Saturday, March 10, 2018

အပင်ပေါ်က ဆီးသီးကိုမှ စားချင်တဲ့ သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့ အရာရှိကြီး (သမီးတော်ရာဇ၀င် - ၁၆)

,
နှစ်ပေါင်း ၃၀နီးပါး တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ကြီးဟာ နွေရာသီကာလ
ရောက်ပြီဆိုရင် သူ့ရဲ့ စံနန်းတော်ကတော့ ပြင်ဦးလွင်ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အရာရှိ စစ်သည်တွေ သင်တန်းဆင်းရင်လည်း သင်္ကြန်အပြီးမှာ
ကျင်းပပြုလုပ်လေ့ရှိတယ် ။ တစ်ခါတစ်ရံ ပြင်ဦးလွင်မှာ အနားယူလို့ ငြီးငွေ့
လာရင် မန္တလေး ဆင်းပြီးတော့လည်း ဈေးဝယ်ထွက်တတ်ပါတယ်။

တစ်နှစ်သော သင်္ကြန်ပွဲတော် ကာလကတော့ အာဏာရှင်ကြီးရဲ့သမီးတော်
တွေအနက် သမီးတော်နှစ်ဦးကမန္တလေးသင်္ကြန်ကိုအာရုံကျနေလို့ပြင်ဦးလွင်
ကနေ နန်းတွင်းထဲကို မိသားစုလိုက် အလည်ရောက်လာပါတယ် ။ မန္တလေး
နန်းတွင်းထဲမှာရှိနေတဲ့ တပ်မိသားစုဝင်တွေလည်း မျက်ခုံးခပ်လှုပ်လှုပ်ပေါ့ ။
ဒါပေမဲ့ သမီးတော်အားလုံး ရွှေစိတ်တော် မငြိုငြင်ရေးအတွက် အစွမ်းကုန်
ပြင်ဆင်ထားကြတယ်။

ဒီတစ်ခေါက် သမီးတော်တွေကလည်း ဘယ်လို အကြောင်းကြောင်းတွေ
ကြောင့်လည်း မသိ ။ သဘောအတော်ကောင်းနေတယ် ။ နန်းတွင်းထဲမှာ
ရောက်နေတုန်း ထူးထူးခြားခြား ဘာကိုမှ တောင်းဆိုသမှု မပြုပါဘူး ။ အဲဒီ
တော့ ဘေးနားက ခစားနေရတဲ့ တပ်မှူးတွေ၊ အရာရှိတွေလည်း ပျော်တာ
ပေါ့။ ဒါပေမဲ့ အဲဒီ့အပျော်က ကြာရှည် မခံခဲ့ပါဘူး။

သင်္ကြန်အတက်နေ့မှာတော့ နန်းတွင်းထဲမှာ တည်းနေတဲ့ အာဏာရှင်ကြီးရဲ့
သမီးတော်တွေထဲက သမီးတော်နှစ်ပါးက ကျုံးရှေ့ပတ်လည်မှာရှိတဲ့ရေပက်
ခံ မဏ္ဍပ်တွေကို လှည့်လည် ကြည့်ရှုချင်တယ်လို့ ဆိုလာပါတယ် ။ အဲဒီလို
လှည့်လည်ရင်လည်း သူတို့ နောက်တော်ပါးမှာ ကိုယ်ရံတော်တွေ၊လုံခြုံရေး
တွေ လုံးဝမလိုချင်ဘူးလို့ ဆိုလာပါတယ်။အဲဒီတော့ အမြဲတမ်း အာဏာစက်
နဲ့သာ ဖြေရှင်းလေ့ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အတွက် အခက်ကြုံရတာပေါ့ ။
သူတို့က လူတွေကြားထဲမှာ ပြေလည်အောင် ဆက်ဆံဖို့ Public Relation
(PR)ကိုမှ မသင်ခဲ့ရတာကိုး။ဒါပေမဲ့လည်း အမိန့်တော်ရှိလာတော့ မဖြစ်ဖြစ်
အောင် စီစဉ်ရတော့တာပါပဲ။

