Wednesday, December 19, 2018

ဒီတိုင်းပြည် ဘယ်လိုမှမကောင်းနိုင်တော့ဘူး

,
By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယ၀ံသာဘိဝံသနှင့်တွေ့ဆုံခြင်း အပိုင်း ၁

မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်လူမျိုးရေးအဓိကရုဏ်များကြောင့် မကြာခဏဆိုသလို စိုးရိမ် ထိတ် လန့်မှုများ ကြုံတွေ့နေရလေ့ရှိပြီး လတ်တလော ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မတည် မငြိမ်မှု များဖြစ်မည်ကို စိုးရိမ်နေကြရသည်။ နိုင်ငံရေးနှင့်ဘာသာရေး ရောယှက်မှု၏ ဒဏ်ကို မကြာခဏ ခံစားနေရသည့် မြန်မာနိုင်ငံတွင် စစ်မှန်သော သာသနာတော်ဖြစ်ပေါ်လာ ရေး မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယ ၀ံသာဘိဝံသကို  ရန်ကုန်ခေတ်သစ်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး ။ ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှုံး  နေတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါနေတယ်။ အဲဒီအပေါ် သုံးသပ်ချက် သိချင်ပါတယ်။

ဖြေ ။ ။ အခု သူတို့ကြေညာလိုက်တယ်၊ သူတို့အနေနဲ့ကြည့်လိုက်တော့ ဒီတိုင်းမြင်နေတယ်လို့ ဘုန်းကြီးကတော့ မြင်တာပဲလေ။ ဘာကြောင့် ဒီလိုမြင်ရတုန်းဆိုတော့ ဘုန်းကြီးတို့ မြန်မာနိုင်ငံရဲ့ အခြေအနေကိုက အပြောင်းအလဲကြီး တော်တော်ကိုဖြစ်နေတဲ့ အနေအထား တစ်ခုပါပဲ။ အရင်တုန်း ကတော့ ဖိနှိပ်ထားမှုတွေများခဲ့တော့ လွတ်လပ်ခွင့်မရဘူး ဆိုတာကတော့ အရင်ကတည်းကလည်း မရှိတာက မရှိတာပါပဲ။ ဒါပေမယ့် အခုကျတော့ လွတ်လပ်မှုမရှိတာက ပိုပြီးတော့ အသံကျယ် လောင် လာတဲ့ သဘောမျိုးလို့ ဒီလိုမျိုးလို့တော့ ပြောရမှာပေါ့။
နောက်တစ်ခုက ဒီအပြောင်းအလဲမှာက အာဏာလက်လွတ်ဆုံးရှုံးတဲ့သူတွေဟာ နည်းမျိုးစုံနဲ့ အာဏာရ ဖို့ကြံစည်တဲအထဲမှာ တိုင်းပြည်မတည်ငြိမ်အောင် ဒီဘာသာရေးကို အသုံးချမှုက ထိပ်တန်း ပါနေတယ်လို့ ဒီလိုပဲ ဘုန်းကြီးကမြင်တယ်လေ။ ဘာလို့လဲဆိုတော့ ပြည်သူတွေကို နှောင့်နိုင်ဆုံးက ဒီ ဘာသာရေး ဖြစ်နေတယ်။ ပြည်သူတွေဆိုတာ ဘာသာရေးဆိုတာ သူ့ဘာသာ၊ ကိုယ့်ဘာသာ အထွတ် အမြတ်ထားကြတာ။ အထွတ်အမြတ်ထားကြတာဆိုတော့ အဲဒီဘာသာရေးနဲ့ နှောင့်လိုက် လို့ရှိရင် ဂယောက်ဂယက်၊ ယုံထင်ကြောင်ထင် ဖြစ်အောင်လည်း အကုန်လုံးလုပ် လို့ရတဲ့ ကိစ္စဖြစ် နေ တယ်ပေါ့။ အဲဒီတော့ သူက ဒီဟာကို ဘာသာရေးကို အသုံးချတာ ခေါ်တာပေါ့။
အဲဒါကြောင့်လို့ ဘုန်းကြီးကတော့ နံပါတ် (၁) အချက် မြင်တယ်ပေါ့။ နံပါတ် (၂) အချက်က ပြည်သူတွေရဲ့ အသိဥာဏ်ပေါ့လေ၊ နိမ့်ကျမှုဆိုတဲ့ပြဿနာကလည်း အကြောင်းရင်းကြီး တစ်ခုပဲ။ ဒါတွေဟာ ကြောင်းကျိုးသိတဲ့ သူတစ်ယောက်သာဆိုလို့ရှိရင် ဒါ ဘုန်းကြီးတို့က ရန်ဖြစ်နေလို့၊ တစ်ယောက်နဲ့တစ်ယောက် မသင့်တဲ့လမ်းကြောင်းကြီးပေါ်မှာ ဆက်သွားနေလို့ အကျိုးမရှိဘူးဆိုတာ ဒါ ရှင်းရှင်းကလေးပါ၊ သိပါတယ်။

