Wednesday, January 23, 2019

ဒေါ်အောင်ဆန်းစုကြည်စကားအရ မြစ်ဆုံစီမံကိန်း ခွင့်ပြုတော့မလား

,
By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရအနေနဲ့ အရင်အစိုးရဟောင်း လုပ်သွားတဲ့ စီမံကိန်းတွေကို မူဝါဒနဲ့ မကိုက်ညီလို့ ဆိုပြီး ဖျက်သိမ်းလို့ မရဘဲ အဲဒီလို ဖျက်သိမ်းမယ်ဆိုရင် ဘယ်သူကမှ အယုံအကြည် ရှိတော့မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တာကြောင့် မြစ်ဆုံစီမံကိန်းကို ခွင့်ပြုတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ဇန်န၀ါရီလ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

အစိုးရတစ်ခု ဂုဏ်သိက္ခာမဲ့ရင် နိုင်ငံဂုဏ်သိက္ခာမဲ့တာဖြစ်ပြီး အရင် အစိုးရခွင့်ပြုခဲ့တဲ့ စီမံကိန်းကို ငါတို့ အစိုးရ လက်ထက်မှာ ခွင့်မပြုဘူးဆိုပြီး လုပ်လို့မရကြောင်း၊ အဲဒီလို လုပ်မယ်ဆိုရင် ယုံကြည်လို့မရတဲ့နိုင်ငံ ဖြစ်သွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

" အစိုးရတစ်ခုက ဂုဏ်သိက္ခာမဲ့ရင် နိုင်ငံပါ ဂုဏ်သိက္ခာမဲ့မယ်။ အစိုးရတစ်ခုက လုပ်ခဲ့တဲ့ ကိစ္စတွေကို နောင်အစိုးရက ငါတို့က ငါတို့မူတွေနဲ့ မညီလို့ ငါတို့ လုံးဝ ဖျက်သိမ်းမယ်ဆိုလို့ရှိရင် ဒီနိုင်ငံအပေါ်မှာ ဘယ်သူကမှ အယုံအကြည်ရှိမှာမဟုတ်ဘူး။ ဥပမာဆိုပါတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကနေပြီးတော့ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုနိုင်ငံခြားကနေပြီးတော့လာပြီးတော့ ထူထောင်ထားတယ်။ ဥပမာ ဆိုပါစို့။ စီးပွားရေး လုပ်ငန်းတခုကို နိုင်ငံခြားကနေ လာပြီးတော့ ထူထောင်ထားတယ်။ အဲဒီအချိန်တုန်းက ခွင့်ပြုခဲ့တဲ့ အစိုးရက မရှိတော့တဲ့ အခါကျတော့ နောက်အစိုးရကတက်လို့ရှိရင်  ဒါက ငါတို့ ခွင့်မပြုခဲ့တဲ့ စီမံကိန်းမို့လို့ ဖျက်စေ ဆိုပြီးတော့ ဖျက်လိုက်ရင် နောင် ဘယ်စီးပွားရေး လုပ်ငန်းရှင်ကမှ ဒီနိုင်ငံမှာ ရင်းနှီးချင်တော့မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံချင်တော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ ငါတို့ကို ဒီအစိုးရက ကတိက၀တ်တွေပြုထားပြီးတော့ နောင်လာမယ့် နောင်လာမယ့်အစိုးရက ဒီကတိအတိုင်းမတည်ဘူးဆိုရင် ဘာမှ ယုံကြည်နိုင်စရာမရှိဘူး။ ယုံကြည်လို့ မသင့်တဲ့ နိုင်ငံဖြစ်သွားမယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

တကယ်လို့ အရင်အစိုးရခွင့်ပြုထားတဲ့ စီမံကိန်းတွေမှာ ဆိုးကျိုးတွေ ရှိနေရင် ဆိုးကျိုးတွေကို မထိအောင် ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်သွားရမယ်လို့လည်း သူက ဆိုပါတယ်။

