Thursday, December 6, 2018

သမိုင်းလေ့လာသူများသိထားရန်

,
သမိုင်းဟူသည် ပုံပြင်မဟုတ်။ဒဏ္ဍရီမဟုတ်။သမိုင်းကို
ဝတ္ထု ရေးသလိုရေးလို့မရဘူး။သမိုင်းစာပေဟာ
ရသစာပေမဟုတ်။ထို့အတူ အပျော်ဖတ်စာပေ
Reading For Pleasure မဟုတ်။ခံစားချက်နဲ့
သမိုင်းကိုရေးလို့မရဘူး။သမိုင်းရေးတဲ့အခါ ရသ
ပေါ်လာအောင် ၊ခံစားချက်ပေါ်လာအောင် စကားလုံး
လှလှတွေနဲ့သီကုံးဖို့မလိုဘူး။အယဉ်အနွဲ့အသွဲ့
အပျောင်းတွေနဲ့ဝေဝေဆာဆာဖြစ်ဖို့မလိုဘူး။
သမိုင်းအရေးသားဟာတိကျရမယ်။ သေချာရမယ်။
မရေမရာ ဇဝေဇဝါမဖြစ်စေရ။ကိုယ်ပြောလိုတဲ့
အချက်အလက်ကို ကိုယ်တာဝန်ယူရမယ်။
ကျမ်းကြီးဘယ်လောက်ထူထူထဲထဲအသိသစ် New Knowledge မပါရင် တန်ဖို့မရှိဘူး။
သမိုင်းရေးတဲ့အခါ လွယ်လွယ်တိုတိုရှင်းရှင်းရေးရ
တာဟာ အကောင်းဆုံးနည်းပါပဲ။
၁။တင်ပြချက်မှန်ရဲ့ လား
၂အရင်ကမသိသေးတဲ့အချက်ဘယ်လောက်များများ
ပါသလဲ
၃။အရင်အယူအဆအဆိုအမိန့်တွေကိုယုတ္တိရှိရှိ
ဘယ်လောက်ပြင်ဆင်ဖြည့်စွက်ထားသလဲ။

အထောက်ထားတွေစု၊မှတ်စုတွေထုတ်ပြီးရင် ရေးဖို့ ပုံစံချ
ရတယ်။ဘယ်အချက်တွေကိုစုပြီးဘယ်လိုပုံစံပေါ်အောင်
ရေးမယ်ဆိုတဲ့သဘောပဲ။အများဆုံးလက်ခံကျင့်သုံးတဲ့ပုံစံက သမိုင်းပုံစံ Historical Method ပဲ။အမှုတွဲပုံစံ Case Method ၊နှိုင်းယှဉ်ပုံစံ Comparative၊ Method၊စုပေါင်းပုံစံ စသဖြင့် မည်သည့်ပုံစံပဲ
ကိုင်ကိုင်နောက်ဆုံးကျတော့ သမိုင်းပုံစံပဲပြန်ကိုင်ရတာ
ပါပဲ။

၁။ရေးတဲ့အခါ သက္ကရာဇ်အနုအရင့်အလိုက်ဖော်ပြရမယ်။
၂။အဆင့်ဆင့်ပြောင်းလဲလာပုံကိုပြောရမယ်။
၃။အကြောင်းရင်းကိုစစ်ဆေးရမယ်။
၎။အခြေခံသဘောကိုဆွေးနွေးရမယ်။
၅။အဖြစ်ပျက်ပေါ်ပေါက်ပုံကိုတင်ပြရမယ်။
၆။အကျိုးရှိပုံ၊အပြစ်ရောက်ပုံကို ရှင်းရမယ်။
၇။ဒီအကျိုးအပြစ်ကိုဝေဖန်ရမယ်။
ဒီပုံစံအတိုင်းရေးရင် ထူးထူးခြားခြားကြီးမကောင်း
တောင် လူကဲ့ရဲ့ ခံရခြင်းကလွတ်လိမ့်မယ်။