အထူးသဖြင့် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာပိုင်းဆိုရင်၊ ဗုဒ္ဓဘာသာပိုင်းမှာကို ဒီကိစ္စတွေက ပြဿနာ ဖြစ်နေတာ၊ ဒီ အသိဉာဏ်နည်းမှု ခေါ်တာပေါ့။ ဗုဒ္ဓဘာသာ သင်္ကန်းဝတ် တဲ့ဆရာတော်၊ ဒီထဲမှာကို ဒီလိုအုပ်စုတွေရှိတယ်။ ဒီလိုအုပ်စုတွေရှိတဲ့အထဲမှာ တစ်ခါ ထပ်ပြီးတော့ ရိုးရိုးသားသား မသိလို့ဆိုတာ တစ်မျိုး၊ အာဏာမက်တာမျိုး၊ အာဏာ ပေးလိုက်ရင်၊ ခေါင်းဆောင်တစ်ခုတင်လိုက်ရင် ဘ၀င်မြင့် ချက်တဲ့အုပ်စု၊ အဲဒီလို အမျိုးအစားတွေလည်းရှိတတယ်၊ ဒေ၀ဒတ်ဂိုဏ်းလို့ ခေါ်တာပေါ့။
ဘုရားအဆုံးအမကို ဆန့်ကျင်တဲ့ဂိုဏ်း၊ အရေးမထားတဲ့ဂိုဏ်း၊ ဘာသာရေး အိုးမည်းသုတ်နေတယ်လို့ ပြောတာလည်း မဖြုံတဲ့ဂိုဏ်းမျိုးပေါ့နော်။ သူတို့စားရရင်၊ သူတို့ အကျိုးအမြတ်ရှိရင် ပြီးတာပဲဆိုတာ မျိုးတွေ၊ အဲဒါတွေကလည်း တော်တော်ကို ဆိုးဆိုးရွားရွား ရှိနေတယ်။ အဲဒါကတော့ ဘာသာရေး ပိုင်းမှာ၊ သူများဘာသာတော့ မပြောတော့ဘူး၊ ဘုန်းကြီးတို့ဘာသာမှာကို ဒီကိစ္စကရှိနေတော့ ပြဿနာကြီးတယ်။ အဲဒါတွေကို ဆွဲအသုံးချ ပစ်လိုက်တာပေါ့နော်။ နောက် သူတို့ကလည်း အာဏာ လက်လွတ်တဲ့သူတွေရဲ့ အုပ်စုမှာက ငွေကြေးဥစ္စာဓနတွေက မဟားတရားပေါ့ဗျာ၊ မတရားသဖြင့် သိပ်ထည့်ပြီးတော့ နိုင်ငံ့ရဲ့ပစ္စည်းတွေ ယူထားတာဖြစ်နေတော့ ဒီပစ္စည်းနဲ့၊ ငွေကြေးနဲ့ အသုံးချလို့ အကွက်တွေက အများကြီးရှိတယ်လေ။
ဒီအကွက်ထဲမှာ၊ ဒီဘာသာရေးထဲမှာ ဒီလို ခပ်ရိုင်းရိုင်းပြောရင် အရိုးပစ်ကျွေးရင် ကိုက်မယ့်အုပ်စုလို့ ခေါ်တာပေါ့၊ ကိုက်ချင်နေတဲ့၊ ရှာနေတဲ့အုပ်စုတွေကလည်း ရှိတယ်။ အဲဒီမှာ အသုံးချလို့ရသွားတာ။ အဲဒီတော့ ဘာဖြစ်တုန်းဆိုတော့ ဘုန်းကြီးတို့ သူများသာသနာကတော့ တစ်ပိုင်းပေါ့ဗျာ၊ ကျုပ်တို့သာသနာကိုက အဲဒီအပိုင်း ပျက်စီးရာကနေ ဖြစ်လာခဲ့တာ။ အဲ့ဒီလိုတွေဖြစ်တယ်လို့ ဘုန်းကြီးကတော့ မြင်တယ်လေ။
မေး ။ ။ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှုံးတဲ့နိုင်ငံ စာရင်းဝင်နေဆဲဆိုတာက အစိုးရလည်းဘာမှမတတ်နိုင်ဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ ဟုတ်တယ်၊ ဒါလည်း ပြောစရာဖြစ်တယ်။ ဒီဟာက ဘုန်းကြီးတို့က အစိုးရလို့ ခေါ်ရပေမယ်လို့ အမည်ခံ အစိုးရ ဖြစ်နေတယ်။ အစိုးရလို့ သုံးနှုန်းထား၊ ခေါ်ဝေါ်ထား၊ အဲ့လို တစ်နည်းအားဖြင့် အရပ်စကား ပြောရရင် ရုပ်သေးအစိုးရဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆို သူက ဒီ အာဏာအများစုက စစ်တပ်၊ စစ်တပ်ဆိုတာတောင်မှ ကာချုပ်တစ်ယောက်တည်း ကိုင်နေတာဖြစ်နေတယ်။

