Saturday, June 9, 2018

ဗမာပြည်နယ်ဖွဲ့စည်းရေးမှာ ဘာအခက်အခဲတွေ ရှိနေလဲ

,
အခုအခါမှာ ၁၉၆၂ ခုနှစ်မှာ တွေ့ကြုံခဲ့ရတဲ့အတိုင်း NLD အစိုးရက ဒီမိုကရေစီအမည်ခံပြီး တိုင်းရင်းသားတွေကို မျက်လှည့်ပြဖို့  ကြိုးစားနေတာကို တွေ့ရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့၊ ဒီဖက်ဒရယ်ပြည်ထောင်စုမှာ ဗမာတွေက ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တစ်ခုအနေနဲ့ နေဖို့ ငြင်းဆန်နေကြတုန်းပါ။

သူတို့အကြောင်းပြချက်တွေကတော့

၁။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ ဗမာပြည်နယ်ကို ဖွဲ့စည်းစရာမလိုဘဲ တိုင်းရင်းသားတွေကပဲ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုကြဖို့ ဖြစ်တယ်၊

၂။ ဗမာလူမျိုးတွေက ပြည်နယ်နဲ့တိုင်းအနှံ့အပြားမှာ နေထိုင်လျက် ရှိကြပြီး ပြည်နယ်တိုင်းမှာလည်းပဲ လူမျိုးပေါင်းစုံနေထိုင်ကြလို့ ပြည်နယ်တွေကို လူမျိုးအမည်တပ်ပြီး မမှည့်ခေါ်သင့်ဘူးလို့ ဆိုပါတယ်။

၃။ လောလောဆယ် ပြည်မနဲ့ ပြည်နယ်ကြားမှာ အဓိကခြားနေတာက အမည်နာမသာ ဖြစ်လို့ ပြည်နယ် (၁၄)ခု၊ ဒါမှမဟုတ် တိုင်း(၁၄)ခုလို့ သတ်မှတ်လိုက်ရင် ရပါပြီလို့ ဆိုပါတယ်။

၎။ ပင်လုံစာချုပ်အရ ဗမာပြည်ကို ဖွဲ့စည်းရမယ်လို့ မပါရှိဘဲ ဗမာတွေက ပြည်မအဖြစ် နေဖို့ ပါပြီသားဖြစ်ကြောင်း မသိမသာ ရေးလာကြတာကိုလည်း တွေ့ရှိနိုင်ပါတယ်။

၅။ မြန်မာနိုင်ငံမှာ အတူတူနေထိုင်ကြတာတောင် ဘာကြောင့် ပြည်နယ်တွေ လိုသေးသလဲ နားမလည်နိုင်ဘူးလို့ သရဝဏ် (ပြည်)က ရေးပါတယ်။

 ဒီမိုဗမာတွေက ဗမာပြည်နယ်ဖွဲ့စည်းဖို့ ငြင်းဆိုသလို လက်ရှိလူမျိုးအခြေပြုပြည်နယ်အမည်တွေကို ပြင်ဖို့ကိုလည်း တိတ်တဆိတ်ကြံစည်လျက် ရှိပါတယ်။ ဒါပေမယ့် " မြန်မာနိုင်ငံ"ဆိုတဲ့ အမည်ကိုတော့ လုံးဝအပြင်မခံရဖို့ သန္နိဋ္ဌာန်ချထားကြပုံ ပေါ်ပါတယ်။ အမှန်မှာ လက်ရှိနိုင်ငံအမည်၊ ရုံးသုံးဘာသာစကား၊ နိုင်ငံတော်အမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံဟာ ဗမာဆိုတဲ့ လူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုတာ ဖြစ်တယ်။ ပြည်ထောင်စုကို ကိုယ်စားပြုတာ ဘာမှတစ်ခုမှ မရှိပါ။ ဒါကို ပြည်ထောင်စုဆန်ဆန် ပြောင်းလဲဖို့လည်း ဗမာတို့က အင်မတန်မှ ဝန်လေးကြပါတယ်။

