Saturday, February 10, 2018

ထမင်းဝအောင် စားထားပါ။

,
၁။သေဒဏ်ကျခံရတဲ့ သူတွေကို သေဒဏ်လို့ ခေါ်တဲ့ ကြိုးပေးပြီး မသတ်တော့တာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ အဲဒီအကြောင်းတွေကို မပြောခင် ၁၉၉၅ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ရွှေရတု တပ်မတော်နေ့က အကြောင်းလေးကို စပြီး ပြောချင်မိပါတယ်။

၂။အဲဒီနေ့က..သူများသားမယားကို ပြစ်မှားပြီး လူသတ် အလောင်းဖျောက်ခဲ့တဲ့သူတွေ ပျော်ခဲ့ကြတဲ့နေ့။
ရိုးရိုးသားသား လုပ်ကိုင်စားယောက်ပြီးမှ ချမ်းသာလာတဲ့ တောက မိသားစုတွေကို ဓားမြတိုက် လုယက်။
ပြီးတော့မှမိသားစုတစ်စုလုံးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ သူတွေ ဝမ်းသာခဲ့ရတဲ့နေ့။

ဒါတင်မကသေးပဲ မုဒိန်းကျင့် လူသတ်ပြီးမှ မီးရှို့ အလောင်းဖျောက်ခဲ့တဲ့သူတွေ     ပျော်ရွှင်ခဲ့ရတဲ့နေ့။

အမွေရဖို့ အတွက်ဆိုရင် ကိုယ့်အဘွားနဲ့ ကိုယ့်ညီမ အရင်းကိုတောင် မရှောင်နိုင်ပဲ သတ်ခဲ့တဲ့ သူတွေ ဝမ်းသာပြီးကခုန်ခဲ့ကြတဲ့နေ့။

အဆုံးစွန်ဆုံး ပြောရရင်..လူ့အသိုင်းအဝိုင်းမှာ ထားဖို့ မသင့်တော်တော့ဘူးလို့ သတ်မှတ်ပြီးသား သူတွေ အပျော်ကြီး ပျော်ခဲ့ရတဲ့နေ့။
သူတို့တွေ ဒီလိုဘာကြောင့် ပျော်ခဲ့ရတာလဲ ။

တကယ်တော့.နှစ် ၅၀ ပြည့် ရွှေရတု တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်ကျခံရသူ အားလုံး သေဒဏ်မှ
လွတ်ကင်းစေဆိုပြီးထွက်ပေါ်လာတဲ့ ကြေငြာချက်ကြောင့်ပဲ ဖြစ်ပါတယ် ။

ဒီကြေငြာချက်ကြောင့်လည်း တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကြိုးမိန့် ကျခံရပြီးသား၊ တစ်နည်းအားဖြင့်တော့ လင်ကိုလည်း သတ်၊
မယားကိုပါ မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ သူတွေပါသေဒဏ်က လွတ်ကင်းစေခဲ့သလို စစ်အစိုးရကို
ထောက်ခံအားပေးတဲ့သူတွေ တိုးပွားစေခဲ့တဲ့နေ့လည်း ဖြစ်ခဲ့ရပါတယ်။

၃။လွတ်ငြိမ်းချမ်းသာခွင့်ကို ထောင်ထဲက အခေါ်အဝေါ်အရတော့ နိုင်ငံတော်လာတယ်တဲ့။ အဲဒီလို
၁၉၉၅ ရွှေရတု တပ်မတော်နေ့မှာ လာခဲ့တဲ့  နိုင်ငံတော်ဟာသေဒဏ်သမားတွေကို နှစ် ၂၀ နဲ့ ညီမျှတဲ့ တစ်သက်တကျွန်း ပြစ်ဒဏ်ကို
ပြောင်းလဲခံစားစေခဲ့ပြီး၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံပြီးသား လူတွေကိုတော့၁၀ နှစ်နဲ့ ညီမျှတဲ့ ပြစ်ဒဏ်ကိုသာ
ပြောင်းလဲ ခံစားစေခဲ့ပါတယ်။

ဒီနေရာမှာ တစ်ခု ပြောပြချင်တာက အဂ်လိပ်လက်ထက်က တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကျခဲ့ရင် တကယ်ပဲ တစ်သက်တစ်ကျွန်း
ပြစ်ဒဏ်ကို ကျခံရတယ် ဆိုတာပါ။

ဒါပေမယ့်လည်း ယနေ့ခေတ်မှာတော့ တသက်တကျွန်း ပြစ်ဒဏ် ကျခံထိုက်သူတွေဟာလက်ရှိ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့
ဥပဒေတွေအတိုင်း
၁၅ နှစ်နှင့် ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ။
၂၀ နှစ်နှင့် ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ။
၂၅ နှစ်နှင့် ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ဆိုပြီး

တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို နှစ်ဘယ်လောက် ဆိုတဲ့ ပြစ်ဒဏ်မျိုးနဲ့သာ ပြစ်ဒဏ် ကျခံရပါတော့တယ်။
တစ်သက် တစ်ကျွန်းဆိုပြီး အသက်သေဆုံးတဲ့အထိ ကျွန်းတစ်ကျွန်းမှာ ဒါမှမဟုတ် ထောင်ထဲမှာ တစ်သက်လုံး
နေသွားရတဲ့ ပုံစံမျိုးလည်း မဟုတ်တော့ပါဘူး။

ပြီးတော့..လက်ရှိ မြန်မာပြည်မှာ အသုံးများနေတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဟာနှစ် ၂၀ နဲ့ ညီမျှတဲ့  တစ်သက်တကျွန်း
ပြစ်ဒဏ်ပဲ ဖြစ်နေပြီး အဲဒီလို တစ်သက်တစ်ကျွန်း  ပြစ်ဒဏ် ကျခံရတဲ့သူတွေထဲက တချို့ တချို့သော သူတွေဟာ
ထောင်သက် ၃ နှစ်ကျော် ၄နှစ်နီးပါး ရှိတဲ့ အချိန်မှာတော့ ထောင်ထဲက အရာရှိ တချို့ကို ပေးကမ်းပြီး ပြင်ပ ရဲဘက် စခန်းတွေကို ထွက်နိုင်အောင် ကြိုးစားနေကြတာကိုလည်း မကြခဏ ကြားသိ မြင်တွေ့ ဖူးခဲ့ပါတယ်။

၎။ဒီနေရာမှာ နောက်တစ်ခု ထပ်ပြီး ပြောပြချင်တာက ရဲဘက်စခန်းကို ပို့မယ့် အကျဉ်းသားဟာ ပြစ်ဒဏ်  ၁၅ နှစ်အောက်ပဲ ဖြစ်ရမယ် ဆိုတာပါပဲ။

ဒါ့ကြောင့်လည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း(နှစ် ၂၀)  ပြစ်ဒဏ်ကျခံရတဲ့သူတွေဟာ
ထောင်သက် ၃ နှစ်ကျော် ၄ နှစ်နီးပါးရှိအောင် ထောင်ထဲမှာ နေကြရပြီး ဒီ့နောက်မှာမှ
အမှု့ ရင်ဆိုင်နေစဉ်ကာလ က ခံစားခွင့်ရခဲ့တဲ့ ချုပ်ရက်တွေ အပါအဝင် ထောင်ကပေးတဲ့  လျော့ရက်တွေနဲ့ ပေါင်းပြီး
သူ့တို့ရဲ့ ကျန်တဲ့ ပြစ်ဒဏ်ကို  ၁၅ နှစ်အောက်ပဲ ကျန်အောင် လုပ်ထားကြပါတယ်။

အဲဒီလို ပြစ်ဒဏ် ၁၅ နှစ်အောက်ပဲ ကျန်တဲ့  တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံရတဲ့သူတွေဟာ ( ထောင်ကျစဉ် အချိန်အခါက ဘာမှတ်ချက်မှ ပါ မလာခဲ့ရင်)  ရဲဘက်စခန်းကို  ထွက်ဖို့ အသင့်  အနေအထားကို ရောက်နေပြီလို့ ပဲ ဆိုကြရမှာပါ။

တချို့ တချို့သောလူတွေအဖို့တော့ ပြင်ပရဲဘက်စခန်းကို ရောက်သွားတာဟာ လွတ်သွားတာနဲ့ အတူတူ ပါပဲ။လုံခြုံရေး အားနည်းတဲ့
ပြင်ပ ရဲဘက်စခန်းတွေမှာ ကားနဲ့  လာပြီး ခေါ်မယ့်သူတွေက
အဆင်သင့် စောင့်နေသလို..သူတို့ အဖို့ကလည်း ကားပေါ် တက်ပြီး လိုက်သွားရုံပါပဲ။
မန္တလေးထောင်ရဲ့ အချုပ်ဆောင်က မိလ္လာဘုတ်ကိုင် ဓားမြကြီး ကိုသိန်းအောင်ဟာ ၁၉၉၉ လောက်က
ဒီလိုနည်းနဲ့ပဲ လွတ်သွားခဲ့တာပါ။