အထောက်ထားတွေကိုလည်းနှံ့စပ်အောင်ရှာဖွေစုဆောင်းပြီး
ပြီး။အထောက်ထားဘယ်လောက်များများရှာဖွေရမလဲ
ဆိုရင် ကုန်ခမ်းသွားတဲ့အထိရှာဖွေရမယ်။
ရှာဖွေစုဆောင်းထားတဲ့အဲဒီအထောက်ထားတွေထဲက
မှတ်စုထုတ်ရမယ်။ကျေညက်အောင်ဖတ်ပြီးဖွဲ့စည်းရတယ်။ဒါ ကိုယ်ရေးမယ့်အကြောင်းအရာရဲ့ ပုံကြမ်းဖော်တာပါပဲ။
မြန်မာနိုင်ငံကဘက်မလိုက်သမိုင်းပညာရှင်
ဆရာဒေါက်တာသန်းထွန်းက မြန်မာနိုင်ငံဗုဒ္ဓသာသနာ
ဝင် (အေဒီ၁၀၀၀ -၁၃၀၀)(History of the Buddhism. AD1000-1300)ကျမ်းနဲ့ဒေါက်တာ
ဘွဲ့ Phd.ယူခဲ့တာဖြစ်တယ်။ဘီစီလော ဆုကိုလည်းရခဲ့
တယ်။ဒီဆုကအရှေ့ တိုင်းပညာရပ်မှာထူးထူးခြားခြား
ပေါ်ထွန်းလာတဲ့ပညာရှင်ကိုချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့
ဆုဖြစ်တယ်။တော်ရုံတန်ရုံကြိုးစားအားထုတ်ပြီးပြု
စုထားတဲ့ကျမ်းမျိုးကိုချီးမြင့်တဲ့ဆုမဟုတ်ဘူး။
သူလိုငါလိုကျမ်းမျိုးကိုပေးတာမဟုတ်။တကယ့်ကို
New Contribution ပေးတဲ့ကျမ်းမျိုးကိုမှ
စီစစ်ရွေးချယ်ချီးမြင့်တာ။ဆရာတင်သွင်းလိုက်တဲ့ကျမ်းဟာသမားရိုးကျပုံစံကိုတော်လှန်ပြောင်းလဲပစ်လိုက်တယ်။အစဉ်အလာကအဆိုအမိန့်တွေ၊ကောက်ချက်အမှားတွေကိုအမြင်သစ်နဲ့ပြင်လိုက်တယ်။ဒါကြောင့်ဆရာ့ကိုဘီစီလော
ဆုချီးမြင့်လိုက်တာဖြစ်တယ်။အဲဒီကျမ်းမှာ ဆရာက
၁။ပုဂံခေတ်ကလူတွေဘုရားကိုဘယ်လိုကြည်ညိုသလဲ။
ဘယ်လိုဆည်းကပ်ကိုးကွယ်သလဲ။
၂။ပုဂံခေတ်ကလူတွေတရားကိုဘယ်လိုနားလည်သဘော
ပေါက်သလဲ။ဘယ်လိုကျင့်သုံးလိုက်နာကြသလဲ။
၃။ပုဂံခေတ်ဘုန်းကြီးတွေပရိယတ်ကိုဘယ်လိုလေ့လာ
သင်ယူအားထုတ်ကြသလဲ။ပဋိပတ်ကိုဘယ်လိုကျင့်ကြံကြသလဲ။ဘယ်လိုဂိုဏ်းဂနကွဲကြသလဲ။ ဘယ်လိုနေ့စဉ်သီ
တင်းသုံးကြသလဲ။စတဲ့အကြောင်းအရာတွေကိုအလေးထားဖော်ထုတ်ထားတာတွေ့ရတယ်။

သမိုင်းစာတစ်ပိုဒ်ကိုရေးတော့မယ်ဆိုရင်
ပြောမယ်လို့သတ်မှတ်ထားတဲ့ဖော်ပြချက်တစ်ခုကို
ထိပ်ဆုံးကရေး Statement ။အဲဒါကိုချဲ့ထွင်ရှင်းလင်း Elaboration ။ရှင်းလင်းတဲ့အခါကျမ်းကိုးတွေ၊
အထောက်ထားတွေနဲ့ပြောရမယ် Documentation ။အဲဒီလိုရှင်းလင်းတဲ့အခါ လိုအပ်ရင်သရုပ်ပေါ်အောင်
ရုပ်ပုံတွေ၊ဓာတ်ပုံတွေ၊မြေပုံတွေ၊စရင်းဇယားတွေထည့်ပေး Illustration ။ပြီးတော့ ဒီမှာဖြစ်ပုံနဲ့ဘယ်မှာဖြစ်ပုံတူ
တယ်။ဒီနိုင်ငံကဖြစ်ပုံနဲ့ဟိုနိုင်ငံကဖြစ်ပုံ ဘယ်လိုတူတယ်။ဘယ်လိုကွာတယ်။ဆင်တယ်။ ဆင်သလိုနဲ့ကွာတယ်
ဆိုပြီးနှိုင်းယှဉ်ကြည့် Comparison ။ယှဉ်ကြည့်လိုက်တဲ့အခါ ဒီကသာတယ်။ညံ့တယ်။တန်းတူလိုက်တယ်
စသဖြင့် ဝေဖန်ချက်ပေး Criticism ။ဝေဖန်ချက်ကို
မှီပြီးနိဂုံးချုပ်အမှာစကားပြော Conclusion ။
အဲဒီအခါစာတစ်ပိုဒ်ဆုံးတာပါပဲ။သမိုင်းသုတေသနမှာ
ကျောက်စာဟာအင်မတန်အရေးပါတဲ့ မူရင်း
အထောက်ထား Primary Sources ဖြစ်တယ်။
ထို့အတူ အခြားသောအခိုင်အမာအထောက်ထားပြုရ
တဲ့မူရင်းအထောက်ထားတွေရှိပါသေးတယ်။
အဲဒါတွေကတော့
၁။ကျောက်ပြားစာ
၂။နံရံစာ
၃။သပိတ်စာ
၎။ခဲပြားစာ
၅။ပလ္လင်စာ
၆။သံပြားစာ
၇။ခေါင်းလောင်းစာ
၈။မင်စာ
၉။သစ်သားပြားစာ
၁၀။ငွေပြားစာ
၁၁။မြေပုံဘုရားစာ
၁၂။သင်္ချိုင်းစာ
၁၃။စဥ့်ပြားစာ
၁၄။ရွှေပြားစာ
၁၅။အရိုးအိုးစာ
၁၆။ဆင်းတုတော်စာ
၁၇။ရွှံ့ ပြားစာ
၁၈။အင်္ဂတေစာ တို့ပဲဖြစ်တယ်။

