Friday, January 4, 2019

အခွင့်ထူးခံအသင်းများ - သရ၀ဏ်(ပြည်)

,
အခွင့်ထူးခံအသင်းကြီးဆိုတော့  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီအကြောင်းရေးမလို့လား ၊ဘာလား မထင်ကြစေချင်ပါဘူး ။ မြန်မာနိုင်ငံမှာတော့ အခွင့်ထူးခံအသင်းကြီး တွေ များစွာရှိနေတော့ ဒိပြင်အကြောင်းရေးမှာပါ ။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ အင်္ဂလိပ်အစိုးရလက်ထက်မှာ အင်္ဂလိပ်အစိုးရကိုဖော်လံဖားတဲ့အသင်းတွေ (ဥရောပကုန်သည်ကြီးများအသင်းတို့ ၊တရုတ်ကုန်သည်ကြီးများအသင်းတို့ ၊ဥရောပတိုက်သားရောင်းဝယ်ရေးအဖွဲ့တို့၊အင်္ဂလိပ်ကပြားများအသင်းတို့ ၊ အိန္ဒိယကုန်သည်ကြီးများအသင်းတို့  ၊ ရွှေတောင်ကြားပါတီတို့ ဘာတို့ ) ဟာ အင်္ဂလိပ်အစိုးရရဲ့မျက်နှာသာပေးခြင်းကိုခံရပါတယ် ။ အင်္ဂလိပ်အစိုးရကိုဆန့်ကျင်တဲ့ အခွန်မပေးရေး ဘူးအသင်းကြီးတို့ ၊၀ိုအမ်ဘီအေ အသင်းတို့ ၊ဂျီစီဘီအေအသင်းတို့  ၊တို့ဗမာအစည်းအရုံးတို့   ပြည်သူ့ ရဲဘော် အဖွဲ့တို့လိုမျိုးချစ်အသင်းအဖွဲ့တွေကိုအင်္ဂလိပ်အစိုးရကမကြိုက်ဘူး ။မျက်နှာသာမပေးဘူး ။ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရဆိုတော့ သူ့ ကိုထောက်ခံတဲ့သူတွေ ကိုပဲနေရာပေးတယ် ။ နိုင်ငံရေးမှာတောင် ဆာဂျေအေမောင်ကြီးတို့  ၊ ဆာပေါ်ထွန်းတို့  စတဲ့ သူတို့သြဇာခံမယ့်သူတွေကိုပဲ ရာထူးအာဏာပေးတယ် ။ ဂဋ္ဌုန်ဦးစောတို့ ဒေါက်တာဘမော်တို့လိုအင်္ဂလိပ်ဘက်ယိမ်းမယ့်အဖွဲ့တွေကိုပဲ  အားထားတယ် ။ဆိုလိုတာက အစိုးရတွေဟာ လူမှုရေးအသင်းတို့  ၊နိုင်ငံရေးအသင်းတို့  ၊ဘာအသင်းအဖွဲ့ပဲဖြစ်ဖြစ် သူတို့ ထိမ်းကျောင်းလို့ရမယ့် ၊သူတို့ကြိုးဆွဲရာ ပါမယ့်အသင်းတွေကိုပဲ အားပေးထောက်ခံ ကူညီပံ့ပိုးတတ်ကြတာကိုပြောချင်တာပါ ။ အထူးသဖြင့် ကိုလိုနီအစိုးရ ၊ ဖက်ဆစ်ဂျပန်အစိုးရ ၊ စစ်အစိုးရ ၊ တပါတီအာဏာရှင်အစိုးရ စတဲ့အစိုးရတွေလက်ထက်မှာ လက်ကိုင်တုတ်အသင်းတွေရှိတတ်ကြပါတယ် ။ အဲဒိအသင်းတွေကိုလူရာမ၀င်ဝင်အောင် ပွဲထုတ်ပေးမယ် ။ အဲဒိအသင်းနဲ့ကိုမ၀င်တဲ့သူတွေ ၊ တခြားစင်ပြိုင်အသင်းထောင်လို့မရအောင် နှိပ်ကွပ်မယ် ၊ ဘေးဖယ်ထားမယ် ၊ လိုအပ်ရင် အကြောင်းအမျိုးမျိုးပြပြီး အပြစ်ပေးအရေးယူမယ် ဆိုတဲ့ အကွက်တွေဟာ အာဏာရှင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းဗျူဟာတွေပေါ့ ။ နည်းဟောင်းကြီးပေမယ့် နှစ်ပေါင်းများစွာ ပျော်ပျော်ကြီးသုံးခဲ့ကြတာပေါ့ ။