ဒီတော့ ဒီတိုင်းပြည် ဘယ်လိုမှမကောင်းနိုင်တော့ဘူး။ ဒီအစိုးရက ကိုင်တွယ်လို့မရတာတွေက နှစ်ကြာလာလေ၊ ပိုသိသာလာလေ အဖြေကဖြစ်နေတယ်၊ အဲဒီ ပြဿနာပဲ။ အဲဒီတော့ ဒီ စစ်တပ်ဟာ စစ်တပ်နေရာမနေဘဲနဲ့ ဒီလိုနေသမျှတော့ ဒီပြဿနာကြီး တွေကတော့ သွားတော့မှာပဲ။ ဘာလို့လဲဆိုတော့ အစိုးရကလည်း ဘာမှကိုင်တွယ်လို့မရ ဖြစ်နေတယ်။ အစိုးရမှာလည်းပဲ အပြစ်ဆိုလို့ကတော့ ခက်တယ်လေ။ ဘာလို့လဲဆိုတော့ လက်နက်နဲ့ပြောင်းလဲတဲ့အပြောင်းအလဲ မဟုတ်ဘူး၊ ပြောချင်ရင်တော့ ပင်နီလေးနဲ့၊ ပဝါလေးနဲ့၊ နှုတ်ကလေးနဲ့ပဲ၊ ဒိုင်ယာလော့ခ်နဲ့ပဲ ပြောင်းလဲ ဖို့ကြိုးစားတာ။ အများကြီးသည်းခံပြီးတော့ လာခဲ့ရတဲ့အစိုးရပါ။ သေချာပြန်ကြည့်ရင် အသက်တွေ လည်း အများကြီးစတေးလာခဲ့ရတာ၊ ပြည်သူတွေရော အကုန်လုံးပါပဲ။ သူတို့ကလည်း ဒီအစိုးရက ပြည်သူထဲက ပြည်သူအစိုးရပါ၊ စစ်အစိုးရမဟုတ်ပါဘူး။ အဲဒါကို ဘုန်းကြီးတို့ မမေ့ဖို့လိုတယ်။ အဲဒီတော့ ဒီအပြောင်းအလဲကို လုပ်ရတဲ့အခါမှာ ဒါ ဘယ်လောက်ကြီးမားတယ်ဆိုတာ ဘုန်းကြီးတို့ လက်တွေ့ဖြစ်သွားပြီ။ ဒီသမိုင်းဟာ စာအုပ်ထဲဖတ်ရတဲ့သမိုင်းမဟုတ်ဘူး၊ ကိုယ့်နိုင်ငံရဲ့ တကယ့်သမိုင်းဖြစ်သွားပြီ။

ဒါကို ဘုန်းကြီးတို့က မညည်းညူမိဖို့တော့လိုတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အပြောင်းအလဲရဲ့ သဘာဝလို့ ဒီလိုပဲ ဘုန်းကြီးတို့က စာအုပ်ကြီးတစ်အုပ် ဖတ်နေရသလိုပဲ သဘောပေါက်ရမှာ။ အဲဒီမှာ ဘာလုပ်မတုန်းဆိုတော့ ဘုန်းကြီးတို့က ညီညွတ်ကြဖို့တို့၊ အချင်းချင်း ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေ ရှိကြဖို့တို့၊ ပိုလည်း သတ္တိရှိဖို့လိုလိမ့်မယ်လို့ ထင်တယ်၊ ဒီအပြောင်းအလဲက။ နဂိုကတည်းက အပြောင်းအလဲဖြစ်လာတာကိုက သတ္တိရှိလို့ အပြောင်းအလဲဖြစ်လာတာ။
ကြောက်ရွံ့မှုတွေများတဲ့သူတွေ စုစည်းထားရင်တော့ ဒီအပြောင်းအလဲက ခက်ဦးမယ်။ ဒီ Fear ဟာ မြတ်စွာဘုရားကိုယ်တော်တိုင် လက်မခံတဲ့ဟာ။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာတရားမှာ ‘ဖုဋ္ဌဿလောက ဓမ္မေဟိ၊ စိတ္တံယဿ န ကမ္ပတိ’ လို့ နောက်ဆုံးမှာ နိဂုံးချုပ်သွားတာ၊ အဲဒီမှာကို ပြောသွားတာ။ ဒီ ကြောက်နေရင်ကတော့ မင်္ဂလာကတော့ ရှိမှာမဟုတ်ဘူး။ မင်္ဂလာဆိုတာ အောင်မြင်မှုနဲ့ ပျော်ရွှင်မှု ခေါ်တာပေါ့။ အခု ဘုန်းကြီးတို့က ဒီပြဿနာတွေကို မအောင်မြင်လို့ ဖြစ်နေရတဲ့ ပြဿနာတစ်ခု။
နောက်တစ်ခုက မပျော်ရွှင်နိုင်တာကလည်း မအောင်မြင်တာနဲ့ ဆက်စပ်နေတာ။ မအောင်မြင်မှု ရဲ့ အခြေခံက ကြောက်ရွံ့မှုဆိုတာ ဗုဒ္ဓ အတိအလင်းပြောသွားတာ။ အဲ့ဒီလိုတွေရှိတယ်။ အဲဒီတော့ ဘုန်းကြီးတို့က ပြည်သူတွေ အသိ ဥာဏ်နည်းပြီးတော့၊ အသိဥာဏ်နည်းတာနဲ့ ကြောက်ရွံ့မှုက လည်း ဆက်စပ်နေပြန်ရော။ အသိဥာဏ်နည်းရင် ကြောက်ရွံ့တာပဲ။ ခြောက်လို့လည်း လွယ်တာပဲ။ ခြောက်လို့ လည်းလွယ်နေတာဟာ စစ်ဝါဒီတွေ၊ ခုနပြောသလို အရင်အာဏာရထားတဲ့လူတွေအတွက် အကွက်လန်းကြီးဖြစ်နေတာပဲ။