***တို့သမိုင်းသမားတွေကမုဆိုးလိုပဲကွ။မုဆိုးကသား
ကောင်ကိုရှာရတယ်။တို့သမိုင်းသမားတွေကသမိုင်းမှတ်
တမ်းကိုရှာရတယ်။***
ဒေါက်တာသန်းထွန်း

***မှတ်ထား။သမိုင်းမှာ မဟုတ်တာကိုဟုတ်သလိုလို
ရေးရင် ၊ဟုတ်နေတာကို မဟုတ်သလိုလိုရေးရင်
ရာဇဝတ်ပြစ်မှုထက်အပြစ်ကြီးတယ်ကွ***
ဒေါက်တာသန်းထွန်း
ဒီစကားကိုမြန်​မာသမိုင်းဆရာဘယ်​​နွားမှလိုက်​နာတယ်
ဆိုတာမ​တွေ့မိပါဘူး။

ဥပမာ မင်းတုန်းမင်း (၁၈၅၂-၁၈၇၈)ရဲ့ သာသနာရေး
ဆောက်ရွက်ချက်တွေကိုကျ​နော်တို့နှောင်းခေတ်မြန်မာတွေက အမွန်းတင်ဖော်ပြကြတယ်။ဗျာဒိပ်တော်ရ သာသနာပြု မင်းက သာသနာတော်ကိုပြု စုစောင့်ရှောက်ရာ သံဝစ္ဆရ
အလှူ​တော်ငွေပေါင်း ၂၂ကုဋေ ၆သန်းကျော်ရှိတယ်လို့
ဆိုတယ်။ဒါကိုဆရာက

မင်းတုန်းမင်းသာသနာရေးလုပ်တာ သာသနာကိုနှစ်နှစ်
ကာကာယုံကြည်လို့လုပ်တာမဟုတ်ဘူးဆိုတာကို
အထောက်ထားနဲ့တကွအောက်ပါအတိုင်းတင်ပြတယ်။
** မင်းတုန်းမင်းသာသနာရေးလုပ်တာ သာသနာကို
နှစ်နှစ်ကာကာယုံကြည်လို့လုပ်တယ်ယူဆနေသလား။
မင်းတုန်းမင်းလုပ်တဲ့သာသနာရေးမှာ နိုင်ငံရေးရည်မှန်း
ချက်မပါနိုင်ဘူးလား။ဥပမာ ဓမ္မဝိနယပြန်တမ်းထုတ်တယ်။ဝိနည်းထဲမှာပါပြီးသားစည်းကမ်းတွေကိုပြန်ရွတ်တာပါပဲ။
နိုင်ငံရေးထဲဘုန်းကြီးတွေမပါနိုင်အောင်လို့လုပ်တာပါပဲ။
တစ်ခါ သင်္ဂါယနာတင်တယ်ဆိုတာကလည်း ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီးဆိုတဲ့ဘွဲ့ကိုလိုချင်လို့။
ပိဋိကတ်သုံးပုံကိုပြန့်ပွားချင်တယ်ဆိုရင်လည်းအဲဒီ
အချိန်ကနန်းတွင်းမှာ ရတနာပုံပုံနှိပ်စက်ရှိနေပြီပဲ။
စာအုပ်တွေရိုပ်နှိပ်ပြီးဖြန့်ဝေပါ့လား။
တကယ်တော့ပြည်သူကိုသာသနာရေးနဲ့စည်းရုံးလှုံ့ 
ဆော်တာပါပဲ။အဲဒီအချိန်မှာအောက်မြန်မာနိုင်ငံကို
အင်္ဂလိပ်ကသိမ်းထားတဲ့အတွက် အင်္ဂလိပ်ကိုမိစ္ဆာဒိဋ္ဌိ
လို့မြင်အောင်၊အရိုင်းအစိုင်းတွေလို့မြင်အောင် လှုံ့ဆော်
ပေးတာလို့ယူဆနိုင်တယ်။ဒီလိုပြောလို့မင်းတုန်းမင်းမှာ
အမျိုးသားရေးစိတ်ဓာတ်ရှိတယ်မထင်နဲ့။
ပဒေသရာဇ်ဟာ ပဒေသရာဇ်စိတ်ဓာတ်ပဲရှိတယ်။
အမျိုးသားစိတ်​မရှိဘူး။
အလှူ တော်ငွေ ၂၂ကုဋေ ၆သန်းဟာလည်း ယောအတွင်း
ဝန်ဦးဘိုးလှိုင်က ရာဇဓမ္မသင်္ဂဟကျမ်းမှာ ပြည်သူ့
အခွန်ဘဏ္ဍငွေကို ရှင်ဘုရင်ကမိမိသဘောဆန္ဒအတိုင်းခွဲ
ယူလှူ ဒါန်းနေတာဟာ ခိုးခြင်း၂၅ပါးမှာတစ်ပါးအပါ
အဝင်ဖြစ်တယ်လို့ဆိုထားတယ်။ဘုရားထီးတင်တာ
လည်းအထူးအဆန်းမဟုတ်ဘူး။သိမ်းလို့ရတဲ့နယ်ကို
ဘုရားတည်ပြီးရှင်ဘုရင်ရဲ့ မကိုဋ်ကို ထီးအဖြစ်တင်
လိုက်တာပဲ။**
ဒေါက်တာသန်းထွန်း

