Monday, September 3, 2018

ရိုက်တာသတင်းထောက်တွေကိုဘယ်လိုထောင်ချခဲ့သလဲ

,
သတင်းထောက်များအားထောင်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်းဝန်ခံခဲ့သည့်ရဲကိုအစောပိုင်းကတည်းကထောင်ချခဲ့သည်။

ထက်ခေါင်လင်း/Myanmar Now

နိုင်ငံတော်လျှို့ဝှက်များကို လက်ဝယ်တွေ့ရှိ သိမ်းဆည်းခဲ့မှုအတွက် ရိုက်တာသတင်းထောက်၊ ကိုသက်ဦးမောင်(ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်အပြစ်ပေးလိုက်ကြောင်း ယနေ့မြောက်ပိုင်းခရိုင် တရားရုံးမှ ခရိုင်ဒုတိယတရားသူကြီး ဦးရဲလွင်က အမိန့်ချခဲ့သည်။

“ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေကို ဖုန်းထဲမှာရော၊ လက်ထဲမှာရော တွေ့ရှိတယ်။ အဲ့ဒီအတွက် လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်တွေဖြစ်တယ်ဆိုတဲ့ အချက်နဲ့ သူတို့ကိုထောင် ၇ နှစ်အပြစ်ပေးလိုက်တာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့သတင်းထောက်တွေ ပြန်လွတ်မြောက်လာဖို့ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကြိုးစားသွားဦးမှာပါ” ဟု ကိုဝလုံးတို့၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ယခုလို သတင်းထောက်များကို ပြင်းထန်သည့် ထောင်ဒဏ်အပြစ်ပေးမှုသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို များစွာအကျိုးသက်ရောက်မှုရှိသည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က သုံးသပ်သည်။

အမှုမှာ ဘာတွေ ကွဲလွဲနေလဲ

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် အမှတ် ၂ လမ်းပေါ်ရှိ ဆောင်းရိပ်မွန် ဘီယာဆိုင် ကားပါကင်အ၀တွင် အဖမ်းခံရကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းမိသည့်နေရာ မှတ်တမ်းတွင်တော့ အဖမ်းခံရသူ နှစ်ဦး၏ သက်သေခံပုံစံတွင်ပင် တူညီမှုမရှိပေ။

ကိုဝလုံးကို ဖမ်းမိသည်ဆိုသည့်နေရာရေးသွင်းမှုတွင် အမှတ် ၃ လမ်းဆုံနှင့် နီလာလမ်းထောင့်ဟု ရေးသွင်းထားပေမယ့် ကိုကျော်စိုးဦးကို ဖမ်းမိသည်ဆိုသည့်နေရာတွင် ဆောင်ရိပ်မွန် ဘီယာဆိုင်အ၀တွင်ဟု ရေးသွင်းထားသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကိုဝလုံးက ထောက်ကြံ့ရဲစခန်းတွင် အဖမ်းခံလိုက်ရစဉ်က မှတ်တမ်းကို သေချာမကြည့်ဟု တရားရုံးတွင် ထွက်ဆိုခဲ့ပြီး ကိုကျော်စိုးဦးကတော့ သူတို့ဖမ်းခံရသည့်နေရာကို အမှန်အတိုင်းရေးရန်ရဲကို မကြာခဏပြောမှ ရဲတပ်ဖွဲ့ကရေးသွင်းပေးသည်ဟု ရုံးရှေ့တွင် ထွက်ဆိုသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂလီ ၁၀ ဦးအသတ်ခံလိုက်ရသည့် သတင်းကို လိုက်နေရင်း အဖမ်းခံလိုက်ရသည်ဟု ပြောကြားနေပေမယ့် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲနေသည့် ရဲတပ်ဖွဲ့အနေဖြင့် လျှို့ဝှက်စာရွက်များကို စုဆောင်းခြင်းကြောင့်ဟု တရားလိုပြ သက်သေတော်တော်များများက တရားရုံးတွင် ထွက်ဆိုသွားခဲ့ကြသည်။

ထိုကဲ့သို့ တရားလိုပြ သက်သေများထဲတွင် သတင်းထောက်များကို အခွင့်မရှိပဲ လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ်ပေးခံလိုက်ရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကတော့ ရဲတိုင်းတွင် ကိုယ့်ကျင့်ဝတ်၊ ကိုယ့်သိက္ခာကိုယ်စီရှိသည်ဟု ပြောဆိုပြီး ရိုက်တာသတင်းထောက်များကို အင်းဒင်သတင်းနှင့်ပက်သက်ပြီး ထောင်ခြောက်ဆင်ဖမ်းဆီးခဲ့သည်ဟု အသေးစိတ် ထွက်ဆိုခဲ့သည်။