ပြည်သူတွေ မကြောက်ရင်ကတော့ မြန်မြန်ဆန်ဆန်ပြောင်းလဲလိမ့်မယ်လို့ ဘုန်းကြီးမြင်တာပဲ။ သူတို့ ဆောင်ပုဒ်လုပ်ထားတာလေ၊ ရဲရဲတက် ရဲရဲတိုက်တဲ့၊ ပြည်သူတွေလည်း ဘုန်းကြီးတို့ အဲဒီလိုပဲပြော ရတော့မှာပဲ။ ရဲရဲတက် ရဲရဲတိုက်ပဲ နော်၊ သတ္တိရှိရှိနဲ့။ ဘာလုပ်ရမတုန်း အတ္တကို လျှော့ပါ။ အတ္တကိုမလျှော့ရင်တော့ ကြောက်ရွံ့မှုက အများကြီးပဲ။ ကိုယ့်အကျိုးအမြတ်တွေနဲ့၊ ကြောက်စရာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် ပြည်သူကို ချစ်တဲ့စိတ်နဲ့၊ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လုပ်ကြမယ်ဆိုရင်တော့ ဘယ်သူ့မှမကြောက်ဘူးလေ။

တိုင်းပြည်ကောင်းစေချင်တဲ့ စေတနာက လွန်ကဲနေတာဆိုတော့။ နောက်တစ်ခုကလည်း အဲ့ဒီလို တိုင်းပြည်ချစ်တဲ့စိတ်နဲ့ စိတ်ကောင်းနဲ့ ကြီးမားတဲ့စိတ်နဲ့သာလုပ်ရင် လူဆိုတာ ကံကောင်းတယ်။ ကံကောင်းရင် ဘယ်လိုမှလုပ်ကြံလို့မရဘူး။ နောက် ကံကောင်းရင် ဘယ်လိုမှ ကိုယ့်ရဲ့လုပ်ငန်းဟာ မအောင်မြင်မရှိဘူးလို့ ဘုန်းကြီးပြောချင်တာ။ စိတ်ထားကောင်းပါ၊ ကံကောင်းပါလိမ့်မယ်။ ကံကောင်းရင် တိုင်းပြည်ပြောင်းလဲအောင် လုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါလိမ့်မယ်လို့ ဘုန်းကြီးကတော့ အဲဒီအတိုင်းမြင်တယ်။

မေး ။ ။ ရခိုင်ပြဿနာကြောင့်မို့ ဗုဒ္ဓဘာသာကို အစွန်းရောက် ဘာသာလို့မြင်သွားတဲ့ ဟာကို  ဘယ်လိုပြန်ပြီးတော့  အဖက်ဆယ်ကြမလဲ။