သူတို့ဘာကြောင့် ဝန်လေးကြသလဲ။ သူတို့ဝန်မခံကြပေမယ့် သူတို့အချင်းချင်း သိကြပါတယ်။

၁။ ပြည်မ (၇)တိုင်းကို ရလို့ ဘယ်ဗမာကမှ ဝမ်းမသာကြဘူးလို့ ပြောကြတယ်။ (ဒါပေမယ့် အဲဒါကို လက်လွှတ်ဖို့ သူတို့ဝန်လေးကြတယ်)

၂။ ပြည်ထောင်စုအစိုးရကို ဗမာတွေက အနစ်နာခံပြီး ထိန်းသိမ်းပေးနေရတယ်လို့ အသံကောင်းဟစ်လေ့ရှိတယ်။ (ဒါပေမယ့် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ)ကို လက်လွှတ်ဖို့ သူတို့ လုံးဝစိတ်မကူးကြပါ)

၃။ ပြည်ထောင်စုမပြိုကွဲဖို့ မြန်မာ့တပ်မတော်က အသက်သွေးချွေးတွေ ပေးဆပ်ထားခဲ့ရတယ်လို့ သူတို့အားလုံးက ပြောကြတယ်။ (ဒါပေမယ့် မြန်မာ့တပ်မတော်ကို ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းဖို့ သူတို့လုံးဝလက်မခံပါ)

၎။ ပြည်နယ်တွေကို ဖွဲ့စည်းတာဟာ လူမျိုးတွေကို ခွဲခြားရာရောက်တယ်လို့ ဆိုပါတယ်။ (ဒါပေမယ့် ဗမာတွေက ဗဟိုအစိုးရကနေ လူမျိုးခွဲခြားနေတာကို လျစ်လျုရှုထားကြတယ်)

နေဝင်းအုပ်ချုပ်မှု ၂၆ နှစ်အတွင်း၊ စစ်အစိုးရအုပ်ချုပ်မှု ၂၂ နှစ်အတွင်းမှာ ဗမာမှုကို အကြီးအကျယ် ပြုခဲ့ရာ နေရာတကာမှာ တိုင်းပြည်က ချွတ်ခြုံကျခဲ့ရပေမယ့် ဗမာလူမျိုးတွေက အခြားလူမျိုးတွေထက် အခွင့်အရေး သာစေခဲ့ပါတယ်။ တိုင်းရင်းသားတွေကို ဘိန်းစားဖြစ်အောင် ပြည်သူ့စစ်မွေးပြီး ဘိန်းစိုက်အောင် အကာအကွယ်ပေးခဲ့သလို ကိုယ်တိုင်ကိုယ်ကျလည်း ဘိန်းကူးခဲ့ကြပါတယ်။ နောက်ပြီး ဗမာအဖြစ် ခံယူကြသူများကိုသာ စစ်တက္ကသိုလ်ကို တက်ရောက်ခွင့်ပြုပြီး ဗမာစိတ်ဓာတ်ကိုသာ ပြည်ထောင်စုစိတ်ဓာတ်လို့ ပုံမှားရိုက်ခဲ့တာ လွတ်လပ်ရေးရကတည်းကပါ။

လွတ်လပ်ရေး ရပြီး အနှစ် (၇၀) ကြာတဲ့အခါမှာ တိုင်းရင်းသားတွေကို ဖိနှိပ်ပြီး ဗမာတွေ အင်အားကောင်းအောင် စနစ်တကျ အုပ်ချုပ်ခဲ့ပါတယ်။ အခုအခါ အဆိုပါ စနစ်တကျ စုစည်းထားခဲ့တဲ့ အင်အားနဲ့ ပင်လုံစာချုပ်ကို ဖျက်သိမ်းဖို့ ယုတ်မာပက်စက်စွာ ကြံစည်လျက် ရှိပါတယ်။ ပင်လုံစာချုပ်ကို ချုပ်ဆိုတုန်းက ဘယ်လူမျိုးက လူဦးရေနည်းလို့ ဘယ်ပြည်နယ်က ဗမာတွေလို အခွင့်အရေး မရသင့်ဘူးလို့ ချုပ်မဆိုခဲ့ပါဘူး။ အခြားလူမျိုးတွေက လူဦးရေအရ နည်းနေလို့ လူများစုဗမာတွေက အခုလို သွားပြီးတော့ အနိုင်ကျင့်နေမှာစိုးလို့သာ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှာ ပြည်မက ဝင်ရောက်ပြီး မစွက်ဖက်ပါဘူးလို့ ကတိပေးခဲ့ရတာ ဖြစ်တယ်။

