Wednesday, December 25, 2013

“အစိုးရက တာဝန်ယူမှုမရှိသောအခါ”

,
“အစိုးရက တာဝန်ယူမှုမရှိသောအခါ”
^^^^^^^^^^^^^^^^^^^^
အတွဲ(၁) အမှတ် (၅၂) 22.12.2013 မွန်းတည့်နေဂျာနယ်ပါ ကေအမ်ရဲ့ ဆောင်းပါးလေးပါ။
တစ်ဘာသာနှင့်တစ်ဘာသာ အပြီးသတ်ချေမှုန်းပစ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထွန်းကားလျက် ရှိနေဦးမှာပါ။ ဒီစကားလေးကို ကြိုက်တယ်ဗျာ။ RSO တွေကို ဒီအသိတရားလေးပို့ချပေးထားရင် မောင်တော အကြမ်းဖက်မှု ကြီး ဘယ်ပေါ်ပေါက်ပါ့မလဲနော်…….။ အရင်လိုပဲ မသိမသာ ဝါးမျိုးနေမယ်ဆိုရင် သေချာပေါက် ရမှာပါ။ အခုတော့ အမျိုးပြုတ် အမြစ်ပြတ် ချေမှုန်းရေး (ဂျီဟတ်) လုပ်လိုက်တော့ တစ်မျိုးသားလုံး နိုးကြားကုန်ကြ တာပေါ့။ ကျေးဇူးတင်ပါတယ် RSO ရယ်။
ဘာသာအယူအဆများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အဘိဇ္ဈာ၊ မစ္ဆရိယမည်သော အတ္တရိပ်များ ကင်းဝေးကာ ငြိမ်းချမ်းအေးမြသော အာသီသ မနောဆန္ဒများပေါက်ဖွားလာစေမည့် စာရိတ္တစိတ် ဝိညာဉ် ထိန်းကွတ်ရာမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပေသည်။ ကမ္ဘာဦးအစက လူသားတို့သည် ရေကြီးရာ မြတ်နုရာရှာ ဖွေရင်း အုပ်စုဖွဲ့နေခဲ့လာကြရာမှ ယုံကြည်ရာကိုးကွယ်မှုများကို စတင်လာခဲ့သည်။ ကိုးကွယ်မှုဘာသာအယူကို အကြောင်းပြု၍ လူအချင်းချင်းအသိအမြင်၊ ခံစားချက်၊ သဘောထားနားလည်မှုဖလယ်ကာ စီးလုံးညီညွတ်မှု၊ သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းသာယာမှုကိုအဓိပ္ပါယ်ဖွင့်ဆိုရန် သက်ဝင်လာခဲ့ကြသည်။ တဖြေးဖြေး အသိအမြင် အယူအဆ တိုးတက်လာသည်နှင့်အမျှ ဘာသာကွဲပြားမှု ယုံကြည်ချက်ဓလေ့စရိုက် ခြားနားမှုများ ကွဲပြား ဆန်းသစ်ကာ အမျိုးမည် စုံလင်ခဲ့ရသည်။
ဓလေ့တူ စရိုက်တူ၊ သွင်ပြင်လက္ခဏာတူသူများက မျိုးနွယ်စုတူများဟု ဘာသာ ဘာဝ သတ်မှတ်လာကြကာ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်စုများ ရာချီကွဲပြား အုပ်စုဖွဲ့လာကြပြီး ကိုးကွယ်ရာဘာသာပေါင်းစုံ သတ်ဝင်နေ ကြသည်။ ကွဲပြားရာမှ ခွဲခြားလာပြီး၊ ခွဲခြားရာမှ ခြားနားလာကာ သူစိမ်းဆန်လာသည်။ အပြစ်မြင်လာရာမှ ရန်သူသဖွယ် အငြိုးထားလာကြသည်။
