Thursday, February 28, 2019

အာဏာပိုယူရန် ကြံစည်နေသော စစ်ဗိုလ်တွေအကြံ

,
ဖွဲ့စည်းပုံပြင်ဖို့လုပ်နေတော့ စစ်ဗိုလ်လဒတွေနဲ့ ပြည်ခိုင်ဖြိုးက ပြည်နယ်လွှတ်တော်တွေမှာ ဝန်ကြီးချုပ် တိုက်ရိုက်ခန့်ခွင့်ဖြစ်သော ပုဒ်မ (၂၆၁) ပြင်ဆင်ရေးကို ထောက်ခံမယ်လို့ ပြောပါတယ်။

ရုတ်တရက် ကြည့်လိုက်ရင် တိုင်းရင်းသားတွေ လုပ်ပိုင်ခွင့်ပိုရရေး၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက မိမိစိတ်ကြိုက် ဝန်ကြီးချုပ် ခန့်အပ်ရေးကို သူတော်ကောင်း စစ်တပ်က သဘောထား အင်မတန်ကြီးမြင့်စွာနဲ့ အလျော့ပေး လိုက်လျောလိုက်တယ်လို့ထင်စရာပါ။

တကယ်တော့ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်အားလုံးကို စစ်တပ်က အနည်းဆုံးအားဖြင့် လွှမ်းမိုးဖို့နဲ့ အများဆုံးအားဖြင့် စစ်တပ်စိတ်ကြိုက် ခန့်အပ်ဖို့  မကြံကောင်း မစည်ရာ အကြံဆိုး ဖြစ်နေပါတယ်။ အာဏာကို လျော့ပေးရမယ့်အစား ပိုယူမယ့် စစ်ဗိုလ်တွေရဲ့ အကြံယုတ်ဖြစ်တယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ စစ်ဗိုလ်အမတ် တစ်မတ်သား ၂၅%ရှိတော့ ပြည်သူတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာလည်း တစ်မတ်သားလို့ ထင်ကြပေမယ့်။ မဟုတ်ပါဘူး။

တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ အချောင်သမား မိုးကျရွှေကိုယ် စစ်ဗိုလ်က သုံးပုံတစ်ပုံ ၃၃.၃၃% ယူထားပါတယ်။ ဘယ်လောက် လောဘကြီးတဲ့ အချောင်နေ အချောင်စား အချောင်သမား သူခိုးတွေလဲဆိုတာ စဉ်းစားသာ ကြည့်။

၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းကို ကြည့်ကြရအောင်။

၂၀၂၀မှာ NLDက ၂၀၁၅ကဲ့သို့ မဲမပြတ်နိုင်ပဲ မဲပြားသွားမယ်ဆိုတာကို လူတိုင်းသိကြတယ်။ NLD ခေါင်းဆောင်တွေကိုယ်တိုင်လည်း လူသိရှင်ကြား အကြိမ်ကြိမ် ဝန်ခံထားတယ်။ သို့သော် ဆင်ပိန် ကျွဲလောက်ရှိ ဆိုသလို NLDက အတိုင်းအတာ တစ်ရပ်အထိ အမတ်အရွေးခံရအုံးမယ်ဆိုတာကိုလည်း လူတိုင်းသိနေကြပါတယ်။

NLDက အမတ်လျော့သွားမယ်။ တိုင်းရင်းသားနဲ့ အခြားပါတီတွေက အမတ်ဦးရေ တစ်စုံတစ်ရာ တက်လာမယ်။ သို့သော် အလုံးလည်း မလျော့၊ အရပ်လည်း မလျော့တာက နိုင်ငံရေးဓါးပြ လူလည် လူလိမ် စစ်ဗိုလ်တွေဖြစ်တယ်။

လက်ရှိအနေအထားမှာ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ခွင့် ရှိရင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က စစ်တပ် လက်ကိုင်ဒုတ်ဖြစ်သွားမယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမှာ ပါတီအားလုံး မဲပြားသွားရင် တိုင်းနဲ့ပြည်နယ် (၁၄)ခုစလုံးမှာ စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်လက်ပါးစေတွေချည်း အကုန်ဝန်ကြီးချုပ် ဖြစ်ကုန်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတိကြီးကြီးထားပါ။ စစ်တပ်ကို ဘယ်သောအခါမှ လျော့မတွက်နဲ့။ ဘယ်တော့မှလည်း ယုံပြီး ပုံမအပ်နဲ့။

စစ်တပ်ကို ယုံမိလို့၊ စစ်တပ်နဲ့ ပေါင်းမိလို့ နိုင်ငံရေးပဂေးကြီးတွေဖြစ်တဲ့ ဦးကျော်ညိမ်း၊ ဦးဗဆွေက အစ ဝိဒူရ သခင်ချစ်မောင်၊ ဦးသိန်းဖေမြင့်၊ သခင်စိုးတို့အလည်၊ အခု ဒေါ်အောင်ဆန်းစုကြည်အဆုံး အားလုံး ခရုဆံကျွတ် ခံသွားရတာကို မမေ့နဲ့။

တစ်ခါလိမ်ရင် စစ်တပ်အပြစ်။

နှစ်ခါလိမ်ခံရရင် ဒေါ်အောင်ဆန်းစုကြည် အပြစ်။


https://m.facebook.com/story.php?story_fbid=2107094212701772&id=100002036403855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အာဏာပိုယူရန် ကြံစည်နေသော စစ်ဗိုလ်တွေအကြံ”

Post a Comment

Related Posts Plugin for WordPress, Blogger...