ဒါပေမယ့် အခုအချိန်မှာ ဗမာအတော်များများက ကုန်းဘောင်နယ်နမိတ်ကို အကြောင်းပြပြီး အခြားလူမျိုးများဟာ ဗမာလက်အောက်ခံသာ ဖြစ်ကြောင်း၊ တိုင်းရင်းသားနယ်မြေများဟာ ဗမာပိုင်များသာ ဖြစ်ကြောင်း အတိအလင်း ရေးသားလာကြတာမျိုးတောင် ရှိနေပါပြီ။ အဓိပ္ပါယ်ကတော့ ပဒေသရာဇ်ခေတ်က ဗမာတွေ ခိုးဆိုးလုယက်ခဲ့သမျှ ဗမာဘိုးဘွားပိုင်လို့ သတ်မှတ်လိုပုံရတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲလို့ မရတဲ့ အမှန်တရား ဖြစ်ကြောင်း အခြားလူမျိုးတွေ ယုံကြည်လာကြအောင် မီဒီယာကနေ အတတ်နိုင်ဆုံး ဝါဒဖြန့်နေကြတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ်ကို ရင်ဆိုင်တဲ့နေရာမှာ အခြားလူမျိုးများရဲ့ အင်အားကို ရယူခဲ့ကြောင်း သိပ်မပြောကြတော့ပါဘူး။ တကယ်လို့ ဗမာတွေက အခြားလူမျိုးတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ ဗမာပိုင် ဖြစ်ကြောင်း ပြောခဲ့ရင် နယ်ချဲ့အင်္ဂလိပ်တွေနဲ့မခြားတော့ပါ။ ဗမာမှအပ အခြားလူမျိုးတွေက နယ်ချဲ့အင်္ဂလိပ်တွေကို လက်မခံခဲ့သလို ဗမာတွေကိုလည်း ဝိုင်းပယ်ကြဖို့သာ ဖြစ်တယ်။

ဒါကြောင့် ဗမာလူမျိုးတွေအနေနဲ့
၁။ ပင်လုံစာချုပ်ကို မလေးစားသေးသရွေ့၊
၂။ ဗမာပြည်နယ်ကို မဖွဲ့စည်းသေးသရွေ့၊
၃။ ပြည်ထောင်စုအစိုးရကို မစွန့်လွှတ်သေးသရွေ့၊
၎။ ပြည်ထောင်စုတပ်မတော်ကို လက်မခံသေးသရွေ့
၅။ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားဘာသာစကားအသံတွေ မကြားချင်သေးသရွေ့

ရိုးသားတဲ့လူမျိုးတစ်မျိုး၊ ပြည်ထောင်စုစိတ်ဓာတ် ရှိတဲ့ လူမျိုးတစ်မျိုးလို့ ပြောလို့ မရပါ။ သူတို့ကို " မဟာဗမာဝါဒီ၊ အာဏာရှင်ဝါဒီ၊ လက်ဝါးကြီးအုပ်ဝါဒီ၊ တပြည်ထောင်ဝါဒီ၊ ဒီမိုကရေစီအရေခြုံ၊ ပင်လုံဖျက်ဆီးကြသူများအဖြစ်" သာ သိရှိထားရမှာ ဖြစ်တယ်။ ဒီလိုစိတ်ထားမျိုး ရှိနေကြလို့သာ ဗမာပြည်နယ် ဖွဲ့စည်းဖို့ အခက်အခဲ ရှိနေရတာ ဖြစ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ဖွဲ့စည်းဖို့အရေး ဝေးနေရတာ ဖြစ်တယ်။ အခြားလူမျိုးတွေအနေနဲ့ ပင်လုံစာချုပ်နဲ့အညီ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဦးဆောင်သွားရမှာ ဖြစ်တယ်။
U Ravica

https://m.facebook.com/story.php?story_fbid=228414067748110&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗမာပြည်နယ်ဖွဲ့စည်းရေးမှာ ဘာအခက်အခဲတွေ ရှိနေလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...