" အရင်အစိုးရ လုပ်တာ ကြိုက်တာ မကြိုက်တာ ဘာမှ မဆိုင်ဘူး။ အရင်အစိုးရလုပ်တဲ့ ဟာတွေမှာ နိုင်ငံအတွက် ကောင်းတာရှိရင် ဆက်ပြီးလုပ်သွားရမယ်။ နိုင်ငံအတွက် ဆိုးတဲ့ကိစ္စဆိုရင် ဆိုးကျိုးတွေ မထိအောင်လို့ ကိုယ်ကနေပြီးတော့ ပြန်ပြီးပြုပြင်သွားရမယ်။ အစိုးရလုပ်တယ်ဆိုတာ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူးနော်။ ဒီမိုကရေစီအစိုးရဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ရတာမဟုတ်ဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုအရ မြစ်ဆုံအရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမယ်ဆိုတာ ရှင်းလင်းသွားပြီဖြစ်လို့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

"သူပြောတာကတော့ ရှင်းပါတယ်။ ရှင်းရှင်းလင်းလင်းကြီးမြင်ရတာပဲ" လို့ စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာခင်မောင်ညိုကတော့ သူ့အနေနဲ့ ဘာမှ မှတ်ချက် မပေးချင်တော့တဲ့အကြောင်း ရန်ကုန်ခေတ်သစ်ကို ပြောဆိုသွားပါတယ်။

တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်ကတော့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရ မြစ်ဆုံစီမံကိန်း လုပ်ဖို့ ဦးတည်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိလစ်ပိုင်သမ္မတနဲ့ အမေရိကန် သမ္မတတွေရဲ့ တစ်ဝက်လောက်တော့ သတ္တိရှိသင့်တယ်လို့ ပြောပါတယ်။

"တရုတ်ကိုလည်း ကြောက်စရာမလိုဘူး။ ကိုယ့်မူနဲ့ ကိုယ်ပဲလေ။ ဖိလစ်ပိုင်နဲ့ အမေရိကန် သမ္မတ တစ်ဝက်လောက်တော့ သတ္တိရှိသင့်တယ်။ ပြည်သူကိုပဲ မျက်နှာမူရမှာလေ။ ကိုယ့်မူနဲ့ ကိုယ်သွားရမှာပဲ။ ဘယ်သူမှလည်း ကြောက်စရာမလိုဘူး။ တကယ်လို့ မြစ်ဆုံစီမံကိန်း စလုပ်ပြီဆိုရင် ကျနော်ကတော့ NLD တွေနဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး" လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း အရေးသည် ပြည်သူအားလုံးနှင့်သက်ဆိုင်သဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ဆုံးဖြတ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အကြံပြုသည်။

"မြစ်ဆုံ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆုံးဖြတ်လို့မရဘူး။ ပြည်သူတွေနဲ့ သက်ဆိုင်တာ။ အဲဒါကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပါ။ ပြည်သူက ဆုံးဖြတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး" ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အဲဒီအချိန် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီကို ကယ်တင်ကြပါစို့ ဆိုတဲ့ ဧရာဝတီအတွက် ပြည်သူကို ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လူထုလှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်က စီမံကိန်း ရပ်ဆိုင်းဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့တယ်လို့ အဲဒီကာလလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူလူထုက ကန့်ကွက်ခြင်းမရှိဘဲ ပြင်ပအဖွဲ့အစည်းတွေက ကန့်ကွက်နေတာလို့ ဇန်န၀ါရီလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့လို့ ကချင်လူမှုအဖွဲ့အစည်းတွေအပါအ၀င် တစ်နိုင်ငံလုံးက အဲဒီထုတ်ပြန်ချက်ကို ၀ိုင်းဝန်း ကန့်ကွက်နေကြပါတယ်။

ဓာတ်ပုံ- ရာဇဂြိုလ်ဆည်ကို သွားရောက် စစ်ဆေးကြည့်ရှုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်။ Photo Credit - နိုင်ငံတော်အတိုင်ပင်ခံရုံး

www.khitthitnews.com

https://m.facebook.com/story.php?story_fbid=591825251254825&id=385165108587508

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည်စကားအရ မြစ်ဆုံစီမံကိန်း ခွင့်ပြုတော့မလား”

Post a Comment

Related Posts Plugin for WordPress, Blogger...