Monday, August 27, 2018

တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ICC မှာစစ်ဆေးဖို့ ကုလအဖွဲ့ပြော

,
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို International Criminal Court နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေး သင့်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောလိုက်ပါတယ်။

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ကလေးငယ်တွေကို မိဘတွေရဲ့ မျက်စိရှေ့မှာတင် သတ်ဖြတ်တာ၊ အမျိုးသမီးတွေ ကို အုပ်စုလိုက် အဓမ္မပြုကျင့်တာ စတဲ့ အချက်အလက်တွေကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ၊ ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေ၊ တခြားရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး တွေ့ရှိချက်တွေကို ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ၀င်ရောက်ခွင့် ပိတ်ပင်ခံထားရသူတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှာ တင်ပြသင့်ကြောင်း ဒါမှမဟုတ် Special Tribunal သီးသန့်တရားစီရင်မှု လုပ်သင့်ကြောင်း ပြောထားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး အိုင်စီစီ အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် အဲဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ငြင်းဆိုထားပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပြောထားတဲ့အထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမည်တခုတည်းကိုသာ ဖေါ်ပြထားပြီး ကျန်တဲ့ ၅ ဦး အမည်ကို ချန်လှပ်ထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပစ်မှတ်ထား ပြုလုပ်ခဲ့ပေမယ့် အဲဒီအထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တော့ မပါရှိပါဘူး။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုအနေနဲ့ အခုလို လူမျိုးတုံးသတ်ဖြတ်မှု အသုံးအနှုန်းကို သုံးတာဟာ ရှားပါးလွန်းတဲ့ကိစ္စဖြစ်ပြီး အလားတူဖြစ်ရပ်တွေကတော့ ဘော့စ်နီးယား နဲ့ ရာဝမ်ဒါ နိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေနဲ့ တူတယ်လို့ ဆိုပါတယ်။

RFA

ပြစ်မှုတွေကတော့ + + +
၁။ Genocide - လူမျိုးတုန်း သတ်ဖြတ်မှု
၂။ Crimes against Humanity- လူသားမျိုးနွှယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု
၃။ War Crimes - စစ်ရာဇ၀တ်မှုတို့ပဲ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာမှာ အကြီးမားဆုံးရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။

အရေးယူဖို့ ကုလမှတောင်းဆိုထားသည့် သူများ
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂။ ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်း
၃။ ဒု-ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော
၎။ ဗိုလ်ချုပ် မောင်မောင်စိုး
၅။ ဗိုလ်မှူးချုပ် အောင်အောင်
၆။ ဗိုလ်မှူးချုပ် သန်းဦး
                 

Facebook က ကာကွယ်ရေးဦးစီးချုပ်နဲ့ အကောင့်အတော်များများကို ပိတ်ပင်
~~~~~~~~~~

■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ အပါအ၀င် တခြား ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ ဖေ့စ်ဘွတ် စာမျက်နှာ Pages ၅၂ ခုနဲ့ အင်စတာဂရမ် Instagram အကောင့် ၁ ခုကို ဖေ့စ်ဘွတ်ကုမ္ပဏီကနေ ဖယ်ရှားပိတ်ပင်လိုက်ကြောင်း ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။Facebook Page တွေပေါ်မှာ Follow ပြုလုပ်ထားသူ ဦးရေဟာ ၁၂ သန်းလောက် ရှိတယ်လို့လည်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Senior General Min Aung Hlaing ,မြဝတီ၊ MM Daily Star စတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်လေ့ရှိတဲ့ စာမျက်နှာတွေ အားလုံးကို ဖေ့စ်ဘွတ်က ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းတရားတွေနဲ့ သတင်းအမှားတွေ ဖြန့်ဖြူးနေတာကို ကာကွယ်လိုတဲ့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ Facebook က ကြိုးပမ်းနေရာမှာ နှောင့်နှေးကြန့်ကြာခဲ့ကြောင်းနဲ့ အခုတော့ ဖေ့စ်ဘွတ်ဘက်က တိုးတက်မှုကို ပြသနိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။

အခု ပိတ်ပင်ခံရတဲ့ လူပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်သူတွေ အဲဒီလိုချိုးဖောက်အောင် ပြုလုပ်သူတွေအဖြစ် UN Human Rights Council ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ Fact-Finding Mission က တွေ့ရှိထားကြောင်းလည်း ဖော်ပြထားပါတယ်။

Facebookဟာ အတုအယောင်လို့ သတ်မှတ်နိုင်တဲ့ Account ၁၂ ခုနဲ့ Page ၄၆ ခုကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။ Facebookဟာ သုံးစွဲသူတွေရဲ့ ယုံကြည်စွာ ပေါင်းကူး ဆက်ဆံမှုကို လိုလားပြီး လူမှုကွန်ရက် မီဒီယာကို မလျော်မကန် အသုံးပြုနေတာတွေကို တားဆီး ဟန့်တားဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

Facebookရဲ့ ထုတ်ပြန်ချက်မှာတော့ ပိတ်ပင်လိုက်တဲ့ Pageနဲ့ Accountတချို့ရဲ့ Screenshot မှတ်တမ်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာလည်း တွေ့ရှိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းကစပြီး အဲဒီစာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုလို့မရတော့တာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ကို အသုံးချပြီး နောင်မှာ လူမျိုးရေး ဘာသာရေး မီးတောက်တွေ ဖြစ်လာအောင် မဖန်တီးနိုင်ရေးအတွက် အခုလို ကာကွယ်တားဆီးလိုက်တာဖြစ်ကြောင်း ဖေ့စ်ဘွတ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA
7 day



https://www.facebook.com/100026638153679/posts/167588940805710/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ICC မှာစစ်ဆေးဖို့ ကုလအဖွဲ့ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...