ဒါတင်မက ရဲဘက် စခန်းတွေကို လုံးဝ ထွက်ခွင့် မရတဲ့ သူတချို့ဟာလည်း ထောင်ထဲက ထောင်တွင်းဆရာဝန်တွေကို
ပေးကမ်းပြီးမှ ပိုင်အောင်ပေါင်းထားကြပါတယ်။
အဲဒီလို ဆရာဝန်တွေနဲ့ပိုင်အောင် ပေါင်းထားတဲ့သူတွေဟာ..အားလုံးက ယုံကြည်စိတ်ချရလာက်ပြီလို့ ထင်တဲ့ တစ်နေ့..
ရောဂါ ပြင်းထန်နေတဲ့ လူမမာလို ဟန်ဆောင်ပြီး ထောင်တွင်းဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ အတူ ပြင်ပ ဆေးရုံကြီးကို refer လုပ်ကြ
ပါတယ်။
ပြင်ပ ဆေးရုံကြီးကို ရောက်တဲ့အခါ ငွေကို ရေလိုသုံးနိုင်နေတဲ့ သူတို့အဖို့တော့ အရာရာကို ငွေနဲ့ လမ်းခင်းသွားရုံပါပဲ။
အဲဒီနောက်မှာတော့. ငွေနောက်မှာမှ အားနာပြီး ပေါ့လျော့မိတဲ့ ဝန်ထမ်းတွေကြောင့်နှစ်ကြီးသမားတွေ လွတ်သွားခဲ့
ဖူးတာလည်း ရှိခဲ့ဖူးပါတယ်။

နောက်ဆုံး..ရဲဘက် လုံးဝထွက်ခွင့် မရခဲ့ရင်တောင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံရတဲ့သူတွေဟာ
အကျဉ်းထောင် လက်စွဲ ဥပဒေတွေနဲ့ ထောင်ရဲ့ လျော့ရက်တွေအရ ထောင်သက် ၁၄ နှစ်အတွင်းမှာ
ထောင်က လွတ်နိုင်ကြပါတယ်။

၅။၁၉၉၅ ရွှေရတု တပ်မတော်နေ့မှာ သေဒဏ်ကျခံထားရတဲ့ သူတွေနဲ့ နှစ်ကြီးသမားတွေကို  ထောင်ထဲက အခေါ် နိုင်ငံတော် ပေးပြီး..
နောက် ၂ နှစ်အကြာ ၁၉၉၇ မှာလည်း သေဒဏ်ကျခံထားရတဲ့သူတွေနဲ့ နှစ်ကြီးသမားတွေကို
ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြန်ပါတယ်။

ဒီနောက်မှာတော့..လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေးခဲ့ပြီး စစ်အစိုးရရဲ့ အသွင်ပြောင်း သမ္မတ  ဦးသိန်းစိန်
ဆင်းခါနီး အထိ ဘယ်လို လူမျိုးတွေကို လွှတ်ပေးခဲ့တယ် ဆိုတာ အားလုံး သိပြီး ဖြစ်မယ် ထင်ပါတယ် ။

၆။ဟင်းခိုးစားတတ်တဲ့ကြောင်ကို မသိချင်ယောင် ဆောင်ပြီး လွှတ်ထားပေးရင် အဲဒီကြောင်က ဗိုက်ဆာတိုင်း ဟင်းခိုးစားနေမှာပါ။
ကိုက်တတ်တဲ့ခွေးရူးတစ်ကောင်က လူတွေကို လိုက်ပြီး ကိုက်နေတာကို မသိချင်ယောင်ဆောင်ပြီး နေကြမယ် ဆိုရင်လည်း လူ တော်တော်များများ ခွေးရူး အကိုက်ခံကြရမှာပဲ ဖြစ်ပါတယ် ။

တကယ်တော့.ဟင်းခိုးစားတဲ့ကြောင်တွေကို မသိချင်ယောင် ဆောင်ပြီး လွှတ်ပေးထားမယ့်အစား ရိုက်သင့်ရင် ရိုက်ရပါမယ်။

အဲဒီလိုပဲ မဲမဲမြင်တိုင်း ကိုက်ချင်နေတဲ့ ခွေးရူးတွေကို တွေ့ရင်လည်း တခါတည်း သတ်ပစ်သင့်ရင်သတ်ပစ်ရပါမယ်။
ဒါမှသာ အားလုံး ဘေးကင်းနိုင်မှာပါ။

မြန်မာပြည်မှာ လူသတ်မှု့အပါအဝင် ပြစ်မှု့ အမျိုးမျိုးကို ကျူးလွန်ပြီးမှ သေဒဏ်ကျခံရတဲ့သူတွေဟာ
အမှန်တကယ် သေဒဏ် အပေးမခံရပဲ ပြန်လည် လွတ်မြောက်နေခဲ့တာ  နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။

ဘာ့ကြောင့် ပြန်ပြီး လွှတ်ပေးခဲ့တယ်။
ဘယ်လို ရည်ရွယ်ချက်တွေနဲ့.လွှတ်ပေးခဲ့တယ်  ဆိုတာကတော့ လွှတ်ပေးခဲ့တဲ့ သူတွေပဲ သိမှာပါ။