မိမိ၏ပုဂ္ဂိုလ်က အသွေးအသား မိဘဆွေမျိုး လူမျိုး နိုင်ငံ ပိုင်ဆိုင်မှုစသောအရာများထက် လက်ဆုပ်လက်ကိုင် ဖော်ပြ၍မရသော ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို တန်ဖိုးထားဖို့ စိတ္တနာမ် စော်ကားခံရလျှင် စက်စက်ထိ မခံ ခံစားရခြင်း၊ ဒီဂရီအတိုင်းအတာမှာ လူတစ်ဦးနှင့်တစ်ဦး ထက်တူကြသည်။ အရာရာကွဲပြားကြသော်ငြား ဤဘာသာရေးခံယူချက်အပေါ် စော်ကားခံရသောအခါ ပေါက်ကွဲခံစားမှု တုန့်ပြန်မှု ထပ်တူကြနေခြင်းကို မည်သည့်နိယာမ၊ မည်သည့်သီအိုရီနှင့် အဖြေရှားမရှင်းပြနိုင်ပါ။ ဟုတ်ပါသည်။ ခေတ်စနစ်သိပ္ပံပညာမည်မျှပင် တိုးတက်ပြောင်းလဲလာပါစေ။ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားအား စော်ကားခံရသောအခါ လူသားတိုင်း ခံပြင်း နားကြီးလက်တုန့်ပြန်လိုစိတ် ဖြစ်ပွားရစမြဲပါ။
မြန်မာသမိုင်းခေတ်အဆက်ဆက်တွင် လူသားမျိုးနွယ်စု စတင်အခြေချနေထိုင်ကတည်းက လူမျိုး၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာမျိုးစုံနဲ့ ဘာသာအယူဝါဒအသွယ်သွယ် သက်ဝင်ယုံကြည်မှုများနှင့် ကွဲပြားစွာ ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့မြင်ရသည်၊ ကွဲပြားခြားနားသော်လည်း ခန္တီတရားထားကာ တစ်ဦးကိုတစ်ဦး နစ်နာစေမည့်အပြောအဆို အပြုအမှုများရှောင်ရှား၍ သင့်မြတ်ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ယခု ဒီမိုကရေစီ စနစ်ပြောင်း မြန်မာ့လူ့အသိုင်းအဝိုင်းတွင် ဒီမိုကရေစီ၏ လွတ်လပ်ခွင့် Freedoom Of Ehpression ကို တစ်လွဲ အသုံးချကာ တစ်ဖက်နှင့်တစ်ဖက် တစ်ဦးကိုတစ်ဦး နစ်နာအောင်ပြုမူပြောဆို ရေးသားလာသည်။ နိုင်ငံရေးပြိုင်ဘက် စီးပွားရေးပြိုင်ဘက်များကြား ယခင်ကသို့ လက်ဝါးကြီးအုပ် ချုပ်ချယ်လည်ခွင့်မရဘဲ ပွင့်လင်း မြင်သာရှိမှု၊ ယှဉ်ပြိုင်လုပ်ဆောင်လာရသောအခါ ဘာသာရေးဘက်သို့ အရေးခြုံအသွင်ပြောင်းကာ ခွက်စောင်းခုတ် ခြေထိုးလာကြသည်။ ဒီမိုကရေစီကပေးသော လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆဲဆိုခွင့်၊ ရိုင်းစိုင်း ခွင့်၊ အထူးပါမစ်ပမာ လိုရာဆွဲအသုံးချလာသည်။ အစိုးရက တာဝန်ယူမှုမရှိသောအခါ လူထုက စာရိတ္တဖောက် ယဉ်ကျေးမှုပျောက်လာသည်၊ အများညီလျှင် ဤကိုကျွဲဟု ဖတ်ရသည်ဟု ထင်မြင်လာသည်။ ခေတ်ပေါ် ရေစီးကြောင်းနောက်လိုက်ကာ ဆိုင်းသံ ဗုံသံကြားက လူစီတတ်သော မြန်မာဓလေ့စရိုက်ကို အသုံးချကာ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်နေမှုများကို ဖုံးကွယ်လမ်းလွှဲရန် ဘာသာရေးလှိုင်းတံပိုးများကြား လှိုင်းခိုစီးထားခိုင်းသည်ကို လူတစ်စုက သည်းခြေကြိုက်ဖြစ်နေကြသည်။ မီဒီယာအချို့ စာမျက်နှာများထက် ဖော်ပြခဲ့သော ရာဇဝတ်မှုများတွင် ဘာသာလူမျိုး