မန္တလေးမြို့ထဲကို သင်္ကြန်တွင်း လှည့်လည်ကြည့်ရှုဖို့အတွက် ကားနှစ်စီး စီ
စဉ်ရတယ်။ ကားမောင်းတဲ့ သူတွေကိုလည်း ရဲဘော်တွေမထားဘဲ တပ်ရင်း
မှူး အဆင့် (ဒုတိယ ဗိုလ်မှူးကြီးတွေ)ကိုပဲ မောင်းခိုင်းတယ်။ ပြီးတော့ သမီး
တော်တွေရဲ့ ဝေယျာဝစ္စတွေကို ကူညီဆောင်ရွက်ဖို့ တပ်ရင်းမှူးကတော်ကို
ပါ လိုက်စေတယ်။အဲဒီလိုနဲ့သမီးတော်တွေရဲ့မန္တလေးမြို့တွင်းသင်္ကြန်မဏ္ဍပ်
တွေ လှည့်လည်ကြည့်ရှုတဲ့ ခရီးစဉ် စတော့ပါတယ်။ မန္တလေးမြို့ထဲလည်တဲ့
အခါ တော်တော် အခြေအနေကောင်းတယ်။ဘယ်သူကမှ နိုင်ငံတော်အကြီး
အကဲရဲ့ သမီးတော်တွေမှန်းမရိပ်စားမိကြသလို ဘာမှလည်း ကြီးကြီးမားမား
ပြဿနာတွေ မရှိကြပါဘူး ။ ကိုယ်ရံတော်တွေပါတဲ့ ကားနောက်တစ်စီးက
လည်း ခပ်လှမ်းလှမ်းက လိုက်ပါစေခဲ့ပါတယ် ။

ဒီလို ပျော်ရွှင်စရာကောင်းတဲ့ တိုင်းခန်း လှည့်လည်မှု ပြီးဆုံးခါနီးချိန်မှာပဲ ပြ
ဿနာတစ်ခုက ဗုံးပေါက်ကွဲသလို ရောက်ရှိလာပါတော့တယ်။အဲဒါကတော့
အမြဲတမ်း ပြဿနာရှာလေ့ရှိတဲ့သမီးတော်တစ်ပါးကလတ်လတ်ဆတ်ဆတ်
ဆီးသီးကိုမှ စားချင်တယ်လို့ ပြောလာပါတယ်။ ကားလိုက်မောင်း ပေးတဲ့
အရာရှိကြီးက စစ်ကိုင်း-မုံရွာဘက်က ထွက်တဲ့ ဆီးသီးတွေကို ရှာပေးမယ်
လို့ ပြောပေမယ့် လက်မခံပါဘူး။ အပင်ကနေ ချက်ချင်း ခူးပေးတဲ့ ဆီးသီးကို
မှ စားချင်တယ်လို့ ဆိုလာပါတယ်။

သင်္ကြန်ဆိုတော့ ဆီးပင် ရှာပုံတော် ဖွင့်ဖို့ကလည်း မလွယ်ကူပါဘူး။ ချွေးပြန်
နေတဲ့ အရာရှိကြီးကို ဇနီးဖြစ်သူက လက်ကုတ်ပြီး နန်းတွင်းထဲမှာတော့ စား
လို့ကောင်းတဲ့ ဆီးပင်တစ်ပင် ရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒီသတင်းကြား
ကြားချင်း အရာရှိကြီးလည်း ဆံပင်တွေ ထောင်ထသွားအောင် ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး ကားကို နန်းတွင်းထဲ ပြန်မောင်းသွားပါတယ်။

နန်းတွင်းထဲရောက်တော့ သူ့ဇနီးပြောတဲ့ အတိုင်း ဆီးပင်ကိုလည်း တွေ့ပါ
တယ်။ နွေရာသီ ဆိုပေမယ့် အပင်မှာ ဆီးသီးတွေက အပြွတ်လိုက် ရှိနေပါ
သေးတယ်။ ပုံစံကြည့်ရတာ ဘယ်သူမှ မခူးရအောင် အမိန့်ထုတ်ထားတယ်
နဲ့ တူပါတယ်။အရာရှိကြီးလည်း ဆီးပင်ကို မော့ကြည့်ပြီး ရင်ထဲမှာ ထိတ်ခနဲ
ဖြစ်သွားပါတယ်။ ဘာပြုလို့လဲဆိုတော့ သမီးတော် စားချင်တဲ့ လတ်လတ်
ဆတ်ဆတ် ဆီးသီးကိုရဖို့ အပင်ပေါ် တက်နိုင်တဲ့သူဟာ သူနဲ့သူ့ဇနီး နှစ်
ယောက်သာ ရှိလို့ပါပဲ။