ဒါပေမယ့်..အဲဒီလို လူတွေကို အကြိမ်ကြိမ် လွှတ်ပေးခဲ့တဲ့ အကျိုးကျေးဇူးအရတော့ ဒုစရိုက်မှု့တွေ အဆမတန်
ပေါများလာပြီး ပြည်သူတွေ ကျီးလန့်စာစား ဘဝကို ရောက်သွားရတာတော့ လက်ရှိ အနေအထားတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဒုစရိုက်မှု့တွေကို ကျူးလွန်မယ့် သူတွေနဲ့ ကျူးလွန်ခဲ့တဲ့ သူတွေရဲ့ စိတ်ထဲမှာလည်း ထောင်ထဲမှာ ငါတို့ မသေနိုင်ဘူး။ အချိန်တန်ရင် ငါတို့ လွတ်ပါတယ်ကွာ ဆိုတဲ့ စိတ်က အမြဲကိန်းအောင်းသွားပြီဆိုတာ ...လူသတ်မှု့ ကျူးလွန်ထားတဲ့ လူတစ်ယောက်က
မင်းတို့ ထမင်းဝအောင် စားထား ဆိုပြီး ပြောသွားတဲ့ စကားကိုကြည့်ရုံနဲ့တင် ခန့်မှန်းမိကြမှာပဲ ဖြစ်ပါတယ် ။
ဒီစကားရဲ့ အဓိပ္ပာယ်ဟာ ဘာကို ဆိုလိုတယ်ဆိုတာ စဉ်းစားဥာဏ် ရှိသူတိုင်း သိနိုင်မှာ ဖြစ်ပေ့မယ့် စဉ်းစားဥာဏ်နည်းသူတွေအတွက်ကတော့ သိနိုင်မှာ မဟုတ်ပါဘူး။

၇။ဒီနေရာမှာ အားလုံးသိအောင် တစ်ခု ပြောပြချင်တာက အကျဉ်းထောင် လက်စွဲ ဥပဒေအရ
ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ မရှိရင်လည်း အမှန်တကယ်  သေဒဏ်ပေးဖို့ မဖြစ်နိုင်ဘူး ဆိုတာပါ။

ဒါပေမယ့်.ဒီနေ့ ဒီအချိန်မှာတော့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတဆိုတာလည်း ရှိနေပါပြီ။
ပြည်သူအများစုရဲ့ ဆန္ဒကလည်း အေးချမ်းစွာ နေချင်ကြတဲ့ ဆန္ဒတွေ အမှန်တကယ်ပဲ ဖြစ်ပေါ်နေပါပြီ။

ဒါ့ကြောင့် ဒုစရိုက်မှု့တွေ ပပျောက်ပြီး တရားဥပဒေ စိုးမိုးရေးအတွက်
သေဒဏ်ကျခံရသူတွေကို အမှန်တကယ် သေဒဏ် ပေးဖို့ လိုအပ်နေပြီလို့ပဲ ထင်မြင်မိပါတယ် ။

ဒါ့အပြင်..ကြိုးမိန့် ကျခံရပြီးသား သူတွေကို ကြိုးပေးတဲ့ အခါမှာလည်း တနိုင်ငံလုံးက လူတွေ သိရှိနိုင်ဖို့အတွက်
ပွင့်လင်းမြင်သာစွာ သတင်း ထုတ်ပြန်ပေးခြင်းဟာ ဒုစရိုက်မှု့တွေ လျော့နည်းသွားစေဖို့အတွက် အကောင်းဆုံး နည်းလမ်းလို့ပဲ
ထင်မြင်မိပါတယ် ။

ဒါမှသာ ဒုစရိုက်မှု့ ပြုလုပ်မယ့် သူတွေအားလုံးရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ကိန်းအောင်းသွားပြီး လူသတ်မှု့တွေ အပါအဝင်
ဒုစရိုက်မှု့တွေလည်းလျော့နည်းသွားမယ်။

လူသတ်မှု့ ကျူးလွန်ထားပြီးမှ တဖက်က ရှေ့နေနဲ့ သတင်းသမားတွေကို ”ထမင်းဝအောင် စားထား ” ဆိုပြီး
ပြောမယ့်သူတွေလည်း ပပျောက်သွားမည်ဟု ယုံကြည်ရင်း...

သေဒဏ်ကျခံသင့်တဲ့ သူတွေကို  ပြောလိုက်ချင်တာက သေဒဏ် မကျမှီ ထမင်းဝအောင် စားထားပါလို့..

ဘုန်းထက်ကြယ်
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
9"2"2018

https://m.facebook.com/story.php?story_fbid=384431158634938&id=100012041709179

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ထမင်းဝအောင် စားထားပါ။”

Post a Comment

Related Posts Plugin for WordPress, Blogger...