Sunday, January 28, 2018

မရွှေရည်ဝင်း သေဆုံးပြီးနောက် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ မုဒိမ်းကောင်များ သေဒဏ်ပေးရေးလှုပ်ရှားမှုစတင်

,
FDA ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းအဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရပြီး နောက်တွင် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ မုဒိမ်းကောင်များအား သေဒဏ်ပေးရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်နှင်းရည်အေးက ပြောသည်။

အမျိုးသမီးများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှုထိရောက်စေရေးတို့အတွက် မြန်မာအမျိုး သမီးစောင့်ရှောက်ရေးဖွဲ့ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
''အမျိုးသမီးတွေ ညဘက်မထွက် ရဲအောင်ဖြစ်နေပြီ။ ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေ လုံခြုံအောင် ပူးပေါင်းကာကွယ်ပေးဖို့ လမ်းဆုံလမ်းခွတွေမှာ လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေနဲ့ ဆောင်ရွက်သွားမယ်။ တရားစီရင်ရေးမှာ မုဒိမ်းကောင်တွေကို ထောင်ဒဏ်အနှစ်နှစ်ဆယ်၊ တသက်တကျွန်း ဒါမှမဟုတ် သေဒဏ် ဖြစ်စေချမှတ်ပေးဖို့ တောင်းဆိုသွားမှာပါ။ ရုံးချိန်းတွေမှာလည်း ပူးပေါင်းပါဝင်ပြီးတော့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွားမှာပါ။ ဥပမာရုံးချိန်းတွေမှာ သွားရောက်အား ဖြည့်တာ၊ စောင့်ကြည့်နေတယ်ဆိုတဲ့ ပုံစံလေးတွေပေါ့'' ဟု ဒေါ်နှင်းရည်အေးက ပြောသည်။

ဇန်န၀ါရီ ၂၈ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှ မရွှေရည်ဝင်း အတွက် ရွှေတိဂုံဘုရားဗုဒ္ဓဟူးထောင့်တွင် ဘုရားမီးပူဇော်ခြင်းနှင့် သံဃာ ၃ ပါးအား သင်္ကန်းကပ်လှူခြင်းတို့ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူသတ်မုဒိမ်းကောင်မျိုးဇော်ဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ပြီး အမှန်တကယ် သေဒဏ်ပေးရေး၊ မျိုးဇော်ဦးကဲ့သို့ မုဒိမ်းကောင်များ ထပ်မံမပေါ်ထွက်လာရေး၊ သမီးငယ်ရွှေရည်ဝင်းကဲ့သို့သော အဖြစ်ဆိုးများ ထပ်မံမကြုံတွေ့ စေရေးအတွက် မုဒိမ်းကောင်များအား သေဒဏ်ပေးရေးလှုပ်ရှားမှုကို ပြည်သူများအားလုံး အင်ပြည့် အားပြည့် ညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လှုပ်ရှားမှုဆောင်ရွက်ရန် အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့တွင် ပါဝင်လိုသူများအနေဖြင့် ဒေါ်နှင်းရည်အေး ဖုန်းနံပါတ် ၀၉-၉၇၀၉၀၇၇၆၆ ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။      
   
 ကျော်ကျော်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မရွှေရည်ဝင်း သေဆုံးပြီးနောက် မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ မုဒိမ်းကောင်များ သေဒဏ်ပေးရေးလှုပ်ရှားမှုစတင်”

Post a Comment

Related Posts Plugin for WordPress, Blogger...