       ၁၉၆၂ စစ်အာဏာသိမ်းတာကစပြီး ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရလက်ထက်မှာ နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းလိုက်တယ် ။ တော်လှန်ရေးကောင်စီဆိုတာပဲရှိတယ် ။ အခြားဘာအဖွဲ့မှမရှိရဘူး ။၁၉၇၄ ခုနှစ်ကျမှ ဖွဲံစည်းပုံဥပဒေစိတ်ကြိုက်ရေးဆွဲအတည်ပြုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ တပါတီတည်းနဲ့ပဲ မြန်မာပြည်ကို အုပ်ချုပ်တယ် ။ပြိုင်ဘက်ပါတီမရှိစေရဘူး ။ နိုင်ငံရေးသမားတွေကိုထိမ်းချုပ်တဲ့နည်းတူ စာရေးဆရာတွေကိုလည်းထိမ်းချုပ်ဖို့ကြိုးစားလုပ်ဆောင်လာတယ် ။ ဦးနုအစိုးရ ၊ ဦးဗဆွေ အစိုးရလက်ထက်တွေမှာ ရှိခဲ့တဲ့ လွတ်လပ်တဲ့စာပေအဖွဲ့အစည်းအသီးသီးကို ဖျက်သိမ်းပစ်လိုက်တယ် ။ သူ့ သြဇာခံမယ့် လက်ညှိုးထောင်ခေါင်းငြိမ့်စာရေးဆရာတွေနဲ့ ဖွဲ့ထားတဲ့ “စာပေလုပ်သား “ဆိုတဲ့အဖွဲ့ကိုဖွဲ့ပေးလိုက်ပါတယ် ။ ဒီအဖွဲ့ ဟာနာမည်ကိုက စာပေလုပ်သား ဆိုတော့ စာပေ ဆိုတာရယ် လုပ်သားဆိုတာရယ်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လိုလို ဘာလိုလိုအောက်ကို လက်အောက်ခံအဖြစ်ထည့်သွင်း ဖွဲ့စည်းလိုက်တာပါ ။ စာပေလုပ်သားခေတ်တလျှောက်မှာ အဲဒိအဖွဲ့ထဲမ၀င်တဲ့စာရေးဆရာတွေလဲအများကြီးရှိခဲ့ပါတယ် ။ ဥက္ကဌတွေအမှုဆောင်တွေကိုလဲ ဥက္ကကြီးဦးနေ၀င်း သဘောကျတဲ့ စာရေးဆရာကိုမှ အောက်ကလူတွေက ဗောင်းတော်ညိတ် စိတ်တော်သိသဘောနဲ့ တင်မြောက်ခဲ့ကြတာပါ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ဦးနေ၀င်းအစိုးရကို မှန်မှန်ကန်ကန်ဝေဖန်ထောက်ပြလေ့ရှိတဲ့ ဆရာမြသန်းတင့်တို့ ၊လူထုစိန်ဝင်းတို့ ၊ ဟံသာဝတီဦးဝင်းတင်တို့ ၊လူထုဦးလှတို့ ၊လူထုဒေါ်အမာတို့  စတဲ့ စာရေးဆရာတွေဆိုရင်အဲဒိအသင်းကြီးက ခပ်ဝေးဝေးမှာနေခဲ့ကြသလို အဲဒိဆရာကြီးတွေ ဆရာမကြီးတွေကလည်း စာပေလုပ်သားအသင်းကြီးနဲ့အဝေးဆုံးမှာရပ်ခဲ့ကြတာပါ ။ အာဏာရှင်အစိုးရတိုင်းဟာ သူတို့ခိုင်းရာလုပ်မယ့်အဖွဲ့ဆိုရင်အခွင့်အရေးတွေလုပ်ပိုင်ခွင့်တွေပေးခဲ့ကြတဲ့အစဉ်အလာမပျက် စာပေလုပ်သား အဖွဲ့ကြီးကို နိုင်ငံတော်အဆင့်အဖွဲ့အစည်းကြီးဖြစ်အောင် အစိုးရက အားပေးထောက်ခံခဲ့ကြတာပါ ။ သူတို့အမာခံလူတွေကပဲ အသင်းကြီးရဲ့လူကြီးနေရာတွေကို ပြိုင်ဘက်မရှိ ရယူထားခဲ့ကြတာပါ။

