Wednesday, September 19, 2018

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ ရွှေဝါရောင် သံဃာတော်တွေ တောင်းဆို

,
■  လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စစ်အစိုးရရေးဆွဲပြုစုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ ဒီကနေ့ကျင်းပပြုလုပ်တဲ့ ရွှေဝါရောင်သံဃ့ာအရေးအခင်း ၁၁ နှစ်ပြည့် အခမ်းအနားမှာ ရွှေဝါရောင်သံဃာတော်တွေကိုယ်စား ဆရာတော် ဦးမင်းသုည က အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

"တာဝန်ရှိသူအသီးသီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးပြီး ပြည်သူအားလုံးနဲ ကိုက်ညီသော အခြေခံဥပဒေအသစ်နဲ့ အမြန်ဆုံးအစားထိုးနိုင်ရေးအတွက် တာဝန်ကြီးတစ်ရပ်အနေနဲ့ နောက်ဆုံးဆုံးဖြတ်ချက်အနေနဲ့ ရဟန်းပြည်သူများက ၀င်ရောက်ဆုံးဖြတ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ထားကြပါရန် ရွှေဝါရောင်သံဃာတ်ေများက တိုက်တွန်းလိုက်ပါသည်"

ဒါ့အပြင် အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေထံကိုလည်း သံဃာတော်တွေက အိပ်ဖွင့်ပေးစာတစ်စောင်ကိုလည်း ပေးပို့ခဲ့ပါတယ်။

အဲဒီအိပ်ဖွင့်စာထဲမှာ NLD အစိုးရ ၂ နှစ်ကျော်အုပ်ချုပ်နေပြီးကာလမှာ ပြည်သူတွေစိတ်တိုင်းကျလောက်တဲ့ အပြောင်းလဲမှုမျိုးတွေ မရှိသေးသလို လွှတ်တော်အနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကို စတောင်မစသေးတာကို တွေ့မြင်ရတဲ့အတွက် အံသြမိကြောင်း ပါရှိပါတယ်။

ဥပဒေစိုးမိုးရေး အားနည်းနေသလို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေကလည်း ပြည်သူပြည်သားတွေကို လုံခြုံရေးအာမခံပေးနိုင်မှု မရှိသေးကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တပ်မတော်နဲ့ ရင်ကြားစေ့ရေးဆိုပြီး အလျော့ပေးဆောင်ရွက်နေသော်လည်း ဒီမိုကရေစီအင်အားစုတွေနဲ့ ရင်ကြားဟလာတာကိုတွေ့ရကြောင်း ပြောပါတယ်။

ဒီကနေ့အခမ်းနားကို ၈၈ကျောင်းသားခေါင်းဆောင်တွေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးက ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

https://m.facebook.com/story.php?story_fbid=10158106864573128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ ရွှေဝါရောင် သံဃာတော်တွေ တောင်းဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...