Sunday, June 17, 2018

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

,
ရဲဘော်ဖိုးသံချောင်း
၀၅ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြု ပြောသွားတာ ကြားလိုက် ကြရပါတယ်။ ပြောရရင် မြန်မာပြည် နိုင်ငံရေးမှာ အတော်လေး ကြားကြရတဲ့ အသုံးအနှုန်းတွေ ထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီ အသုံးအနှုန်းနဲ့ တွဲပြီး ကြားရလေ့ရှိတဲ့ နောက် အသုံးအနှုန်း တခုကတော့ ပါတီနိုင်ငံရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်း နှစ်ခုကို တနေရာစီ သုံးကြတာ ကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာ ကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက် ကျမှ ခေတ်စား လာတယ် ဆိုရင် မမှားဘူး ထင်ပါတယ်။

တကယ်က အမျိုးသား နိုင်ငံရေး ဆိုတဲ့ စကားလုံးကို ကိုလိုနီ လက်ထက်၊ သူ့ကျွန် ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန် လှုပ်ရှားမှုတွေမှာ စ သုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ စစ်တပ်က တီထွင်တဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့ လက်ထက် ကျတော့ ဒီ အသုံးအနှုန်းနဲ့ သူတို့ကိုယ် သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးသာ ကြည့်သူလို့ အပုပ်ချ တိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင် သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့ သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ် ထွက်သယောင်ယောင် ဖြစ်နေ ပါတယ်။ ဒါကြောင့်မို့ တချို့ ကျောင်းသားတွေ၊ သာမန် လူတွေ ကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသား နိုင်ငံရေး ဖြစ်တယ်လို့ အင်မတန် သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလို ဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာ တခု ရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တ အစိုးရက ပြန်ထုတ်ခဲ့ ပါတယ်။ တကယ်က အဲဒီ စာအုပ်ဟာ မြ၀တီစာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာ သိမ်းထားစဉ် ကာလ) ပထမဆုံး အကြိမ် ထုတ်ခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကိုရေးတော့ အမျိုးသား နိုင်ငံရေး ဆိုတာကို တင်ပြတဲ့ အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး ပါတီတွေကို ရန်တိုက် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြား နိုင်ငံရေး အင်အားစု မှန်သမျှကို တိုက်ခိုက် တာပါပဲ။ ဆိုလိုတာ ဒီ ပြောနည်း ဆိုဟန်ဟာ စစ်အုပ်စု ပထမ မျိုးဆက် ကနေ အခု ဗိုလ်သန်းရွှေတို့ မျိုးဆက် အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်း ဖြစ်တယ် ဆိုတာပါပဲ။ မသိ နားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ပါတီတွေကို ရန်တိုက်ပေးဖို့ အတွက် တီထွင်ထားတဲ့ လှည့်ကွက် ဖြစ်ပါတယ်။

ဒါနဲ့ တဆက်တည်း ထောက်ပြဖို့ လိုတာက ဒီနေ့ နအဖ ခေါင်းဆောင် အားလုံး လိုလိုဟာ တချိန်က မဆလ ပါတီ ပါတီဝင်တွေ၊ တချို့ ဆိုရင် ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလ တုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူ ကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြ ပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသော ပါတီ ဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက် ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖ ထိပ်သီးတွေကို သူတို့ကော ပါတီ နိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက်သင့်ပါတယ်။

တကယ်က အမျိုးသား နိုင်ငံရေး ဆိုတာကို လူတဦးတယောက်၊ ဒါမှ မဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့ မရပါဘူး။ အလားတူပဲ အမျိုးသား နိုင်ငံရေးကို ငါတို့သာ လုပ်ခွင့် ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့် မရှိဘူးလို့ လက်ဝါးကြီး အုပ်လို့လည်း မရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့် ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲ ဖြစ်ဖြစ်၊ ပါတီ အဖွဲ့အစည်း တခုပဲ ဖြစ်ဖြစ် နိုင်ငံရေး လုပ်တယ်ဆိုရင် ကိုယ်စားပြုမှု ရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ် ဆိုတာ မဖြစ်နိုင် ပါဘူး။ ဒါကို အနီးဆုံး ဥပမာ ပြရရင် ဒီနေ့ အခါမှာ ပြည်သူလူထု အများတကာ့ အများစုကြီးကို ကိုယ်စားပြုတဲ့ လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့ မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထု အများစုကြီးကို ကိုယ်စား မပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်း တပြည်လုံးက ပြည်သူတွေကို မဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေ ကိုတောင် ကိုယ်စား မပြုနိုင်ဘူး ဆိုတာ လက်တွေ့ မြင်ခဲ့ကြရပြီ မဟုတ်ပါလား။