     ၁၉၈၈ မှာ ရှစ်လေးလုံးအရေးတော်ပုံအရေးတော်ပုံကြီးအပြီး စစ်တပ်ကအာဏာသိမ်းအပြီးမှာတော့ ဦးနေ၀င်းအစိုးရပြုတ်ကျသွားတာနဲ့အတူ စာပေလုပ်သား ဆိုတဲ့အဖွဲ့ကြီးကိုလည်း အသစ်တက်လာတဲ့ အာဏာသိမ်း န.၀.တ စစ်အစိုးရက စာပေနှင့်စာနယ်ဇင်းအဖွဲ့ဆိုပြီး အမည်ပြောင်းကာ အရင်အဟောင်းအတိုင်းပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ် ။ စစ်အစိုးရရဲ့လုပ်နည်းလုပ်ဟန်ဟာလည်း ဦးနေ၀င်းရဲ့လုပ်နည်းလုပ်ဟန်အတိုင်းပါပဲ ။ သူတို့ ကြိုးဆွဲရာနာခံမယ့် ပုလင်းတူဗူးဆို့ အဖွဲ့အစည်းအဖြစ် ပြိုင်ဘက်အဖွဲ့မထားပဲ တခုတည်းသော စာရေးဆရာအသင်းအဖွဲ့ကြီးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ် ။ ဥက္ကအဖြစ် ထီလာစစ်သူ ၊တက္ကသိုလ်တင်ခ စတဲ့ တပ်မတော်အရာရှိဟောင်းစာရေးဆရာများ-ကိုဆောင်း(ဦးလှမြိုင်)လို  ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့နီးစပ်သူများကိုပဲခန့်အပ်ခဲ့ပါတယ် ။ ဗဟိုကော်မတီမှာလည်းဗိုလ်မှူးကြီးဟောင်းများပဲ မကြာခနအရွေးခံရပါတယ်။စာပေဆုတွေလဲမကြာခနသူတို့ပဲရကြပါတယ်။  မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ကြီးဟာလည်း စာပေလုပ်သားအဖွဲ့ကြီးနည်းတူ စစ်အစိုးရရဲ့ မူဝါဒတွေကိုထောက်ခံဖို့ဖွဲ့ပေးထားတဲ့အသင်းကြီးဖြစ်ပါတယ် ။အဲဒိခေတ်အဲဒိအခါက စာပေဟောပြောပွဲတွေကျင်းပတဲ့အခါ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကြီးကချပေးတဲ့စာရေးဆရာတွေကိုပဲ ဟောပြောပွဲကျင်းပရေးကော်မတီကလက်ခံရတာဖြစ်ပါတယ် ။အခုခေတ်လို ကိုယ်ကြိုက်တဲ့စာရေးဆရာကိုယ်ဖိတ်လို့ မရပါ ။ ရခဲ့ရင်လဲ အထက်ကချပေးတဲ့စာရေးဆရာကိုမဖြစ်မနေထည့်သွင်းရပါတယ် ။စာပေဟောပြောပွဲလုပ်ရင် ဟောပြောပွဲလုပ်မယ့်မြို့နယ်ရဲ့ စာရေးဆရာအသင်းဆီကထောက်ခံချက်ယူရပါတယ် ။ သူတို့မထောက်ခံရင် မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကပါမစ်ချမပေးပါ ။ အဲဒိလောက်အထိ တန်ခိုးထွားခဲ့ကြပါတယ် ။ အဲဒိအကျင့်ရဲ့အကြွင်းအကျန်ဟာအချို့သောနယ်မြို့များမှာ (ခေတ်ပြောင်းသွားတာကိုမသိပဲ) အခုထိ စွဲကပ်နေဆဲဖြစ်ပါတယ် ။သူတို့ထောက်ခံမှ စာပေဟောပြောပွဲလုပ်ခွင့်ရှိတယ်လို့  မဟုတ်ကဟုတ်က ထင်မြင်ယူဆနေသူ စာရေးဆရာအသင်းလူကြီးဆိုသူတွေလဲ ခုထိရှိနေပါသေးတယ်။  

