Thursday, January 4, 2018

စစ်အစိုးရဆိုးမွေ NLD အစိုးရ ဖြေရှင်းနေရ

,
မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို အနည်းဆုံး လုပ်အားခအဖြစ် တရက်ကို ကျပ်ငွေ ၄၈ဝဝ ပေးဖို့ စီစဉ်နေချိန်မှာ အစိုးရရဲ့ စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Sean Turnell ရှောင် တန်းနဲလ် က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရဟာ အရင်စစ်အစိုးရ ဆယ်ဆယ်စုနှစ်များစွာ ဆိုးမွေထားခဲ့တဲ့ ငွေကြေးဖေါင်းပွမှု၊ အကြွေးငွေနဲ့ ဘဏ္ဍရေးလိုငွေပြမှုတွေကို  အောင်အောင်မြင်မြင် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်လို့ ပြောကြားကြောင်း မနေ့ကရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အဲဒီပြဿနာအားလုံး ဆက်လက်ဆိုးဝါးမလာဘဲ တည်ငြိမ်သွားအောင် အရင်ဆုံးလုပ်ကိုင်ရပါတယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့အတွက် လမ်းမတွေပေါ်မှာ လူတွေထွက်ပြီး သြဘာပေးရအောင် စိတ်လက်ပျော်ရွင်မှုတွေကိုတော့ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပါဘူးလို့ ရှောင်တန်းနဲလ် ကပြောပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးဟာ ကုန်ဆုံးသွားတဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ၅.၉% တိုးတက်ခဲ့ကြောင်းနဲ့ ဒီနှစ်အတွင်း ၆.၇ % တိုးတက်မယ်လို့  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။

မြန်မာပြည်က အလုပ်သမားလစာဟာ ဒေသအတွင်းက ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေထက် နည်းပါးတဲ့အတွက် နိုင်ငံခြားလုပ်ငန်းရှင်တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း စီးပွားရေးမြှုပ်နှံမှုနဲ့ တိုးတက်မှုတွေ နှေးကွေးနေတာမှန်ပေမယ့် စီးပွားရေးကဏ္ဍတခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင် တည်ငြိမ်မှုရှိနေတာကို တွေ့ရတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Photo: Myanmar State Counsellor Office

https://m.facebook.com/story.php?story_fbid=725803790942362&id=100005382431775

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်အစိုးရဆိုးမွေ NLD အစိုးရ ဖြေရှင်းနေရ”

Post a Comment

Related Posts Plugin for WordPress, Blogger...