ဦးမိုးရန်နိုင်က ထောင်ခြောက်ဆင်ဖမ်းဆီးကြောင်း ပထမတကြိမ်ထွက်ဆိုအပြီးတွင် မယုံကြည်ထိုက်သော သက်သေအဖြစ် တရားလိုဘက်မှ တရားရုံးတော်ထံသို့ တင်သွင်းခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် အပစ်ပေးခြင်းကို ခံလိုက်ရသည်။
သူ၏မိသားစုများ နေထိုင်လျှက်ရှိသည့် နေပြည်တော်ရှိ ရဲဝန်ထမ်းနေအိမ်မှ မိသားစုများကို အချိန်မဆိုင်ပဲ ဖယ်ရှားခံလိုက်ရသည်။

တရားလိုပြ သက်သောတော်တော်များများသည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရဲတပ်ဖွဲ့မှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးနေစဉ် လျှို့ဝှက်စာရွက်များဖြင့် ဖမ်းဆီးမိသည်ဟု ထွက်ဆိုခဲ့ကြပေမယ့် ဦးမိုးရန်နိုင်နှင့်အတူ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံလိုက်ရသည့် တရားလိုပြသက်သေ စာရင်းဝင် တပ်ကြပ်ကြီး ခင်မောင်လင်းကို သက်သေအဖြစ် မတင်သွင်းနိုင်ခြင်းက အဘယ့်ကြောင့်ဆိုသည်ကို လူထုအများက စိတ်ဝင်စားနေလျှက်ရှိသည်။

ရဲတပ်ဖွဲ့ရဲ့ အမှုတည်ဆောက်ပုံ

ရဲတပ်ဖွဲ့အနေဖြင့် ကိုဝလုံးတို့၏ လက်ထဲတွင် အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်း၏ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်မှုနှင့် ပက်သက်သည့် လူသူလက်နက်အင်အားစာရင်းများကို တွေ့ရှိသည်ဟု ဆိုပြီး နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ကနဦး တရားစွဲဆိုခဲ့ရာမှ သတင်းထောက်များ၏ လက်ကိုင်ဖုန်းအတွင်းမှ လျှို့ဝှက်စာရွက် စာတမ်များတွေ့ရှိသည်ဟုဆိုပြီး ထပ်မံတရားရုံးတွင် တင်ပြခဲ့သည်။

ထိုစာရွက်အများစုသည် လူထုအများက သတင်းများတွင် ဖော်ပြသိရှိပြီးဖြစ်သည့် စာရွက်များဖြစ်သလို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များနှင့် ပက်သက်ပြီး ပြည်နယ်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးများဘက်မှ တင်ပြလာသည့် စာရွက်များ အများစုဖြစ်နေသည်။

သို့ပေမယ့် ထိုစာရွက်များသည် လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် စာရွက်များဖြစ်သောကြောင့် ရိုက်တာသတင်းဌာနသို့ ပေးပို့သည်ပင်လျှင် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်တွင် အကြုံးဝင်နေသည်ဆိုသည့် အချက်ကို ကိုင်ဆွဲကာ တရားရုံးတော်သို့ တင်ပြခဲ့သည်။

တရားစွဲဆိုမှုတွင် ကနဦးစွဲဆိုမှုက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်ထဲတွင် အမှတ် ၈ ရဲတပ်ရင်း၏ လျှို့ဝှက်စာရွက်များ တွေ့ရှိသည်ဆိုသည့်အချက်ဖြင့် ကနဦးတရားစွဲဆိုခဲ့ရာမှ ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ထောင်ခြောက်ဆင်ဖမ်းဆီးသည်ဆိုသည့် ထွက်ဆိုချက်များ ပေါ်ပေါက်လာအပြီးတွင် သတင်းထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းအတွင်းမှ လျှို့ဝှက်စာရွက်များအကြောင်းအရာက ထပ်မံထွက်ပေါ်လာသည်ကို တွေ့ရသည်။

ထို့အပြင် တရားရုံးတော်တွင် တရားလို ဥပဒေအကျိုးဆောင်၏ အပြီးသတ်လျှောက်လွှဲချက်တွင် စွပ်စွဲခံရသူများဘက်မှ ချေဖျက်နေသည့် စွဲဆိုထားသည့်ပုဒ်မ ပြဌာန်းချက်ပါ ရန်သူကို ပေးပို့ရန်ဆိုသည့် စကားရပ်ကို အမှီပြုပြီး ဖမ်းဆီးခံရစဉ်  ကိုဝလုံး၏ မှတ်စုစာအုပ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် (AA) အဖွဲ့မှ တာဝန်ရှိသူတို့၏ ဖုန်းနံပါတ် ရေးမှတ်ထားသည်ဆိုသည့် အချက်ကိုကိုင်စွဲကာ လျှောက်လွှဲခဲ့သည်ကို တွေ့ရသည်။

 စစ်ကြောရေးတွင် မည်ကဲ့သို့ စစ်မေးခဲ့သနည်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ည ထောက်ကြန့်ရဲစခန်းမှ အောင်သပြေ စစ်ကြောရေးဌာနသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကိုဝလုံးနှင့် မိမိသည် တွေ့ဆုံခွင့်မရခဲ့သလို မိသားစုများ၊ ရှေ့နေများနှင့်ပင် တွေ့ဆုံခွင့်မရခဲ့ကြောင်း ကိုကျော်စိုးဦးက ဇူလိုင်လ ၂၄ ရက်နေ့က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