    နောက်တော့ ၂၀၁၀ ဒီဘက်မှာ ဦးသိန်းစိန်အစိုးရတက်လာပြီး စစ်အစိုးရလက်ထက်ကရှိခဲ့တဲ့ စာပေနဲ့စာနယ်ဇင်းဆိုတဲ့အဖွဲ့ကိုလည်း မြန်မာနိုင်ငံစာရေးဆရာအသင်းဆိုတဲ့အမည်နဲ့ပြန်ဖွဲ့ခဲ့ပါတယ် ။ နာမည်ပြောင်းပေမယ့် အနှစ်သာရကတော့ နဂိုအတိုင်းပါပဲ ။ ဘယ်လိုနဂိုအတိုင်းလဲဆိုရင် အစိုးရကထောက်ခံအားပေးတဲ့အဓိကအသင်းကြီးအဖြစ်ရှိနေသလို ၊ အစိုးရကိုထောက်ခံအားပေးတဲ့အသင်းကြီးအဖြစ် အစဉ်အလာမပျက်ရှိနေခဲ့တာပါ ။အစိုးရကအသင်းကိုထောက်ခံ ၊စာပေအသင်းကအစိုးရကိုထောက်ခံ ၊အပြန်အလှန်ထောက်ခံကြတာပေါ့ ။ အစိုးရကထောက်ခံအားပေးတဲ့အသင်း လို့ပြောရတာက နိုင်ငံတော်အခမ်းအနားတွေမှာ အမြဲတမ်းဖိတ်ကြားခံရတယ် ။စစ်အစိုးရတက်လာကာစက ရန်ကုန်မှာအဖွဲ့ဝင်လူကြီးတွေ မြေကွက်တွေရကြတယ် ။  နိုင်ငံခြားကို လေ့လာရေးလွှတ်ရင် မြန်မာနိုင်ငံမှာစာရေးဆရာတွေများစွာရှိပါလျက်နဲ့ အဲဒိအသင်းကြီးရဲ့အလုပ်အမှုဆောင်လူကြီးတွေပဲသွားခွင့်ရကြတယ် ။ အမျိုးသားစာပေဆုရွေးချယ်တဲ့အခါမှာ အရင်ခေတ်ကဆိုရင် စာပေလုပ်သား၊စာပေနဲ့စာနယ်ဇင်းအသင်းကြီးကပဲ သူတို့ဘာသာရွေးချယ်ကြတယ် ။ မဲခေါင်စာပေဆုဆိုရင် အခုထက်ထိ မြန်မာနိုင်ငံစာရေးဆရာအသင်းဆိုတာကပဲ ရွေးပေးတယ် ။ အပြင်လူလဲ ရလေ့မရှိပဲ  သူတို့အမှုဆောင်လူကြီးတွေပဲလှည့်ပတ်ယူလေ့ရှိတယ် ။ အသင်းမြေနေရာအဖြစ်လဲ ရန်ကုန်မြို့လည်အမှတ်(၁၇၃/၁၇၅ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် မှာ ကွန်ဒိုတိုက်ခန်းတခန်း အထူးသက်သာသောနှုန်းနဲ့နှစ်ပေါင်းများစွာငှားရမ်းခွင့်ရခဲ့တယ် ။တကယ်ပြောရရင်အဲဒိမြေနေရာဟာ ဆရာကြီးရွှေဥဒေါင်းတို့စာရေးဆရာကြီးတွေ ကန်တော်ကြီးစောင်းမြိုင်ရုံမှာစာဆိုတော်နေ့ ပြဇာတ်ကပြီးရလာတဲ့ရန်ပုံငွေနဲ့ စာရေးဆရာတွေအားလုံးပိုင် မြေနေရာလေးဝယ်ထားခဲ့တယ်လို့သိခဲ့ဖူးပါတယ်။ အဲဒါစစ်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းတို့လက်ထက်မှာ ဘယ်လိုကနေဘယ်လို ကန်ထရိုက်တိုက်တွေ ၊ကွန်ဒိုတွေဖြစ် သွားတာလဲတော့မသိဘူး ။ နောက်တော့ စာရေးဆရာအများပိုင်နေရာလဲမဟုတ်တော့ပဲ ပြန်ကြားရေးဝန်ကြီးဌာနကပိုင်သလိုလိုဘာလိုလိုဖြစ်သွားတော့တာပါပဲ ။ ဒါကပြောလိုရင်းမဟုတ်ပါဘူး ။ပြောလိုရင်းက မြန်မာနိုင်ငံစာရေးဆရာအသင်းဆိုတာကို ဦးသိန်းစိန်အစိုးရဘက်က  အရင် စာပေလုပ်သားအဖွဲ့ ၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့ တွေလိုပဲ တခုတည်းသော စာပေအဖွဲ့ကြီးအဖြစ်ပစားပေးခဲ့တာကိုပြောချင်တာပါ ။ အစိုးရနဲ့ ပလဲနံပသင့်သောအဖွဲ့ကြီးအဖြစ် ၁၉၆၂ ကစလို့ခေတ်အဆက်ဆက်ရှိခဲ့တာကိုပြောချင်တာပါ ။ သူ့အရပ်နဲ့သူ့ ဇာတ် ၊ အာဏာရှင်အစိုးရနဲ့ သူ့ စိတ်ကြိုက် အဖွဲ့အစည်းဆိုတာလို တသွေးတည်းတသားတည်းလိုရှိခဲ့တာပါ ။ စာပေနဲ့စာနယ်ဇင်းအသင်းကြီးထဲက ခေါင်းဆောင်တော်တော်များများဟာ ကြေးမုံနဲ့မြန်မာ့အလင်းသတင်းစာတွေမှာ တချို့ကလည်းကလောင်အမည်အရင်းနဲ့ ၊ အများစုကလည်းကလောင်ဝှက်အမျိုးမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ၊ နိုင်ငံရေးသမားတွေကို အောက်တန်းအကျဆုံးစကားလုံးတွေသုံးပြီး ရိုင်းရိုင်းစိုင်းစိုင်း တိုက်ခိုက်ရေးသားခဲ့ကြတာပါ ။ ဒီလိုရေးပေးတဲ့အတွက် အစိုးရကလဲကျောသပ်ရင်သပ်သူကောင်းပြုခဲ့တာကို ခံစားခဲ့ကြတာပါ ။ဘယ်သူတွေ ဘယ်နာမည်နဲ့ရေးခဲ့ကြတာလဲဆိုတာ သိပေမယ့် ပုဂ္ဂိုလ်ရေးဆန်မှာစိုးလို့  မပြောတော့ပါဘူး ။