ဖြေ ။ ။ ဒီဟာက ဒီလိုရှိပါတယ်။ ဘုန်းကြီးတို့ ဗုဒ္ဓလက်ထက်ကလည်း ဒီ အဖျက်အုပ်စုဆိုတာ ရှိခဲ့ပါတယ်၊ ရှိပါတယ်။ အဲဒီတော့ ဘုန်းကြီးတို့အဖို့တော့ ဒါတွေကို လေ့လာသင်ယူ ခဲ့ရတာဆိုတော့ အဆန်းသဘောတော့ မထားပါဘူး။ အဲဒီတော့ ဘာလုပ်ရမလဲတော့ အဓိကက ဘုန်းကြီးတို့ တကယ့်သာသနာဝင်တွေက တကယ့်အနှစ်သာရရှိတဲ့ ဗုဒ္ဓ ဓမ္မ Teaching တွေကို၊ ဟောပြောမှု တွေကို၊ ဟောပြချက်တွေကို၊ ဟောပြထားတာတွေကို တကယ်ကြိုးစားကြဖို့ပဲ လိုတာပါပဲ။ နောက် ဗုဒ္ဓဘာသာက တကယ့်ကို ကောင်းတာပါ။
ကောင်းတာဆိုတာ သူက ဒီလို သူများချီးမွမ်းမှုနဲ့ ရပ်တည်နေတဲ့ ဘာသာမဟုတ်ဘူး၊ သူ့ရဲ့ ဒီ ဓမ္မကိုက လူတစ်ယောက်ကို ဓမ္မ ပေးလိုက်ရင်၊ ရလိုက်ရင် ဘ၀ရဲ့ ပြဿနာအကုန်လုံးကို တကယ့်ကို ငြိမ်းစေနိုင်တယ်။ အဲဒီလောက်အထိ ကောင်းတဲ့ဘာသာဖြစ်တယ်။ ဒါကြောင့် အဲဒီလိုကောင်းတဲ့ဘာသာ ဖြစ်လို့လည်းပဲ ဘယ်လိုဖျက်ဖျက် တော်ရုံတန်ရုံ မပျက်ဘူးခေါ်တာပေါ့။ ဘုန်းကြီးတို့ ဒီ ဆရာတော်ဘုရားကြီး၊ ပြောရင်တော့ သာသနာ့ဖခင်လို့ ပြောရမှာပေါ့၊
အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး မကြာမကြာ မိန့်တတ်တယ်။ တို့သာသနာ အခုကြည့်စမ်းတဲ့၊ ဟိုလူက၀င်ဖျက်၊ ဒီလူက၀င်ဖျက်၊ သာသနာအရိပ်အောက်ဝင်ပြီးတော့ နော်၊ အချောင်နေတဲ့သူကနေ၊ စီးပွားရေးလုပ်တဲ့သူကလုပ်၊ အကုန်လုံး ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေကြတာ။ သာသနာတော်ကြီးက ပစ္စည်းကောင်းလို့သာ ဒီလိုပြောချင်တာ၊ ဘယ်လိုဖျက်ဖျက် ပစ္စည်းက တအားကောင်းတော့ကျတော့ ဖျက်တဲ့လူတွေ ရှုံးရသလိုဖြစ် လို့သာ တော်သေးတာတဲ့။ သာမန်သာသနာသာဆို၊ အကောင်းနည်းတဲ့၊ တကယ့်ကို မကောင်းတဲ့အရာမျိုးသာဆိုရင် ဘုန်းကြီးတို့ ပျက်တာကြာလှပြီတဲ့၊ အဲ့လိုပြောတယ်။

အခုပဲ ခင်ဗျားတို့ကြားတယ်မလား၊ တွစ်တာ CEO ဆိုရင် မသိလိုက်ကြဘူး၊ ဒီမှာ တရား လုပ်သွားတယ်၊ အခုကျမှ ထုတ်ပြောတယ်၊ တရားဟာ ဘယ်လောက်ကောင်းတယ်ဆိုတာ ထုတ်ပြောတယ်၊ ပြမှာရှိတယ်။ ကနေ့ မီဒီယာအားကောင်းလာလေလေ ဗုဒ္ဓရဲ့ Teaching တွေက ဖြန့်လို အင်မတန်ကောင်းလေလေလို့ ဘုန်းကြီးတို့က မြင်ထားတယ်။ ကနေ့လည်းပဲ ကြည့်ပါလား၊ ဘုန်းကြီးတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဒီ ဗိုလ်ချုပ်အောင်ဆန်းတို့ စခဲ့တဲ့ ငယ်ငယ်လေးနဲ့ ဘယ်လောက်စွမ်းရည်ရှိလဲဆိုတာ၊ ဒါတွေက တက္ကသိုလ်ကတည်းက ပါဠိဘာသာတွေ အင်မတန်ကျွမ်းကျင်ခဲ့တယ်၊ ဗုဒ္ဓဘာသာ တော်တော်လေ့လာထားတယ်၊ သူကိုယ်တိုင်ကလည်း ဘုန်းကြီးကျောင်းသားကနေ၊ ရေနံချောင်းကနေ ဦးသောဘိတ ကျောင်းကနေ တက်တာလေ၊ အဲဒီလိုတွေသွားတာ။

 နောက် ဒေါ်အောင်ဆန်းစုကြည်တို့ကျတော့လည်းပဲ ဒီ ဗုဒ္ဓဘာသာကို နှိုက်နှိုက်ချွတ်ချွတ်၊ သူက အင်္ဂလိပ်လိုလည်း ကျွမ်းကျင်တာဆိုတဲ့အခါကျတော့ အင်္ဂလိပ်လိုနဲ့ ရေးသားထားတာတွေလည်း လေ့လာနိုင်တယ်၊ ဒီ ဆရာတော်ဘုရား ဟောတာလည်း လေ့လာနိုင်တယ်၊ သူက ၂ စွယ်ရတာဆိုတော့ သူက တစ်ခါတစ်ရံမှာ ဘုန်းကြီးတို့ ဘုန်းကြီးတွေထက်တောင် ဒေါ်အောင်ဆန်းစုကြည်က လေးလေးနက်နက်သိတယ်။ နောက်တစ်ခု ဒေါ်အောင်ဆန်းစုကြည် တို့လိုမျိုးကျတော့ အကျင့်တွေပေါင်းစပ်ထားပြီ။ သူ့ကို အကျဉ်းချထားတဲ့အချိန်က သူ တရားလုပ်ကောင်းတဲ့အချိန်ဖြစ်နေတယ်။ အဲဒါ ဘုန်းကြီးတို့အတွက် ကံကောင်းတာပဲ။ ကံမကောင်းခြင်းထဲက ကံကောင်းခြင်းခေါ်တာ။ နောက် ဒီ ဦးသန့်၊ သူ့အရင်ကတည်းက ဦးသန့်က ကမ္ဘာ့လမင်းကြီးတစ်ဆူလို ထိန်ထိန်သာခဲ့တယ်။ ဒါ ဘာလို့သာခဲ့တုန်း။ ဦးသန့်ရဲ့ ပညာရေးအရဆိုရင်တော့ ဘုန်းကြီးတို့ မြန်မာနိုင်ငံ တက္ကသိုလ်က အနေအထားမျိုးဆိုတော့ ဒီလောက်ထိရောက်စရာအကြောင်းမရှိဘူး ပြောရမှာပေါ့။ သူတို့တက္ကသိုလ်နဲ့စာရင် နည်းနည်းနိမ့်တယ်ပြောရမှာပေါ့။