ဘေးပတ်ဝန်းကျင်မှာလည်း ဒီဆီးသီးကို ချူပေးဖို့ ၀ါးလုံးတို့၊တံချူတို့ မတွေ့
ပါဘူး ။ သူ့ဇနီးကို လှမ်းကြည့်လိုက်တော့ အမြင့်ကြောက်တဲ့ သူ့ဇနီးမျက်နှာ
မှာလည်း ချွေးတွေစို့နေပါတယ်။သူချစ်မြတ်နိုးလို့ ယူထားခဲ့တဲ့ ဇနီးကိုလည်း
အခြားလူတစ်ယောက် စားဖို့ ဆီးသီး တက်ခူးပေးတာကို မမြင်ရက်ပါဘူး။

ဒါ့ကြောင့် ဘာမှမပြောတော့ဘဲ သူကိုယ်တိုင်ဆီးပင်ပေါ်တက်လိုက်ပါတယ်။
တစ်ချိန်က ရှေ့တန်းမှာ ကြမ်းကြမ်းတမ်းတမ်း စစ်တိုက်ခဲ့တာတောင်မှ ဘာ
မှ မဖြစ်ခဲ့တဲ့ အရာရှိကြီးဟာ ဆီးပင်ပေါ် တက်မှပဲ လက်ဖ၀ါးတွေ ၊ ခြေဖ၀ါး
တွေမှာ ဆီးဆူးတွေစူးပြီး သွေးတွေစို့လာပါတယ်။ဒါပေမဲ့ အလုံးကြီးပြီး မှည့်
တဲ့ ဆီးသီးတွေကို ခူးပြီး အောက်မှာရှိတဲ့ ဇနီးသည်ကို လှမ်းပစ်ပေးပါတယ်။
ဇနီးသည်က တစ်ဆင့် သမီးတော်က ၀ါးပါတယ်။ စားပြီးပြီးချင်း လတ်လတ်
ဆတ်ဆတ် အပင်က ခူးစားတဲ့ ဆီးသီးကမှ ကောင်းတယ်ဆိုပြီး ထပ်ခါ ထပ်
ခါ တောင်းပါတယ်။ အရာရှိကြီးလည်း ဆီးပင်ပေါ်မှာ အလုံးကောင်း၊ အလုံး
လှတွေကို ရှာဖွေပြီး ခူးပေးရပါတယ်။

နောက်ဆုံးတော့ သမီးတော်က စားလို့ဝသွားပြီး တော်တော့လို့ အမိန့်ပေးပါ
တယ်။ ဒီစကားကြားမှ အရာရှိကြီးလည်း ဆီးပင်ပေါ်က ဆင်းလာရင်း ခန္ဓာ
ကိုယ် အနှံ့မှာ စူးနေတဲ့ ဆီးဆူးတွေကို ဖယ်ရှားခဲ့ရပါတယ်။ အဲဒီနှစ်သင်္ကြန်
မှာတော့ ဆီးပင်ပေါ်တက်ပြီး ဆီးသီးခူးရတဲ့ ဘ၀ကို တပ်မတော် အရာရှိ
ကြီးဟာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။

စာဖတ်သူတွေရော လတ်လတ်ဆတ်ဆတ် ဆီးသီးတွေ မစားချင်ဘူးလား။

လက်စောင်းထက်

Tomorrow မှ ကူးယူ ဖော်ပြပါသည် ။

ပြန်လည် မျှဝေပေးပါသည် ။

ငွေစိုး

https://m.facebook.com/story.php?story_fbid=271505390053868&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အပင်ပေါ်က ဆီးသီးကိုမှ စားချင်တဲ့ သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့ အရာရှိကြီး (သမီးတော်ရာဇ၀င် - ၁၆)”

Post a Comment

Related Posts Plugin for WordPress, Blogger...