Saturday, August 29, 2020

အတိုနဲ့ထိုးလွှတ်လိုက်မှဖြင့်

,

မြန်မာပြည်မှာ ကလေးကအစ သမ္မတအဆုံး ခိုးဝင်ဘင်္ဂါလီ တစ္ဆေခြောက်ခံရတာ ကျနော် သတိထားမိသလောက်ဆို ၂၀၁၀ အကုန်လောက်ကနေ ခုချိန်ထိပဲ။ 


ထူးဆန်းတာက ဘယ်သူကမှ အဲဒါတကယ်ရော ဟုတ်လို့လားလို့ မေးခွန်းထုတ်တာ မတွေ့ဖူးဘူး။ 

အဲဒီ ခိုးဝင်လာသူတွေ ဘယ်မှာလဲ၊ သူတို့ကို ဘာလုပ်လိုက်လဲဆိုတာ ဘယ်သူမှမမေးကြဘူး။

 ခိုးဝင်ဘင်္ဂါလီ လို့ ကြားရင် ‘ဟုတ်ရဲ့လား’လို့ ပြန်ဆန်းစစ်စရာ မလိုလောက်အောင် မျက်စိမှိတ်ယုံရတဲ့ အကြောင်းရင်းက ဘာလဲ။ နောက်တစ်မျိုး ပြောရရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံထဲ ခိုးကြောင်ခိုးဝှက် ဝင်လာရလောက်အောင် ဘယ်လိုအကြောင်းရင်း တွေရှိလို့လဲ။ သက်သေပြစရာမလိုဘဲ ယုံရအောင် ဘယ်လောက်တောင် ငြင်းရခက်တဲ့ ယုတ္တိတွေရှိသလဲ ကျနော် တကယ်သိချင်လို့ မေးတာ။ ဒီမေးခွန်းက တကယ် အရေးကြီးတယ်။ ၂၀၁၂ နောက်ပိုင်း ခိုးဝင်ဘင်္ဂလီတံဆိပ်ကပ်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့ပြီးပြီ။ သိန်းနဲ့ချီတဲ့ ကလေးတွေ အနာဂတ်ပျောက်သွားပြီ။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေခဲ့သူတွေ နေ့ချင်းညချင်း ဒုက္ခသည်စခန်း ရောက်သွားတာ ခုဆို ရှစ်နှစ်ရှိတော့မယ်။ သူတို့အတွက် ဒီမေးခွန်း မေးဖို့လိုတယ်။ ခုဖြစ်နေတာက ခိုးဝင်လာသူတွေလို့ စွပ်စွဲခံရသူတွေကို သူတို့ ခိုးဝင်မဟုတ်ကြောင်း သက်သေပြခိုင်းနေတာ ဘယ်လိုမှကြည့်မကောင်းဘူး။ အဲတော့ စွပ်စွဲတဲ့လူ သက်သေပြပါ။ သက်သေမရှိရင် မစွပ်စွဲပါနဲ့။  