 အဲဒီတော့ ဗုဒ္ဓရဲ့ သင်ကြားမှု Teaching တွေကို တတ်လိုက်တာနဲ့ ဘယ်လောက်ထိ ကောင်းတုန်း ဆိုတာ၊ အဲ့ဒီလိုတွေရှိခဲ့တယ်။ အဲဒီလိုတွေရှိခဲ့တဲ့အခါကျတော့ လျှမ်းလျှမ်း တောက်ခဲ့တယ်ပေါ့၊ ဦးသန့်လည်း ဦးသန့်မို့လို့၊ အခု ဒေါ်အောင်ဆန်းစုကြည် ကျတော့လည်း ဒေါ်အောင်ဆန်းစုကြည်မို့လို့။ ဒါ အောက်စဖို့ဒ်ရဲ့ ပညာအရှိန်ကြောင့် တောက်တယ်ဆိုတာထက် ဗုဒ္ဓရဲ့ Teaching တွေကြောင့် တောက်တယ်လို့ ဘုန်းကြီးတို့က မြင်တယ်။ Practical ပါ ပါတာကိုး။ အခု ဒီ Teaching တွေသာ ပြန့်လာခဲ့ရင် အခု ဒေါ်အောင်ဆန်းစုကြည် နာမည်ကြီးခြင်းဟာ မြန်မာပြည်နာမည်ကြီးခြင်း ဖြစ်ကုန်တယ်။

မြန်မာပြည် နာမည်ကြီးခြင်းဟာ ဒါ ဗုဒ္ဓဘာသာအတွက်၊ ဘာဖြစ်လို့ ဒီနိုင်ငံက ဦးသန့်လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီလို အတိုင်ပင်ခံပုဂ္ဂိုလ်လို ပုဂ္ဂိုလ်တွေ ထွက်တာတုန်း ဆိုတာတွေက ဒါ မေးခွန်းတွေ။ အခု ရဟန်းဘက်မှာဆိုလည်း ကြည့်ပါလား၊ ဒေါက်တာနန္ဒမာလာ၊ တကယ့်ပါမောက္ခ၊ လေးစားကြည်ညိုစရာ ပြောဖွယ်ရာမရှိတဲ့ ပညာရှင် ဘုန်းကြီးတို့မှာ ရထားတာ။ ရထားတာဆိုတော့ ဒါတွေကို ဘုန်းကြီးတို့က အသုံးချပြီးတော့ ဘုန်းကြီးဘက်မှာ ပါမောက္ခချုပ်ရှိတယ်၊  အဲ့ဒီလိုပုဂ္ဂိုလ် တွေနဲ့ ဓမ္မအားနဲ့သွားရင် ဘုန်းကြီးက မြင်နေတာတော့ ဘုန်းကြီးတို့ ပူပင်သလို မဖြစ်ပါဘူး။ ဒါပေမယ့် အာဏာကျရှုံးထားတဲ့ နန်းကျအုပ်စုကတော့၊ အာဏာလွတ်အုပ်စုကတော့ နှောင့်ယှက်မှာပဲ။ ဒါကို သည်းညည်းခံပြီးတော့ ဘုန်းကြီးတို့သွားရလိမ့်မယ်လို့ ဘုန်းကြီးမြင်တယ်။ လုပ်ပလေ့စေ၊ သူတို့ ကြိုက်သလောက်လုပ်ပလေ့စေ၊ ဘုန်းကြီးတို့ကလည်း ပိုကြိုးစားရမှာ။ သူတစ်ဆတိုးလုပ်ရင် ဘုန်းကြီးတို့က ၂ ဆ တိုးကြိုးစားဖို့ပဲရှိတယ်။ အဲလိုပဲမြင်တယ်။