    အဲဒါတွေကတော့ အရင် စစ်အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာ မြန်မာနိုင်ငံမှာပြိုင်ဘက်မရှိ မင်းမူကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့နဲ့စာပေနဲ့စာနယ်ဇင်းအသင်းကြီးအကြောင်းပါ ။ အခုတော့ရော ဘယ်လိုလဲ ၊ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အစိုးရလက်အောက်မှာ စာပေအသင်းကြီးနဲ့အစိုးရရဲ့ဆက်ဆံရေးကိစ္စက ပြောင်းလဲခဲ့ပြီလားလို့မေးရင် ၊ နိုးပါ လို့ပဲဖြေပါရစေ ။ အရင်အစိုးရအဆက်ဆက်လိုပဲ အသစ်တက်လာတဲ့ အရပ်သားအစိုးရဟာ ဒီစာပေအသင်းကြီးကို နိုင်ငံတော်အဆင့်အသင်းကြီးလိုသဘောထားဆက်ဆံပြီးအခြားသော လွတ်လပ်တဲ့စာပေအသင်းအဖွဲ့တွေကိုတော့ရပ်ကွက်ဆွမ်းလောင်းသင်းအဆင့်လောက်သာသဘောထားဆက်ဆံနေဆဲဖြစ်တာကိုလည်း ၀မ်းနည်းအံ့သြစွာတွေ့ ရှိရပါတယ် ။မြန်မာနိုင်ငံစာရေးဆရာအသင်းကပြုလုပ်တဲ့ပွဲလမ်းသဘင်တွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်လေ့ရှိပါတယ် ။အချို့ပွဲတွေမှာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်တက်ရောက်ပါတယ်။   ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီ အချို့တ၀က်ရရှိလာတာနဲ့အတူ စာရေးဆရာတွေဟာ နဂိုက ၀င်ချင်သည်ဖြစ်စေ မ၀င်ချင်သည်ဖြစ်စေ အသင်းအဖွဲ့ တခုတည်းပဲရွေးချယ် ၀င်ရောက်စရာရှိတဲ့အနေအထားကနေ အောက်ပါအတိုင်း မိမိနဲ့ဦးတည်ချက်တူရာ ၊ ရပ်တည်ချက်တူရာ အစုအဖွဲ့လေးတွေစုဖွဲ့ပြီး စာပေအသင်းတွေတည်ထောင်လာကြတာ အဓိကအားဖြင့် အောက်ပါအတိုင်းတွေ့ ကြရပါတယ် ။

