Friday, May 10, 2019

မကွေးမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာတွင် သေနတ်ကျည်ဆံအများအပြား သိမ်းဆည်းရမိ

,
မကွေးမြို့ ၊ ဆားစည်ရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်သားဥယျာဉ်အနီး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော ၅.၅၆ ကျည်ဆံ ၇၈၂ တောင့်အား ယနေ့ (မေ ၁၀ ရက်) နံနက်ပိုင်းက ဆေးသုတ်သမားများကတွေ့ရှိအကြောင်းကြားသဖြင့် တာဝန်ရှိသူများက စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သတင်းရသည်။

ကျည်ဆံများတွေ့ရှိရာ ကျောက်သားဥယျာဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မေလ ၉ ရက်နေ့က ရောက်ရှိခိုနားခဲ့သည့် နန်းထိုက်သူဟိုတယ်နှင့် မိုင်ဝက်ခန့်သာဝေးကြောင်း၊ နန်းထိုက်သူဟိုတယ်နှင့် ကျောက်သားဥယျဉ်မှာ လမ်းတလမ်းထဲပေါ်တွင်တည်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းခရီးစဉ် သွားရောက်လျက်ရှိရာ မကွေးမြို့မှ နတ်မောက်မြို့သို့ထွက်ခွာသွားပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ကျည်ဆံများကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော် မြို့မစခန်းမှာ စခန်းမှူးအဖြစ်တာဝန်ယူနေတဲ့အချိန်မှာ ကျော်လက်ဖက်ရည်ဆိုင်ကနေ ဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။ လက်ဖက်ရည်ဆိုင်နားက ကျောက်သားဥယျာဉ်နားမှာ ကလေးတွေ ဆေးသုတ်ရင်းနဲ့ ကျည်ဆံတွေ တွေ့တယ်ဆိုပြီး အကြောင်းကြားတယ်။ အမှိုက်ပုံနားမှာ ပီနံအိတ်ခွံနဲ့ထုပ်ထားတဲ့ အထုတ်တထုတ်တွေ့တယ်။ အဲဒီအထုပ်ထဲမှာ ပလတ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ ကျည်ဆံထုပ်နှစ်ထုပ်ကို တွေ့ခဲ့တာပါ ။ လက်ထဲမှာ မထားချင်လို့ လွှင့်ပစ်ထားတဲ့သဘောပါပဲ။ ဘယ်ကနေ ဘယ်လိုရောက်လာရတယ်ဆိုတာ စုံစမ်းသွားမှာပါ”ဟု မကွေးမြို့မရဲစခန်းမှူး၊ ဒုရဲမှူး စိုးသိန်းထွန်းက ပြောသည်။

ကျည်ဆံအထုပ်နှစ်ထုပ်ကို ရေတွက်သည့်အခါ ပထမအထုပ်တထုပ်ထဲမှ ကျည်ဆံ ၄၃၀ တောင့် ၊ ဒုတိယအထုပ်ထဲမှ ၃၅၂ တောင့်၊ စုစုပေါင်း ကျည်ဆံ(၇၈၂)တောင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ M-16၊ AK-47၊ M-21 နဲ့ M စီးရီးသေနတ်များတွင် ပစ်ခတ်အသုံးပြုနိုင်သည့်ကျည်များဖြစ်ကြောင်း မြို့မရဲစခန်းမှ တာဝန်တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါကျဉ်ဆံအမြောက်အမြားတွေ့ရှိမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

မျိုးလှိုင်ဝင်း(ငဖဲ)

News watch

https://www.facebook.com/100015832272209/posts/500750223796049/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မကွေးမြို့ တွင် ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာတွင် သေနတ်ကျည်ဆံအများအပြား သိမ်းဆည်းရမိ”

Post a Comment

Related Posts Plugin for WordPress, Blogger...