Monday, March 12, 2018

ရဲမှူး ၊ အင်းစိန်ထောင်ပိုင်နှင့် ထွေအုပ်တို့ အပါ အဝင် ၆ ဦးကို ဦးပါမောက္ခ တုံ့ပြန်တရားစွဲမည်᠌᠌᠌

,
မတ်(၁၂) ၂၀၁၈ ရန်ကုန်
The Nyang News
--------------------
လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလုပ်မှုဖြင့် ရန်ကုန်တိုင်းရဲမှူး မြန်မာနိုင်ငံ အကျဉ်းထောင်များ လက်စွဲဥပဒေ ကို လိုက်နာ လုပ်ဆောင်ခဲ့ခြင်း မရှိမှုဖြင့် အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူများနှင့်
လက်မှတ်အတုဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့မှုဖြင့် ထွေအုပ်တာဝန်ရှိသူများကို တုံ့ပြန်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ သည်အင်းစိန်အကျဉ်းထောင်မှ ပြန်လည်
လွတ်မြောက်လာပြီးနောက် မတ်လ (၁၂) ရက်​​နေ့က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်​၌ သတင်းစာရှင်းလင်းပွဲ ပြု လုပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

" တရားဥပဒေ မစိုးမိုးတာက တောရွာထဲက လူတွေမဟုတ်ဘူး။ တရားရုံးမှာ ရှိနေတဲ့ လုပ်ပိုင်ခွင့် အာဏာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေက တနည်းအားဖြင့် နောက်ကနေ ကြိုးကိုင်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေ ခရိုနီ အဖွဲ့အစည်းတွေ။ ဗိုလ်ချုပ်ဟောင်းတွေ ဗိုလ်မှူးဟောင်းတွေ။  အဲဒီလူတွေမှ အရေးမယူဘူးဆိုရင် အဲဒီတရားဥပဒေက ဘယ်တော့မှ မစိုးမိုးဘူး " ဟု ဆရာတော်ဦးပါမောက္ခ က မိန့်သည်။

တရားစွဲဆိုနိုင်ရန်အတွက် အင်းစိန်ထောင်ပိုင် ဦးမျိုးဦးထံ လိပ်မူ၍ နို့တစ်စာ ပေးပို့ထားပြီး ဖြစ်ကာ ဦးတိုက်လျောက်လွှာပါ လက်မှတ်အတု ကိစ္စနှင့် ပတ်သက်၍လည်း ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၆ အရ ကမာရွတ်မြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် အပါအဝင် (၆) ဦးကို တရားစွဲဆိုနိုင်ရန် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ၏ လွှဲအပ်ခြင်းခံရသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်း က ပြောသည်။

" ကျွန်တော်တို့ ရဲ့ အခက်အခဲက ဘာလဲဆိုရင် ပြည်သူ့ဝန်ထမ်းတွေကို တရားစွဲမယ်ဆိုရင် တရားစွဲဆို ခွင့်ပြုမိန့် Sanction ဆိုတာ ယူရပါတယ်။ အဲဒီ Sanction က သူတို့ကို အကာအကွယ်ပေးထားတယ်" ဟု ၄င်းက ပြောသည်။

သမ္မတ ထံမှ တရားစွဲဆိုခွင့် (Sanction) ရရှိရန် (၁၅) ရက် ညနေတွင်  ဆရာတော်၏ လက်မှတ်ထိုးကာ (၁၆) ရက်နေ့တွင် စတင်ပေးပို့သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ပြစ်မှုဖြင့် စွပ်စွဲတရားရင်ဆိုင်ရသော သံဃာများကို သင်္ကန်းချွတ်ခြင်းမပြုရန် နိုင်ငံတော် သံဃနာယကအဖွဲ့၏ ၂၀၁၃ ခုနှစ်က ဆုံးဖြတ်ခဲ့သော ညွှန်ကြားလွှာကို အာဏာပိုင်များက လိုက်နာခြင်း မပြုသကဲ့သို့ ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ အကျဉ်းထောင်များ လက်စွဲဥပဒေ ကိုလည်း လိုက်နာ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း  ဦးအောင်သူရိန်ထွန်း က ဆိုသည်။

ဆရာတော်ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ် ဧပြီလ (၂၈) ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့မှုအတွက် ငြိမ်းစု စီ ဥပဒေ ပုဒ်မ ၁၉ အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်တွင် ထောင်ဒဏ် (၁) လ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ထောင်ဒဏ် (၃) လ ချမှတ်ခြင်း ခံခဲ့ရပြီး ယခုလ (၉) ရက် နံနက်(၆း၃၀) အချိန်က အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အရ တရားစွဲ အရေးယူ ခြင်းမှာ ဆန္ဒပြပွဲ ပြုလုပ်မှုအပေါ် တရားစွဲဆို အရေးယူခြင်း ဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆို အရေးယူခြင်းမှာလည်း ဆန္ဒပြပွဲ ပြုလုပ်ခြင်းကိုပင် အမှုအဖြစ် စွဲဆို သတ်မှတ် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်ရာ ပြုလုပ်မှု တစ်ခုတည်း အပေါ် ပြစ်ဒဏ် (၂)ကြိမ် အပြစ်ပေးခဲ့ခြင်း ဖြစ်သဖြင့် တရားဥပဒေက ချမှတ်သည့် ပြစ်ဒဏ် မဟုတ်ဘဲ တရားသူကြီးက ချမှတ်သည့် ပြစ်ဒဏ်သာ ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ က မိန့်သည်။

မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး လုပ်ဆောင် နေသော်လည်း တရားသူကြီး ရဲ နှင့် ဥပဒေအရာရှိများမှာ တရားဥပဒေ၏ အထက်တွင် ရောက်ရှိနေကြောင်း။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ငါးကြီးကြီး ကြော်မည်ဟု ဆိုသော်လည်း ရေထဲတွင် ရှိသော ငါးကို တောင်ပေါ်တွင် ရှာဖွေနေသကဲ့သို့သာ ဖြစ်နေကြောင်းလည်း ဆရာတော် ဦးပါမောက္ခ က ဝေဖန်သည်။

ရသင့်ရထိုက်သော နိုင်ငံသား အခွင့်အရေး ရဟန်းသံဃာ အခွင့်အရေး လူ့အခွင့်အရေးများ အပြည့်အဝ ရရှိသည်အထိ ဆက်လက်ရင်ဆိုင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ကပြောလိုက်ပါသည်။
ဓာတ်ပုံ - ငြမ်း

ရှင်းလင်းပြောကြားနေသည့် ဆရာတော် ဦးပါမောက္ခ

https://m.facebook.com/story.php?story_fbid=184789078798340&id=100018017472980

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရဲမှူး ၊ အင်းစိန်ထောင်ပိုင်နှင့် ထွေအုပ်တို့ အပါ အဝင် ၆ ဦးကို ဦးပါမောက္ခ တုံ့ပြန်တရားစွဲမည်᠌᠌᠌”

Post a Comment

Related Posts Plugin for WordPress, Blogger...