(၁) မြန်မာနိုင်ငံစာရေးဆရာအသင်း

ဒီအသင်းဟာ စစ်အစိုးရနဲ့နီးစပ်ခဲ့တဲ့ ယခင်စာပေလုပ်သား ၊ စာပေနဲ့စာနယ်ဇင်းအဖွဲ့တွေကိုအမည်ပြောင်းဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပါတယ် ။ အစိုးရအဆက်ဆက်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိပါတယ် ။ တပ်မတော်အရာရှိဟောင်း စာရေးဆရာအများစုအမှုဆောင်အဖွဲ့မှာပါဝင်ပါတယ် (လက်ရှိအသင်းလူကြီးတွေအဖြစ် မနုဿကျော်ဝင်း( ဥက္ကဌ) ၊ ဒေါ်ချိုချိုတင် (မစန္ဒာ ) ဒုတိယဥက္ကဌ (၁)၊ချစ်နိုင်(စိတ်ပညာ) ဒုတိယဥက္ကဌ (၂) ၊ မြင်းမူမောင်နိုင်မိုး ၊ ဒုတိယဥက္ကဌ(၃) ၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက် ) အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ပါတယ် )။ ဦးခင်ညွန့်ကိုကန်တော့ခံ သက်ကြီးစာပေပညာရှင်အဖြစ်ဖိတ်ကြားခဲ့တာလည်းဒီအသင်းဖြစ်ပါတယ်။

(၂) စာရေးဆရာသမဂ္ဂ

ဒီမိုကရေစီအစိုးရလက်ထက်မှလွတ်လပ်စွာတည်ထောင်ခွင့်ရလို့ထောင်ရတဲ့စာရေးဆရာအသင်းတသင်းဖြစ်ပါတယ် (စာရေးဆရာထက်မြက် ၊ ကိုလင်းထင်တို့  ခေါင်းဆောင်ပါတယ် )

(၃) ကဗျာဆရာသမဂ္ဂ

မိုဃ်းဇော်၊ခိုင်မျိုး - လူအိမ် စတဲ့ ကဗျာဆရာများ ဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။