မေး။    ။ ဘာသာရေးအဓိကရုန်းဖြစ်ပွားအောင်လုပ်နေကြတဲ့ အပေါ်  ဘယ်လိုလုပ်သင့်လဲ။

ဖြေ ။ ။ ဟုတ်တယ် ဟုတ်တယ်၊ အဲဒါကျတော့ ဘာသာရေးခေါင်းဆောင်တွေ အရေးကြီးတယ်။ အခုလည်း သူတို့ ထုတ်ပြန်ကြေညာနေပါပြီ။ ဒီပြောတဲ့လူက၊ ဘုန်းကြီးတို့လည်း မသိဘူး၊ ဘယ်ချောင်ကြိုချောင်ကြားကနေ ထွက်လာသလဲ၊ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေဆို ဘုန်းကြီးတို့ တော်တော်များများ သိပါတယ်။ အဲဒီတော့ဘယ်ချောင်ကြိုချောင်ကြားကထွက်လာ သလဲဆိုတာ ပြောလို့မရဘူး။ ဒီလူကို အသုံးမပြုဘူးဆိုတာလည်း ပြောလို့မရဘူး။ သူတို့က ဥစ္စာဓနက ရှိထားတာဆိုတော့လေ။ နောက်ပြီးတော့လည်းပဲ အရင်က အာဏာလက်ကျန်အဟောင်းလည်း သူတို့က ခံစားခွင့်ရှိထားတာကိုး နော်၊ လက်တံတွေရှည်တ်ာဆိုတော့။

ဒီလို ကောက်ကောက်ကျစ်ကျစ် မလုပ်ဘူးလို့လည်း ပြောလို့မရဘူး။ နောက် ဒီလိုလည်းရှိနိုင်တယ်၊ ဘာသာရေးအစွန်းရောက်လို့ ခေါ်တာပေါ့နော်။ မလုပ်သင့်တာ၊ လုပ်သင့်တာ နားမလည်ဘဲနဲ့ ကနေ့ ခေတ်အခြေအနေလည်း နားမလည်ဘဲနဲ့ အဲ့လိုလုပ်တဲ့ ပုဂ္ဂလိကသဘောအရ လုပ်လိုက်မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ အဲဒီလိုတော့ ရှိပါတယ်။ ဒါပေမယ့် ဒါတွေဟာ ကျော်လွှားဖို့ သိပ်ခက်ခဲတဲ့ ဟာတွေတော့ မဟုတ်ပါဘူးလို့ ယူဆပါတယ်။ အချိန်တစ်ခုတော့ စောင့်ရမှာပေါ့။ ဝုန်းခနဲတော့ ဖြစ်သွားမှာပေါ့နော်။ အခုလည်း ကြေညာနေပါတယ်။ ဒီ ခရစ်ယာန်ဂိုဏ်းပေါင်းစုံကနေပြီးတော့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ကြေညာနေပါတယ်။

မေး ။ ။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ကို ရွေးကောက်ပွဲနဲ့ လုပ်သင့်တယ်ဆိုပြီး ဝေဖန်နေကြတဲ့ အပေါ် သဘောထားသိချင်ပါတယ်။

ဖြေ ။ ။ ဒါလည်းမှန်တယ်၊ မှန်တယ်ဆိုတာက ဦးနေ၀င်း စဖွဲ့စဉ်တုန်းက ဒါကို ဘုန်းကြီးတို့က ပြန်သုံးသပ်ရမယ် ဒီအဖွဲ့အစည်းကို။ ဒီအဖွဲ့အစည်းရဲ့ သန္ဓေက ဘယ်ကတည်လာတာတုန်း။ ဘယ်ကတည်လာတုန်းဆိုတော့ ဦးနေ၀င်း စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ကိစ္စ ဖြစ်နေတယ်။ ဘုန်းကြီးထင်တယ်၊ ၇၈ ခုနှစ်လောက်လား စတယ်ထင်တာပဲ၊ အဲ့လိုဖွဲ့စည်းလိုက်တာဖြစ်တယ်။ ပထမ သူ မှော်ဘီမှာဖွဲ့ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။ နောက်ထပ်တစ်ကြိမ် ပြန်ကြိုးစားပြီးတော့ သူ့ရဲ့ အာဏာသက်တမ်း ၃ ပုံ ၂ ပုံလောက်မှာ ဒါကို လုပ်နိုင်သွားခဲ့တယ်။ လုပ်နိုင်သွားတယ်ဆိုတာ သူက ဒီမိုကရေစီ၊ ခုနပြောသလို ရွေးကောက်ပြီးတော့မှ ဒီလိုမျိုးဖြစ်စေချင်လို့မှ မဟုတ်ပါဘဲနဲ့ သူ့ရဲ့အာဏာတည်မြဲရေးအတွက် သူ့ရဲ့တိုင်းပြည်ကို၊ ကြားဖူးမှာပေါ့ သားသုံးသားကို မထိန်းနိုင်ဘဲနဲ့ မဖြစ်ဘူးဆိုတာ သူ ဒေါက်ထောက်ကြည့်နေတာ။ စစ်သားရယ်၊ စစ်သားကတော့ သူ့ဖိနပ်အောက်မှာဆိုတော့ သူနိုင်တယ်လေ။ နောက် ကျောင်းသား၊ သူ မနိုင်တာဖြစ်နေတယ်။ သူ့စက်ကွင်းက လွတ်နေတယ်။