ခွဲခြားပြလာမှုက Hate Speech များရဲ့အစဟုဆိုသော် ငြင်းအံ့ မထင်။ ကိုယ်မှ အပြစ်ကင်းလှသည်ဟု သွေးနားထင်ရောက်ကာ တစ်ပါးသူက အပြစ်ကျူးလွန်ခြင်းသည် ထိုသူယုံကြည်ရာ ဘာသာတရားကြောင့်ဟု ယိုးစွပ်ကာ အလေးအမြတ်ထားရာ ဘာသာတရားများကို အပြန်အလှန် ပုတ်ခတ်ကြသည်။ လှောင်ပြောင်သရော်ကြသည်။ အပြစ်ရှာဆဲ ဆိုကြသည်။ ထိုများနှင့် မတင်းတိမ်ဘဲ ဇာတ်ရှိန်မြင့်လာအောင် လုပ်ကြံဇာတ်များခင်းကာ ဝါဒဖြန့်ကြသည်။ လှုံ့ဆော်ကြသည်။ ထိုအကြိုးရလာဒ်အဖြစ် ဘာသာရေးအကြမ်းဖက်မှုများဖြစ်ကာ အများပြည်သူမြင်ကွင်းရှေ့ ပေါ်ပေါ်ထင်ထင် လူသတ်ကွင်းများ ဆင်နွှဲကြသည်။ ပိုင်ဆိုင်မှုများ လုယူ မီးရှို့ ဖျက်ဆီးကြသည်။ လူသတ်သမိုင်းခင်းပြီး လူရိုင်းဇာတ်ဝင်ခဲ့ကြသည်။ မိမိတို့ခင်းမည့်ဇာတ် လူကြိုက်များကာ ပရိသတ်တောင်းဆိုမှု များသည် သိမြင် လာသော ကိုယ်ကျိုးမဖတ် အတ္တသမားများက အသစ်အသစ်သော ဖန်တီးလုပ်ကြံမှုများဖြင့် အာရုံလွှဲ ရန်လှုံ့ဆော် စည်းရုံးသွေးထိုးကြပြန်သည်။ အခြားဘာသာကဲ့သို့ ကိန်းဂဏန်းတစ်ခုကို ပုံတူကူးအသက်သွင်း ကာ လက်ရဲ ဇာတ်ရဲ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသည်။ အမျိုး၊ ဘာသာ၊ သာသနာဟု သူတော်ကောင်း တရားဟစ်ကြွေးကာ တုတ်၊ ဓားကိုင်၍ ပြည်ပျက်ကိန်းဆိုက်အောင် ကောက်ကျစ်ကြံစည်ကြလေပြီ။ အရိုး စည်းထိုးလို့ ကာကွယ်ကြမည်ဆိုကာ အသက်အိုးအိမ် စည်းစိမ်ကို ပျက်စီးရာပျက်စီးကြောင်း အဓမ္မတရား ဟောကြားကြလေပြီ။ နိုင်ငံတော် တည်ငြိမ်မှုပျက်ပြားကာ နိုင်ငံရေးအာရုံလွှဲပြီး တောမီးလောင် တောကြောင် လက်ခမောင်းခတ်ကိန်း အစီအမံများချလေပြီ။ စုံးပြူးများက ခေါင်းထောင်လာကာ ရွှေသမင်အလိုက်မှား၍ ငါနှင့်မတူ ငါ့ရန်သူဟု အထင်ရောက်ကာ ဘာသာအယူမတူသူများအား အမြစ်ပြတ်သုတ်သင်ရေး စိတ်ကူးအိပ် မက်မက်ကြသည်။ စိတ်ဆင်ရိုင်းကို တရားချွန်းနှင့် အုပ်ထိုင်းပေးရမည့်အစား သံဃာအချို့က အိမ်ရှင်၊ ဧည့်သည်၊ထုံး၊နှလုံးမူကာ ပေါ်ပြူလာဖြစ်ရေး အများပြည်သူအပေါ် သြဇာညောင်းစေရေး အခွင့်ကောင်း ယူ စဉ်ပေါ်တက်ခဲ့သည်။ ဘာသာရေးအယူအဆ သဘောထားများကို နိုင်ငံရေးသီအိုရီပမာ ပြောင်းလဲသုံးစွဲကာ လောကီရေးစွပ်ဖက်လာသည်။ နိုင်ငံရေးအခင်း

အကျင်း
ကို ရှုတ်ထွေနက်နဲစေသည်။ ရန်သူတိုးပြီး မိတ်ဆွေ ပျက်စေအောင် အမှန်နဲ့အမှား ဓမ္မနဲ့အဓမ္မ ရောယှက်သွားအောင် အာရုံလမ်းလွှဲကြသည်။