(၄) ပန်မြန်မာ ( Pen Myanmar ) အဖွဲ့

ပန်အင်တာနေရှင်နယ်ရဲ့ မြန်မာနိုင်ငံအဖွဲ့ဖြစ်ပါတယ် ။ ဆရာမျိုးမြင့်ငြိမ်း၊မသီတာ(စမ်းချောင်း) တို့ဦးဆောင်ပါတယ် ။ကဗျာဆရာစောဝေ၊ စာရေးဆရာမ စုမိအောင်အပါအ၀င် စာရေးဆရာများစွာပါဝင်ပါတယ်။

(၅) မြန်မာစာရေးဆရာကလပ် ( Myanmar Writers Club )

ကောင်းသန့်(ဥက္ကဌ)၊ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)ဒုတိယဥက္ကဌ-၁ ။ဒေါက်တာခင်မောင်ညို-ဒုဥက္ကဌ(၂)  ဆရာချစ်ဦးညို -ဒုတိယဥက္ကဌ (၃ ) ၊  ၊ထင်လင်းဦး (အတွင်းရေးမှူး) အဖြစ်ဆောင်ရွက်ပါတယ် ။

(၆) အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း

ဆရာဆူးငှက် ၊ သန်းနိုင်ဦး၊ နှင်းဆီအောင် ၊ဆရာညီပုလေး  တို့နဲ့စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ် ။ဒိအပြင် ကာတွန်းဆရာများသမဂ္ဂ ကိုအော်ပီကျယ်နဲ့ ကာတွန်းဆရာများဦးဆောင် ဖွဲ့စည်းထားတာလည်းရှိပါတယ် ။

           အဲဒိတော့ မြန်မာနိုင်ငံမှာ ယခုအခါ စာပေနဲ့ပတ်သက်လာရင် အသင်းအဖွဲ့ (၆)ဖွဲ့လောက်ရှိပါတယ် ။ လူနည်းတာများတာကိုမတွက်ပဲ အဖွဲ့အားလုံးဟာ သူ့နည်းနဲ့သူ အရေးပါအရာရောက်သူတွေချည်းပဲဖြစ်ပါတယ် ။ စာပေအနုပညာသမားတွေချည်းပဲဖြစ်ပါတယ် ။သတင်းစာဆရာအသင်းတို့ ၊စာနယ်ဇင်းကောင်စီတို့ဘာတို့လဲသပ်သပ်ရှိပါတယ် ။  ပြသနာက အဲဒိလို မတူညီတဲ့စာရေးဆရာအဖွဲ့ (၆) ဖွဲ့ရှိတဲ့အနက် အရပ်သားအစိုးရအသစ်တက်လာသော်လည်း ယခင်စစ်အာဏာရှင်အစိုးရအဆက်ဆက်ရဲ့နဂိုမူလအတွေးအခေါ်အကျင့်အကြံအတိုင်း မြန်မာနိုင်ငံစာရေးဆရာအသင်းဆိုတာကြီးကိုပဲ (နိုင်ငံတော်အဆင့်ဖြစ်နေသယောင် ) အသိအမှတ်ပြုဆက်ဆံပြီး ကျန်အဖွဲ့များရဲ့တည်ရှိမှုကို မသိကျိုးကျွန်ပြုနေတာပဲဖြစ်ပါတယ် ။ စာပေဟောပြောပွဲတွေမှာ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဌမနုဿကျော်ဝင်း၏သ၀ဏ်လွှာဆိုတာကြီးကို တက်တက်ဖတ်ပြနေတာလဲဒီအသင်းပါပဲ ။ တကယ်ဆိုရင်ကိုယ့်အသင်းကလုပ်တဲ့ အခမ်းအနားတွေမှာပဲ ဒီသ၀ဏ်လွှာဆိုတာကြီးကိုတက်ဖတ်ကြသင့်ပါတယ် ။ စာရေးဆရာတိုင်းဟာ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့လက်အောက်ခံတွေမဟုတ်ကြပါ ။  