မိမိတို့နှစ်ဦးလုံးကို ၃ ရက်တိုင်တိုင်၊ မအိပ်မနေ စစ်မေးခဲ့ကြောင်း၊ ရဲစခန်းမှ အောင်သပြေ စစ်ကြောရေးသို့ ခေါ်ဆောင်သွားရာတွင်လည်း ဦးခေါင်းကို ခေါင်းစွပ်အမဲများစွပ်ကာ ခေါ်ဆောင်ခြင်းခံရကြောင်း ထွက်ဆိုခဲ့သည်။

မိမိတို့ ဖုန်းအတွင်းမှ မောင်တောမြို့၊ အင်းဒင်ကျေးရွာက ဘင်္ဂလီလူမျိုး ၁၀ ဦးကို လက်နောက်ပြန်တုတ်ထားသည့် ဓာတ်ပုံများကို စစ်မေးသော ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိပြီးနောက်ပိုင်း မိမိကို နာရီအတော်ကြာ ဒူးထောက်ခိုင်းခံရကြောင်း ကိုကျော်စိုးဦးက တရားရုံးတော်တွင် ထွက်ဆိုခဲ့သည်။

မိမိတို့ကို စတင်ဖမ်းဆီးပြီး ရှာဖွေပုံစံတွင် ထည့်သွင်းထားသည့် အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့၏ လျှို့ဝှက်စာရွက်များဆိုသည့် ကိစ္စကို မမေးမြန်းပဲ ထိုကိစ္စကို အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးမေးမြန်းသူများကို ပြောဆိုရာတွင်လည်း ၎င်းတို့က ယင်းကိစ္စသည် သူတို့နှင့်အဆိုင်၊ စိတ်မ၀င်စားကြောင်း၊ တရားရောက်ရုံးမှ ရှင်းရန် ပြောခဲ့သည်ဟု သူက တရားရုံးတော်တွင် ထွက်ဆိုခဲ့သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးပြီး မကြာခင်ပင် အင်ဒင်ကျေးရွာတွင် အမည်မသိ ဘင်္ဂလီလူမျိုး ရုပ်အလောင်းများတွေ့ရကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သလို အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မတော်သားတချို့ကို ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် တရားလိုပြသက်သေများအနေဖြင့် အဓိကျသည့်သူများအားလုံးသည် ထိုကိစ္စများနှင့် ပက်သက်ပြီး ကိုမိုးရန်နိုင်၊ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ထွက်ဆိုချက်များနှင့် ကွဲလွဲကာ အသီးသီး ထွက်ဆိုခဲ့ကြသည်။

ကိုဝလုံးတို့ကို အောင်သပြေစစ်ကျောရေးသို့ မပို့ကြောင်း၊ ကိုဝလုံးတို့၏ထွက်ဆိုချက်အရ အဆိုပါ ရှာဖွေပုံစံပါ လက်ထဲတွင်တွေ့သည့် လျှို့ဝှက်စာရွက်စာတမ်းများပေးသည်ဆိုသည့် ဒုတပ်ကြပ်နိုင်လင်းဆိုသူက မိမိတစ်ဦးထဲသာ ကိုဝလုံးတို့ကိုတွေ့ပြီး မည်သည့်စာရွက်များမပေးကြောင်း တရားလိုပြသက်သေများက ထွက်ဆိုခဲ့ကြသည်။

ယခုအမှုသည် မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်ကို မီးမောင်းထိုးပြနေသည့် ကိစ္စရပ် တစ်ခုအဖြစ် မှတ်တမ်းပေါ်ပေါက်လာပြီဟု ပြည်တွင်းပြည်ပ သတင်းမီဒီယာအသိုင်းအ၀ိုင်းအပြင် သံတမန်အသိုင်းအ၀ိုင်းကပါ ယူဆနေကြသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေစဉ်တလျှောက်လုံး နိုင်ငံတကာ သံတမန်များမှ လာရောက်ကြားနာနေခဲ့ကြသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပ မီဒီယာအသိုင်းအ၀ိုင်းမှလည်း ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးထားမှုကို အမြန်ဆုံးလွှတ်ပေးရန် နည်းအမျိုးမျိုးဖြင့် တောင်းဆိုနေခဲ့ကြသည်ကိုတွေ့ရသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအားဇွန်လအတွင်းက တရားရုံးတွင်တွေ့ရစဉ် (ဓာတ်ပုံ ထက်ခေါင်လင်း/Myanmar Now)


https://m.facebook.com/story.php?story_fbid=2071024796560502&id=100009590062297

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုက်တာသတင်းထောက်တွေကိုဘယ်လိုထောင်ချခဲ့သလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...