တကယ်လို့ လူအများစုတွေးသလို ဘင်္ဂါလီတွေ ရခိုင် ပြည်နယ်ထဲ ခိုးဝင်လာတယ် ဆိုပါတော့။ သူတို့ ဘယ်မှာ သွားနေမလဲ။ ဒေသခံတွေက ဘာသာတူတွေမို့ အိမ်ပေါ်တင်ထားမယ် ထင်နေလား။ ဒါမှမဟုတ် ခိုးဝင်လာပြီး လွတ်တဲ့နေရာမှာ အိမ်ဆောက်၊ရွာတည်ပြီး နေနေကြတာကို ဘာသာတူ ဒေသခံတွေက ဖုံးကွယ်ပေးထားတာလို့ ထင်နေတာလား။ ကိုယ်ပိုင်တဲ့နေရာတွေကို သူများပေးရအောင်ထိ အဲဒီလူတွေ သဘော ထားကြီးတယ်လို့ ထင်နေလား။ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့်စမ်းပါ။ ဘယ်ကမှန်း မသိ ခိုးဝင်လာသူတွေကို ကိုယ့်အိမ်ပေါ်တင်ထားမလား၊ ဘယ်သူမှမသိအောင် ကိုယ့်ရပ်ရွာမှာ နေခွင့်ပေးမလား။ အဲဒီမေးခွန်းကို ဖြေပေးတဲ့အဖြစ်အပျက်တစ်ခု သိပ်မကြာခင်က ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ဧရာဝတီမြစ်ထဲက မြေနုကျွန်းကို ရွာနှစ်ရွာကလုရာကနေ ဖရဲကျွန်းရွာသား ၃၈ ယောက်လောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့သတင်းကို မှတ်မိမယ်ထင်တယ်။ အဲဒီနှစ်ရွာက အမျိုးစပ်ရင်တောင်တော်မယ့် မြန်မာလူမျိုးတွေနော်။ ဖြစ်တဲ့ထဲ အွန်လိုင်းပေါ်မှာ အမျိုး ဘာသာသာသနာ စောင့်ရှောက်ဖို့ ဓါးသွေးနေတဲ့လူတွေတောင် ပါချင်ပါဦးမယ်။ သူတို့တောင် ကိုယ့်မြန်မာ အချင်းချင်းပဲ၊ ဗုဒ္ဓဘာသာဝင် အချင်းချင်းပဲဆိုတဲ့ စိတ်ထားနိုင်လို့လား။ ငါ့မြေ သူ့မြေဆိုတဲ့ စိတ်ဓါတ်ကြောင့်ပဲ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရဲတဲ့ထိ ဖြစ်သွားတာမဟုတ်လား။ သူ့ဟာသူ သောင်ထွန်းပြီးပေါ်လာတဲ့ မြေနုကျွန်းကိုတောင် ကိုယ့်နေရာ သူယူထားတယ်လို့မြင်တဲ့အခါ အမျိုး ဘာသာတွေ ဘာတွေ လာမပြောနဲ့။ ခေါင်းပြုတ်သွားမယ် ဖြစ်ကုန်တာ။ ဆိုတော့ ရခိုင်မြောက်ပိုင်းမှာ သူ့ဟာသူ အခြေကျပြီးသား ပိုင်ဆိုင်မှုတွေ claim လုပ်ပြီးသား ကျေးရွာတွေ၊ စိုက်ပျိုးမြေတွေဆိုတာ ဟိုး အင်္ဂလိပ်ခေတ်ထဲက ရှိနေပြီးသား။ ဒါကိုမှ တစ်ဖက်နိုင်ငံက ခိုးဝင်ကျူးကျော်လာပြီး ဘယ်သူမှမသိအောင် အိမ်ဆောက်၊ရွာတည် လုပ်လို့ရမယ်ထင်နေတာ တော်ရုံအတွေးအခေါ် မဟုတ်ဘူး။ 


နောက်တစ်ခုက မြန်မာပြည်ရဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံ(၅)နိုင်ငံမှာ နယ်နိမိတ်အတိုဆုံးက ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုပဲ။ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့နဲ့က ထိနေတဲ့အပိုင်းက ကီလိုမီတာ ထောင်ကျော်တယ်။ ကီလိုမီတာထောင်ကျော်ထိစပ်နေတဲ့ နိုင်ငံတွေနဲ့ ပြဿနာမှမရှိဘဲ နယ်စပ်အတိုဆုံးနိုင်ငံက ပြဿနာ ဖြစ်နေတာ မထူးဆန်းဘူးလား။  ဘင်္ဂလားဒေ့ရှ်က လူဦးရေပေါက်ကွဲနေတယ်ဆိုတော့ တရုတ်နဲ့ အိန္ဒိယလည်း ပေါက်ကွဲနေတာပဲ မဟုတ်လား။ လူဦးရေများတယ်ဆိုတာ ငတ်ပြတ်နေတဲ့ အဓိပ္ပါယ်မှ မဟုတ်တာ။ မြန်မာ့အိမ်နီးချင်း ငါးနိုင်ငံထဲမှာ မြန်မာထက်ဆင်းရဲတဲ့နိုင်ငံ မရှိတော့ဘူးဆိုတာ သိဖို့ကောင်းတယ်။ ဝမ်းမနည်းကြနဲ့။ ဘေးနိုင်ငံတွေက အနာဂတ်ကိုမျှော်ကြည့်ပြီး အလုပ်လုပ်နေချိန်မှာ မြန်မာတွေ အမျိုးဘာသာသာသနာအော်ရင်း နောက်ပြန်သွားနေတာကိုး။ 