        စစ်အာဏာရှင်လက်ထက်မှာ သူတို့စိတ်ကြိုက် ဖွဲ့ပေးခဲ့တဲ့အသင်းကြီးမို့ စစ်အစိုးရက ဇန်းတင်ပေးတယ် ၊နေရာပေးတယ်ဆိုတာ လက်ခံလို့ရပါတယ် ။ အခုပြည်သူ့အစိုးရလို့ခေါ်တဲ့ NLD အစိုးရလက်ထက်မှာ အသင်းအဖွဲ့တွေအားလုံး မျှမျှတတ ဆက်ဆံရမှာ မဟုတ်ဘူးလား ။ အရင်အစိုးရအဆက်ဆက်လက်ထက်မှာ လက်ကိုင်တုတ်အဖြစ် အသုံးချပြီး ဒီမိုကရေစီဘက်တော်သားတွေဘက်က မရပ်တည်ခဲ့တဲ့အသင်းတခုကို အခုအချိန်မှာတော့ အားလုံးထက်ထူးတဲ့အခွင့်အရေးတွေမပေးပဲ အများထဲကတသင်းအဖြစ်ဆက်ဆံရမှာ မဟုတ်ဘူးလား ။ မိုးထဲရေထဲမှာ NLD ဘက်ကရပ်တည်ခဲ့ကြတဲ့ စာရေးဆရာအများစုဟာ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်တွေမဟုတ်ကြပါဘူး ၊ အကြောင်းကြောင်းကြောင့် အသင်းဝင်ဖြစ်ခဲ့ကြဖူးရင်လဲ အခုအခါမှာ လွတ်လပ်သောစာပေအသင်းတွေရှိရာ ကိုအသီးသီးရွှေ့ပြောင်းသွားခဲ့ကြပါပြီ ။ ဒီတော့ ပြည်သူ့အစိုးရလို့ခေါ်တဲ့ NLD အစိုးရစဉ်းစားပါ ။ မြန်မာနိုင်ငံစာရေးဆရာအသင်းဆိုတာ အခွင့်ထူးခံအသင်းတခုဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကိုစဉ်းစားပါ ။အလိုလိုနေရင်း စာရေးဆရာများအားလုံးကိုဒီအသင်းကြီးကကိုယ်စားပြုသလိုလိုထင်နေကြတာကိုလည်းပြန်လည်သုံးသပ်ပါ။  သမိုင်းတလျောက် ဘယ်သူတွေဟာ ဘယ်ဘက်ကရပ်တည်ခဲ့သလဲဆိုတာစဉ်းစားပါ ။ ဒီမိုကရေစီစနစ်အောက်မှာ တသင်းတည်းတဖွဲ့တည်းကို  နိုင်ငံတော် အဆင့်အသင်းကြီးသဖွယ် သတ်မှတ်နေတာဟာ ယုတ္တိရှိမရှိ ၊ တရားမျှတမှုရှိမရှိတွေးတောပါ ။ပြီးရင်ဆုံးဖြတ်ချက်ချပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ပြန်ကြားရေးဝန်ကြီး တို့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့အချိန်တန်ပါပြီ ။ နိုင်ငံပိုင်သတင်းစာတောင်မရှိသင့်တော့တဲ့ ဒီခေတ်မှာ အခွင့်ထူးခံအသင်းတွေ ရှိသင့်မရှိသင့် စဉ်းစားဆုံးဖြတ်ကြဖို့အချိန်တန်ရုံမက အချိန်လွန်နေပါပြီ ။ စစ်အာဏာရှင်စနစ်ရဲ့မကောင်းတဲ့အမွေဆိုးတွေကို ဆက်ခံဖို့ ဒီမိုကရေစီအရပ်သားအစိုးရမှာတာဝန်မရှိပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်News  Watch ဂျာနယ်
၎.၁.၂၀၁၉


https://www.facebook.com/100000275646491/posts/2330245996994566/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အခွင့်ထူးခံအသင်းများ - သရ၀ဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...