**သမိုင်းရေးတယ်ဆိုတာ ချစ်လို့ပေါ့ပေါ့လျော့
လျော့​ပြောတာ၊ကြောက်လို့ရှောင်ဖယ်ရှောင်ဖယ်ပြောတာ၊
မုန်းလို့ချိုးချိုးဖဲ့ဖဲ့ပြောတာမျိုး မရှိစေရဘူး။
ရဲရဲဝေဖန်၊ရဲရဲသုံးသပ်၊ရဲရဲအကဲဖြတ်ရတယ်။
အထောက်ထားခိုင်လုံရတယ်။**
ဒေါက်တာသန်းထွန်း

သမိုင်းမှာစာတစ်စောင်ပေတစ်ဖွဲ့ရေးကြရင် ဘယ်သူ့
ကိုကျေးဇူးတင်ပါတယ်။ဘယ်ဝါ့ကိုကျေးဇူးတင်ပါတယ်။
လို့ ရေးကြ သားကြ လေ့ရှိတယ်။ကုန်ကုန်ပြောရရင်ကွာ
ကိုယ့်မယား၊ကိုယ့်လင်၊ကိုယ့်သားသမီးကိုတောင် ကျေးဇူးတင်တယ်လို့ပြောတဲ့စာရေးဆရာမျိုးတွေ့ဖူးတယ်။
တော်သေးတာပေါ့်။အိမ်မှာကိုယ်မွေးထားတဲ့ခွေးတွေ၊
ကြောင်တွေက စာရေးတဲ့အခါ အနှောင့်အယှက်မပေးဘဲ
အနားမှာအသာငြိမ်နေတဲ့အတွက် ကျေးဇူးတင်တယ်လို့
မပြောကြတာကိုပါ။သမိုင်းမှာတော့ ကျေးဇူးတင်
စကားနဲ့လောကွတ်လုပ်ဖို့မလိုဘူး။အပိုပဲ။

*** အကိုးကားပြတဲ့အခါ ကျမ်းပြု ပုဂ္ဂိုလ်၊ကျမ်းအမည်
ဖော်ပြတာဟာ သူ့ကိုကျေးဇူးတင်ဂုဏ်ပြုတဲ့သဘောပဲ။
ဒီပေ၊ပုရပိုက် ဘယ်သူ့ဆီကရတယ်လို့ဖော်ပြတာဟာ
သူကို့ကျေးဇူးတင်တဲ့သဘောပဲ။ဘယ်နေ့ဘယ်ရက်က
ဘယ်သူ့ရဲ့ ပြောကြားချက်လို့ အကိုးကားပြထားရင်
သူ့ကိုကျေးဇူးတင်ကြောင်း​ပြောတာပဲ။ဒါကြောင့်မို့
သမိုင်းစာမှာ ကျေးဇူးတင်ကြောင်းသီးခြားပြောဖို့
မလိုဘူး။***
ဒေါက်တာသန်းထွန်း


https://www.facebook.com/100027785653688/posts/211333239802863/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမိုင်းလေ့လာသူများသိထားရန်”

Post a Comment

Related Posts Plugin for WordPress, Blogger...