် မှာ အောင်မြင်မှုနှစ်ခုရှိခဲ့တယ်။  သူဟာ ကျနော်တို့ ကို ဒုက္ခအပေးဆုံးဖြစ်တယ်။

ဒါကတော့ ၁၉ ၈၈ အရေးတော်ပုံကို ဖြိုခွင်းနိင်ခဲ့တယ်။  ကရင်ကိုနှစ်ဖွဲ့ ခွဲပစ်နိင်ခဲ့တယ်။
တရုပ်စစ်ပါရဂူ ဆွန်စုဝူ ပြောတဲ့ အကောင်းဆုံး စစ်ဗိုလ်ချုပ်တစ်ဦးလို့ ဆိုနိင်ပါတယ်။ ရန်သူကို
သေနတ်မဖေါက်ပဲ သူကအနိင်ယူနိင်ခဲ့လို့ ဖြစ်တယ်။

ဒါကြောင့်  ကျနော်စစ်ကော်မရှင် အတွင်းရေးမှုအဖြစ် ဒီအေဘီမှာ တာဝန်ယူစဉ်ကာလတစ်လျောက်လုံးသူလှုပ်ရှားမှုတွေကို မျက်ခြေမပြတ်ကြည့်ရှု ပြီး တန်ပြန်လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ နောက်ဆုံး သူပြုတ်သွားတဲ့အထိ တန်ပြန်လှုပ်ရှားမှု
တွေကိုလည်း လုပ်ခဲ့ကြောင်းဝန်ခံလိုပါတယ်။  သူအကြောင်းကို သူ့မိန်းမ၊ သူ့သားသမီးများထက် ပိုသိအောင်သုတေသနပြုခဲ့ရပါတယ်။  အချိန်ရရင် သူကိုပစ်မှတ်ထားလှုပ်ရှားခဲ့တဲ့ Operation အချို့ ကို ကျနော်ဆက်လက်ရေးသားပါမယ်။

သူရဲ့ ဖြစ်ရပ်ကတော့ လက်ရှိတာဝန်ယူနေတဲ့ဝန်ကြီးများအတွက် သင်္ခန်းစာယူဖွယ်ဖြစ်ပါတယ်။
အကောင်းဆုံး သခန်းစာတစ်ခုဖြစ်ပါတယ်။ ဦးခင်ညွန့် လုပ်ခဲ့တဲ့အပြောင်းအလဲလိုပဲဖြစ်သွားရင် မိမိလည်းအကျိုးမရှိ၊ တိုင်းပြည်လည်းအကျိုးမရှိ၊ အချည်းနှီးဖြစ်သွားနိင်ပါတယ်။

ဦးခင်ညွန့် ရဲ့ အပြောင်းအလဲ လုပ်ဆောင်မှု ဘာကြောင့်မအောင်မြင်သလဲလို့ ကျနော်ကိုတစ်ခွန်း
ထည်းပြောပါလို့ မေးလာရင်တော့

'' လူထုရဲ့ယုံကြည်မှုမရခဲ့ခြင်း ''  လို့  ကျနော်ရင်းနှီးစွာမှတ်ချက်ပေးပါမယ်။

၂၀၁၂ ခုနစ်မှာ ပထမအကြိမ် မြန်မာပြည်ကိုကျနော်ပြန်ရောက်ပါတယ် ။  ၀န်ကြီးဦးအောင်မင်းဖိတ်ခေါ်မှုကြောင့်ဖြစ်ပါတယ်။
သူရဲ့ရုံးတည်ရှိရာ MPC မှာသူနဲ့ဆွေးနွေးခဲ့ပါတယ်။ ပြန်ခါနီး ဆင်ဝင်အောက်မှာ သူ့ကိုကျနော်စကားတစ်ခွန်းပြောခဲ့ပါတယ်။ ဒါကတော့  ဦးအောင်မင်း အန်ကယ်တို့ ပြောင်းလဲ နေတာကို ကျနော်ယုံဖိုထက် လူထုယုံအောင်ပိုလုပ်ပါလို့ အကြံပေးခဲ့ပါတယ်။
သို့ သော်သူသည် အလေးအနက် ထားပုံမရပါ။
အဖွဲ့ ပေါင်းစုံနှင့် စကားပြောဖို့ ကို ပိုပြီးစိတ်အားထက်သန်နေပါသည်။

မိုးသီးဇွန်

+++++++

ဗိုလ်ချုပ်မြ၊ ပါမောက္ခဦးထွန်းအောင်ချိန် ( ရန်ကုန်တက္ကသိုလ် သမိုင်းဌာန) ၊ ကျနော် -၁၉၉၆ ခုနစ်ခန့် ။ ကေအင်ယူတပ်မဟာ ၆ နယ်မြေ။ ဆရကြီးဦးထွန်းအောင်ချိန်ကို န၀တ ကလွတ်ပြီး ကျနော် တို့ နဲ့ စေ့စပ်ရေးလာဆွေး စဉ်တုံးကပါ။ အဲ့ဒီလာတွေတုံးက ရာသီဥတုက တော်တော်ကောင်းသေးတယ်။ မနက်ဆိုရင် တောတောအေးတယ်။ ကျနော်တို့ အနွေးထည်တွေဝတ်ထားကြတာကိုကြည့်။ မနက်တိုင်းမီးတောင်လှုံရပါတယ်။ ခုတော့ရာသီက တော်တော်ဖေါက်ပြန်ကုန်ပြီ။ ပူတာအရမ်းပဲ။




https://m.facebook.com/photo.php?fbid=10203627163732689&id=1024100985&set=a.1229937701609.2035601.1024100985

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးခင်ညွန့် ရဲ့သင်္ခန်းစာ . . မိုးသီးဇွန်”

Post a Comment

Related Posts Plugin for WordPress, Blogger...