နောက်တစ်ခုက ဘုရားသားပေါ့၊ ဒီ ဗုဒ္ဓဘာသာ အင်အားကြီးတာကိုး။ ကြီးတဲ့အခါကျတော့ ဒီလို ဘာသာရေးနဲ့ လှုပ်လိုက်ရင် မခံနိုင်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် ဒီဟာတွေကိုထိန်းကွပ်ဖို့ ကြိုးစားတာ။ မျောက်မြီးနဲ့ မျောက်ချည် ခေါ်တာပေါ့နော်။ အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ပြီးတော့ အဲဒီအဖွဲ့အစည်းကို၊ ဒါကျတော့ သူကိုင်လို့ရပြီလေ။ အဖွဲ့အစည်းဖွဲ့မထားရင် သူက ကိုင်လို့က မရဘူး။ အညှာကိုင်ဆိုတာလိုမျိုးပေါ့။ အညှာလုပ်ထားပြီးမှ ကိုင်လို့ရမှာပေါ့။ အသီးတစ်ရာ အညှာတစ်ခုဆိုတော့ အသီးတစ်ရာ အညှာတစ်ခုမလုပ်ရင် အသီးတွေလိုက်ကိုင်လို့ကတော့ ဘယ်လိုမှမလွယ်ဘူးလေ။ ဒါကြောင့် အနုပညာသမားတွေကိုကိုင်ဖို့ စိန်အောင်မင်း ဥက္ကဋ္ဌခန့်လိုက်သလိုပေါ့၊ ဘုန်းကြီးတွေကိုင်ဖို့ ဘုန်းကြီးထဲကနေပြီးတော့ ရွေးလိုက်တာပေါ့။ ဒီလိုလုပ်လိုက် အဖွဲ့အစည်းလုပ်လိုက်တယ်။ ဒီအဖွဲ့အစည်းကို စေတနာနဲ့ သာသနာကောင်းစေချင်လို့ ဖွဲ့ခဲ့တာမဟုတ်ဘူး။ သူ့အာဏာ အသုံးပြုဖို့ ဖွဲ့ခဲ့တာ။

ဒါကြောင့်မို့လို့ ပထမအကြိမ်တုန်းကပဲ မဲဆန္ဒပေးပြီးတော့၊ ဒီ သံဃာတွေ ဆန္ဒပေးပြီးတော့ ရွေးလိုက်သလို ဖြစ်လာခဲ့တာ။ အဲဒီတုန်းကကျတော့ ဘာမှန်းညာမှန်းမသိသေးဘူး ရွေးလိုက်တဲ့၊ ဖွဲ့လိုက်တဲ့အဖွဲ့အစည်း ဖြစ်သွားတာပေါ့ဗျာ။ အခုကျတော့ အနည်ထိုင်ပြီးတော့၊ ပြောရင်တော့ ပြောလို့မကောင်းဘူး။ သူ့ရဲ့အာဏာအောက်မှာ အဖွဲ့အစည်းတိုင်းက အကျင့်ပျက် အဖွဲ့အစည်းဖြစ်သလို ဒီ ဘုန်းကြီးအဖွဲ့အစည်းမှာလည်း အကျင့်ပျက် အဖွဲ့အစည်းတွေ ဖြစ်ကုန်တာ။ လုပ်ပုံလုပ်နည်းက သူက ဒီလိုရှိတယ်။ သာသနာရေး အရာရှိတွေကိုက အကျင့်ပျက်တွေ ဖြစ်နေတာ။ ဘုန်းကြီးတွေအကြိုက်တွေကိုလုပ်တယ်၊ ဘုန်းကြီးတွေ အကြိုက်တွေကိုပေးပြီးတော့၊ ဘုန်းကြီးတွေကိုလည်း အညှာကိုင်တယ်၊ ဘုန်းကြီးတွေကလည်း ရိုးတာတွေလည်းပါတယ်၊ ကောင်းတဲ့ဘုန်းကြီးကျတော့လည်း ဒီအဖွဲ့ထဲရောက် သွားတော့လည်း လှုပ်ရှားလို့မရဘူး။ မကောင်းတဲ့ဘုန်းကြီးတွေက သွက်တယ်၊ ပေါင်းတတ်တယ်။ သူက ငါးသလောက် ပေါင်းစားမှဆိုတာ သူတို့အသိဆုံးဖြစ်နေတယ်။ အဲ့ဒီလိုတွေဖြစ်တဲ့အခါကျတော့ စိတ်လည်းမကောင်းဘူး။

ဘုန်းကြီးတို့ ဒီအဖွဲ့အစည်းကြီး ပျက်စီးသွားမှုကိုပေါ့နော်။ အခုဟာက ဘုန်းကြီးတို့မျှော်လင့်တာ အစိုးရသစ်လက်ထက်ကျမှ ဒီအဖွဲ့အစည်းကို တဖြည်းဖြည်းထိန်းပြီးတော့ ပြန်ကောင်းအောင် လုပ်လို့ရလိမ့်မယ်၊ မကောင်းတဲ့သူတွေ အဲဒီထဲမှာရောက်နေတာတွေကို၊ ဘုန်းကြီးတွေကို၊ သူ့ အဲဒီထရောက်မှကို ပျက်ကုန်တာ။

www.khitthitnews.com

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီတိုင်းပြည် ဘယ်လိုမှမကောင်းနိုင်တော့ဘူး”

Post a Comment

Related Posts Plugin for WordPress, Blogger...