လူဦးရေပေါက်ကွဲနေတဲ့ တိုင်းပြည်ဖြစ်လို့ လူချောင်တဲ့နိုင်ငံကို ခိုးဝင်လိမ့်မယ်လို့ ကောက်ချက်ချရင် တရုတ်နဲ့ အိန္ဒိယကနေလည်း ခိုးဝင်လာရမှာပေါ့။ တရုတ်နဲ့အိန္ဒိယတို့က မြန်မာထက်ချမ်းသာလို့ ခိုးဝင်မှာ မဟုတ်ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်ကရော မြန်မာပြည်ထက် ပိုဆင်းရဲပြီး နောက်ကောက်ကျနေတဲ့ နိုင်ငံလို့ ထင်နေလား။ ဘကုန်းလူဦးရေက မြန်မာထက် ၃ ဆနီးနီး ရှိပေမယ့် နှစ်စဉ်ဂျီဒီပီက သုံးဆခွဲရှိတယ်။ တစ်ဦးချင်းဝင်ငွေက ဒေါ်လာခြောက်ရာကျော် ပိုများပြီး၊ HDI ညွှန်းကိန်းက အဆင့် ၈ ဆင့်လောက် ရှေ့ရောက်နေတယ်။ ဒီမိုကရေစီစနစ်ထွန်းကားတာကလည်း ဘယ်လိုမှယှဉ်မရတဲ့ အချက်တစ်ချက်။ အဲတော့ ဘကုန်းတွေ ဒီနိုင်ငံကို ခိုးဝင်လာပြီး ဘာလာလုပ်တာလဲ။ ရခိုင်မတွေကိုယူပြီး ဗုဒ္ဓဘာသာကို ဝါးမြိုပြီး အစ္စလာမ္မစ်နိုင်ငံ ထောင်ဖို့လား။ အဲဒါဆို သူ့နိုင်ငံမှာ နှစ်ပေါင်းရာချီရှိနေခဲ့တဲ့ ၁% လောက်ပဲရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အရင်မမြိုဘဲ မြန်မာပြည်ကို ဝါးမြိုဖို့ကြိုးစားတာ ထူးဆန်းတာပေါ့။ 


မြန်မာတွေက supply elasticity နည်းတဲ့ ဆန်စပါးလောက် စိုက်ရဖို့ နွားနဲ့ဖက်ရုန်းနေတဲ့အချိန် ဟိုဘက်မှာက ၀န်ဆောင်မှုကဏ္ဍကို အောင်အောင်မြင်မြင် လုပ်နေကြပြီ။ ကျနော်ဆောင်းတွင်းဝတ်တဲ့  L.L.Bean ကုတ်က မိတ်အင်ဘင်္ဂလားဒေ့ရှ်။ အဲလို အမေရိကန် ဘရန်းတွေ အများကြီး ဘကုန်းတွေ လုပ်ပေးနေတာ။ သူများအကြာင်း ဂဃနဏမသိဘဲ လျောက်ပြောနေတော့ ဟိုက ငပေါတွေဆိုပြီး ဟားနေတာပေါ့။ ခုချိန်ထိ ပြည်တွင်းမှာ ပြောချင်ရာ လျောက်ပြောနေတဲ့ မြန်မာအစိုးရအရာရှိတွေ ဘင်္ဂလားဒေ့ရှ်နဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောတဲ့အခါ ‘ခိုးဝင်ဘင်္ဂလီ’ အကြောင်း ပြောရဲလား ပြန်မေးကြည့်။ ရှိတ်ဟာဆီနာ အတိုနဲ့ထိုးလွှတ်လိုက်မှဖြင့် 'ဗြောင်ဝင်'ဖြစ်သွားဦးမယ်။

Credit, Kyaw Zeyar Win

crd.


https://m.facebook.com/story.php?story_fbid=242319573875842&id=100042934037574

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အတိုနဲ့ထိုးလွှတ်လိုက်မှဖြင့်”

Post a Comment

Related Posts Plugin for WordPress, Blogger...