Saturday, May 12, 2018

ဗြိတိန်နိုင်ငံက မူကြမ်းရေးဆွဲထားသော မြန်မာ-ကြေညာချက်အား လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ခြွင်းချက်မရှိ လက်ခံလိုက်ပြီ

,
ကုလသမဂ္ဂ (ရိုက်တာသတင်းဌာန)- ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့တွင် မြန်မာအစိုးရအား ရခိုင်ပြည်နယ်တွင် အဓိကအားဖြင့် ရိုဟင်ဂျာမွတ်စလင်များအပေါ် အကြမ်းဖက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေး ရမည်ဖြစ်ပြီး၊ အကြမ်းဖက်ခဲ့သူအားလုံးကိုလည်း အရေးယူပေးရမည်ဖြစ်ကာ ရခိုင်ဒေသ အတွင်းသို့လည်း လူသားချင်း စာနာသည့် အကူညီများကို အမြန်ဆုံးဝင်ရောက်ခွင့်ပြု ရမည်ဖြစ်ကြောင်း တွန်းအားပေးလိုက်သည်။

မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်ရေးအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဖိအားပေးရေးအတွက် တရုတ်နိုင်ငံက အစ ပထမပိုင်း တွင် မည်သို့ပင် လက်မခံပဲ တင်းခံနေလင့်ကစား၊ ယခုအခါတွင် ဗြိတိန်နိုင်ငံ က မူကြမ်းရေးဆွဲထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မူကြမ်းကြေညာချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ခြွင်းချက်မရှိ သဘောတူ လက်ခံလိုက်ပြီ ဖြစ်သည်။

အဆိုပါ ကြေညာချက်မှာ ပြီးခဲ့သည့်အပတ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက သွားရောက်ခဲ့ပြီး ဗြိတိန်၊ အမေရိကန်နှင့် အခြားသောနိုင်ငံများက လူနည်းစု ရိုဟင်ဂျာများအား လူမျိုးစုအလိုက် ရှင်းလင်းမှု ပြုလုပ်ခဲ့သည် ဆိုသည့် မြန်မာ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော အနိဌာရုံကို မျက်မြင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရကတော့ လူမျိုးစုရှင်းလင်းမှု မလုပ်ခဲ့ကြောင်း
ငြင်းဆိုထားသည်။

"လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စုံစမ်းစစ်ဆေးဖို့ အရေးကြီးကြောင်း စဉ်းစားဆင်ခြင်ပြီးတဲ့အခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရဟူသောအခြေခံမူအားဖြင့် အပြည့်အ၀ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကိုသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုများအပါအ၀င် အကြမ်းဖက်မှုအားလုံးအတွက် ကျူးလွန်ခဲ့သူများကို အရေးယူဆောင်ရွက်ရန် မြန်မာအစိုးရကိုယ်တိုင်သံန္နိဌာန်ချမှတ်လုပ်ဆောင်ဖို့ မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။" ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ထဲတွင် ရေးသားထားရာ၌ "ကုလသမဂ္ဂသည် လူသားကပ်ဘေးဆိုက်ရောက်မှု အလုံးအရင်းကြောင့် အကြပ်တည်းဆိုက်ရောက်နေပြီး လက်ရှိဖြစ်ပေါ်နေရသော အခြေနေများကြောင့်လည်း သူတို့ အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း" ရေးသားထားသည်။  ရခိုင်ပြည်နယ်ရှိ ကျေးရွာများမှာ "ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးသွားခဲ့ရကြောင်း" သူတို့ မှတ်သားထားသည်ဟု ဖော်ပြထားသည်။

လုံခြုံရေးကောင်စီက တိုက်တွန်းရာတွင် မြန်မာအစိုးရအနေဖြင့် "ကုလဒုက္ခသည်များဆိုင်ရာ အေဂျင်စီအဖွဲ့စည်းဖြစ်သော UNHCR နှင့် ရခိုင်ဒေသသို့ အကူညီပေးရေး၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စတွင် အကူညီပေးနိုင်သည့် အဖွဲ့စည်းဖြစ်သော U.N. Development Programme တို့နှင့် သဘောတူညီချက်တစ်ခုကို ရှေ့လာမည့် ရက်သတ္တပတ်များအတွင်းတွင် အဆုံးသတ်ရန်" တိုက်တွန်းလိုက်ပါသည်။

လုံခြုံရေးကောင်စီမှ ထပ်မံပြောကြားရာတွင် "ရိုဟင်ဂျာဒုက္ခသည်များအား ရခိုင်ပြည်နယ်နယ်ရှိ သူတို့၏ နေအိမ်များသို့ ဒုက္ခသည်များ မိမိသဘော ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိပြန်နိုင်အောင် အခြေအနေများဖန်တီးပေးရန် နှင့် ပြသနာများကို ဖြေရှင်းရန်အတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကုလသမဂ္ဂတို့က မည်သို့မည်ပုံ အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်ကြောင်း ဆွေးနွေးအဖြေရှာရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ရည်ရွယ်ထားပါကြောင်း" လည်း အဆိုပါကြေညာချက်ထဲတွင် ဖော်ပြပါရှိသည်။

အိုင်စီစီ ခုံရုံး၏ မြန်မာနိုင်ငံကို တရားစွဲရှေ့နေက လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဖြစ်နိုင်ခြေရှိသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှင်ထုတ်ခြင်းကိစ္စအပေါ် တရားစီရင်ခွင့်ရှိမရှိ ဆုံးဖြတ်ပေးရန် တရားရုံးအဆုံးအဖြတ်ကို တောင်းခံထားသည်။



https://m.facebook.com/story.php?story_fbid=1337971719670144&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဗြိတိန်နိုင်ငံက မူကြမ်းရေးဆွဲထားသော မြန်မာ-ကြေညာချက်အား လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ခြွင်းချက်မရှိ လက်ခံလိုက်ပြီ ”

Post a Comment

Related Posts Plugin for WordPress, Blogger...