တကယ်က ဒီလို နိုင်ငံရေး ပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စု လက်ထက်က စခဲ့တာလို့ ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့ အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို တွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့် ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာ တာပါပဲ။ ဒီလိုကနေ သူတို့ ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို အာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စု အဆက်ဆက် လက်ဆင့်ကမ်း သယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ် တ၀က်နီးပါး ရှိခဲ့ပါပြီ။

ဒီနေ့ နအဖ ချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီ လက်ထက် ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာကို အမျိုးသား နိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်း ထားသလားလို့ မေးကောင်း မေးလာ နိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့ လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့ လက္ခဏာ ဟာလည်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်က စလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင်ပြောရရင် စစ်အုပ်စု တစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ် ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝ မရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကို အသုံးပြုပြီး ပြည်သူလူထုကို ချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကို ကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာ များနေတယ်၊ အကောင်အထည်နဲ့ ပြစရာ ရှိလို့လားလို့ မေးချင် မေးလာ ပါလိမ့်မယ်။ အမျိုးသား နိုင်ငံရေး ဆိုတာ နိုင်ငံ တနိုင်ငံရဲ့ သက်ဆိုင်ရာ ကာလတခု အတွင်း အဲဒီ နိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသား အများစုကြီးနဲ့ တိုက်ရိုက် ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းဖို့ လက်ငင်း လိုအပ်နေတဲ့ ဘုံ အရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံ ကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီလို အရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထု အများစုကြီး ဘက်က ပါဝင် လုပ်ကိုင် တာဟာ အမျိုးသား နိုင်ငံရေး လုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာ လောက်ကို အမျိုးသား နိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်း တပြည်လုံးနဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဖက်ဆစ် တော်လှန်ရေးလို ဘုံ အရေးတော်ပုံကြီးတွေ ကိုမှ ခေါ်ဆို နိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလတခု အတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသား နိုင်ငံရေး ဆိုတာ အချိန်ကာလ အလိုက် ပြောင်းလဲ တတ်တယ် ဆိုတာပါပဲ။ မြန်မာပြည်ထဲမှာ ကိုပဲ ကိုလိုနီခေတ်က အမျိုးသား နိုင်ငံရေး ဆိုတာနဲ့ ဒီနေ့ အမျိုးသား နိုင်ငံရေး တို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသား နိုင်ငံရေးဟာ ကိုလိုနီဘ၀က လွတ်မြောက်ရေး၊ တနိုင်ငံလုံး လွတ်လပ်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့ နောက်မှာတော့ မြန်မာပြည် အမျိုးသား နိုင်ငံရေးရဲ့ အဓိက လက္ခဏာဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူ ချီတက် တိုက်ပွဲဝင်သလား ဆိုတာဟာ ဒီနေ့ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေကို တိုင်းတဲ့စံ ဖြစ်ပါတယ်။ နအဖ အပါအ၀င် စစ်အုပ်စု အဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင် ဖျက်ဆီး ကြသူတွေ ဖြစ်တဲ့ အတွက် အမျိုးသား နိုင်ငံရေးကို လုပ်နေသူတွေ မဟုတ်ဘဲ ဖျက်ဆီး နေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

Hla Oo.
Copy from AK moe
..........................................
ခင်နန်းယု၊(ကော့ပရံ၊မုဒုံ)
ဇွန် ၁၇၊၂၀၁၈။


https://m.facebook.com/story.php?story_fbid=650782721934995&id=100010098195181

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...