အာဏာအစိုးရက တရားဥပဒေစိုးမိုးရေးအားနည်းသည်ဟု သဘောသက်ရောက်အောင် မထိတထိ အရေးယူမှု ပြုပြီး ထိန်းသိမ်းလိုက်၊ ပြန်လွှတ်လိုက်လုပ်ကာ တရားဥပဒေ လက်တစ်လုံးကြား ဘက်လိုက်မှုကို ပြုသည်။ နောက်ကွယ်က ကြိုးကိုင်သူ ရှာနေဆဲယောင်ယောင်လုပ်သည်။ သာသနာ့ခေါင်းဆောင်များက Ceneberity များအလားပြော အဟော အမူရာမျိုးစုံနဲ့ အမုန်းတရားဘက်စီ သာသာ ထိုထို ဟောကြားနေသည်။ နည်းမျိုးစုံ သုံး၍ သူ့ထက်ငါ နာမည်ကြီးအောင် စင်မြင့် ဣနြေ္ဒမဲ့ သရုပ်ဆောင်လာသည်။ သူတစ်လူ ငါတစ်မင်း အိုးနင်းပဲ့ထောင် လုပ်ဆောင်လာပြီး ဇာတိမာန်ကြွကာ ဘာသာခြားများအား မိစ္ဆာများ၊ တိရစ္ဆာန်များဟု ပြောဆို ရေးသားလာသည်အထိ တရားဝင်စော်ကားပြကာ အရိုင်းစိတ် ပြိုင်လာကြသည်။ စားစရာမရှိအောင်၊ နေစရာမဲ့ အောင် လုပ်ကြရမည်ဟူသော သွေးထိုးမှုအား နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်သဖွယ် အယုံမှားလာကြသည်။ ဘုရားပွဲများ၌ ဈေးရောင်းခွင့်မပြုရန် အရောင်းဝယ်မပြုရန် ကားစီးခွင့်မပြုရန် နှိုးဆော်ခဲ့သည်။ ဥာဏ်ရည်နိမ့်ပါး သူ တစ်ဖက်စွန်းတစ်ယူသန်တို့ အကြိုက်တွေ့ကာ လက်တွေ့ကျင့်သုံးလာသည်။ ဗုဒ္ဓဘာသာတစ်ဦး၏ ယုတ်ညံ့ မှုကြောင့် ဗုဒ္ဓကိုပြစ်တင်၍ မရသလို အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အပြုအမူကြောင့် အစ္စလာမ်ဘာသာကို စော်ကား၍မရပါ။ လူကလူ၊ ဘာသာက ဘာသာ ခွဲခြားသိမြင်ရမည်သာ။ တစ်ဘာသာနှင့်တစ်ဘာသာ အပြီးသတ်ချေမှုန်းပြစ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ လူ့အသတ်များသာ အသက်ဇီဝိန်ချုပ်ငြိမ်းသွားသော်လည်း ကမ္ဘာတည်သ၍ ဘာသာအယူဝါဒများကတော့ ထွန်းကားလျှက် ရှိနေဦးမှာပါ။ ဘာသာရေးစော်ကားနေမှု ပြင်းထန်လာပါက ပေါက်ကွဲမှုများနှင့် ရင်ဆိုင်ရမှာပါ။
နိုင်ငံရေး စီးပွားရေးများ အကွက်ရွှေ့ရန် ဘာသာတရားအား အလွယ်တကူ လက်ပူတိုက် အသုံးမချသင့်ပါ။ ဘာသာရေးအယူဝါဒအပေါ် သည်းခံနိုင်စွမ်း နည်းပါးကြတာကိုမှ၊ သူမှမဟုတ် သက်ရှိအသိဥာဏ်ရှိသူတိုင်းပါ။ Spensitivity အများဆုံးနှင့် ထိခိုက်ရှလွယ်ဆုံးသော ဘာသာတရားအား သတိနှင့်ကိုင်တွယ်တတ်မှသာ လူ့ဘဝ သက်တမ်းမှာ ငြိမ်းချမ်းမှု အစစ်အမှန် ရနိုင်မှာပါ။
22.12.2013 ရက်နေ့ထုတ် အတွဲ(၁) အမှတ်(၅၂) မွန်းတည့်နေဂျာနယ်မှ ကူးယူဖော်ပြသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to ““အစိုးရက တာဝန်ယူမှုမရှိသောအခါ””

Post a Comment

Related Posts Plugin for WordPress, Blogger...