Thursday, August 9, 2018

ပြည်သူ့အာဏာ နှစ် ၃၀

,
ရှစ်လေးလုံးနဲ့ပတ်သက်ပြီး အကြီးဆုံးစာရင်းရှင်းစရာတစ်ခုရှိတယ်။ အဲဒါကတော့ ရှစ်လေးလုံးလှုပ်ရှားမှုကြီးဟာ ဆူပူသောင်းကျန်းတဲ့အရေးအခင်းကြီးလို့ နောက်မျိုးဆက်သစ်လူငယ်တွေ အထင်မှားအောင် သိက္ခာချပုံဖျက်ပြောဆိုတဲ့ကိစ္စပဲ။

တကယ်တော့ ရှစ်လေးလုံးလှုပ်ရှားမှုဟာ ကမ္ဘာမှာဖြစ်ပွားခဲ့တဲ့ ကြိုက်တဲ့ လူထုလှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ကြည့်။ ရှစ်လေးလုံးလောက် စည်းကမ်းသေဝပ်တဲ့ လူထုလှုပ်ရှားမှုဆိုတာ အင်မတန်ရှားတယ်။ တစ်နိုင်ငံလုံး မြို့ရော တောပါမကျန်ဖြစ်ပွားတဲ့ ဒီလောက်ကြီးကျယ်တဲ့ လှုပ်ရှားမှုကြီးတစ်ခုမှာ ဒီလောက်စည်းကမ်းသေဝပ်တာမျိုး ဟာ အလွန်ရှားတယ်။

ရန်ကုန်တက္ကသိုလ်နဲ့ အာစီတူးပတ်ဝန်းကျင်မှာ မဆလ အစိုးရက ဗြောင်ထုတ်ပြထားတဲ့ ဇော်ဝမ်းတူးဆိုတဲ့ ထောက်လှမ်းရေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ကျောင်းနယ်မြေတဝိုက်မှာ အရူးယောင်ဆောင်ပြီး လှုပ်ရှားနေတဲ့သူ။ တခါတလေ ရေဒီယိုတလုံးကိုင်ပြီး သတင်းအပို့အယူလုပ်တတ်တယ်။ ကျောင်းထဲမှာ လှုပ်ရှားမှုတွေ ဖြစ်တော့ အစိုးရစက်ရုံတစ်ရုံထဲကို ဝင်လာပြီး တယ်လီဖုန်းအသုံးပြုခွင့်ပေးဖို့ အဲဒီဇော်ဝမ်းတူးက ခွင့်တောင်းတယ်။ စက်ရုံမှူးက စစ်တပ်အရာရှိဟောင်းတယောက်ပါ။ အရူးတစ်ယောက်ကို ဖုန်းဆက်ခွင့်ဘယ်ပေးမလဲ။ ဒါပေမယ့် ဇော်ဝမ်းတူးက ထောက်လှမ်းရေးကဒ်ပြားထုတ်ပြလို့ ခွင့်ပြုလိုက်ရတာကို ကျနော်တို့ ကျောင်းသားတချို့မြင်ခဲ့ကြရတယ်။ အဲဒီဇော်ဝမ်းတူးဟာ တံတားနီဖြစ်စဉ်ရဲ့နောက်တရက် မတ်လ ၁၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ကျောင်းသားတွေ ဆန္ဒပြနေတုန်းလာရှုပ်လို့ ကျောင်းသားတွေက ဖမ်းဆီးစစ်ဆေးခဲ့ကြတယ်။ ကျနော်ကိုယ်တိုင် အဲဒီအချိန်က အာစီရှေ့မှာရှိခဲ့တယ်။ အဲဒီနေ့ကလည်း ထောက်လှမ်းရေးဇော်ဝမ်းတူးကို ပြန်လွှတ်ပေးခဲ့တယ်။ တလောကအထိ ရန်ကုန်ကို ကျနော်ရောက်တော့ လှည်းတန်းဈေးနားမှာ ဇော်ဝမ်းတူးကို တွေ့ခဲ့ရသေးတယ်။ ကျောင်းသားတွေဘက်က ပြည်သူတွေဘက်က အဲသလောက်အထိ စိတ်ရှည်ခဲ့ကြတယ်။

ဒါဆိုရင် ခေါင်းဖြတ်သတ်တာတွေ ဘာလို့ဖြစ်ခဲ့သလဲလို့မေးကြလိမ့်မယ်။ ထောက်လှမ်းရေး ဝင်နှောက်လို့ ဖြစ်ခဲ့တာတွေချည်းပဲ။ တစ်နိုင်ငံလုံးမှာရှိတဲ့ တောရောမြို့ပါလူထုအားလုံးက အစိုးရကို ဖြုတ်ချချင်တဲ့ကိစ္စ၊ နုတ်ထွက်ခိုင်းနေတယ်ဆိုတဲ့ကိစ္စဟာ အစိုးရတရပ်အတွက် သိပ်ကိုတုန်လှုပ်စရာကောင်းတယ်။ သူတို့တုန်လည်း တုန်လှုပ်ခဲ့ကြတယ်။ အဲသလိုဖြစ်နေတဲ့ အချိန်မှာ လူထုလှုပ်ရှားမှုကို အသရေဖျက်ဖို့၊ သိက္ခာချဖို့၊ လမ်းလွဲရောက်ဖို့အတွက် ထောက်လှမ်းရေးနည်းအသုံးပြုပြီး သူလျှိုသူလန်ထည့်သွင်း လှုံ့ဆော် ခဲ့တယ်။ အဲဒီတုန်းက ခင်ညွန့်နာမည်နဲ့ ထုတ်ခဲ့တဲ့ စာရွက်တစ်ရွက်ကို အခုတွဲတင်ပေးလိုက်ပါတယ်။ အဲဒီစာရွက်ဟာ အစစ်လား အတုလားဆိုတဲ့ အငြင်းပွားမှုမျိုးကို ကြားခဲ့ကြရတယ်။ ဒါပေမယ့် ဗိုလ်ခင်ညွန့် လည်း ထွက်မရှင်းရဲဘူး။ အသာငြိမ်နေတယ်။ ထောက်လှမ်းရေးကလည်း ထွက်မရှင်းရဲဘူး။ အသာငြိမ်နေတယ်။ ရိုးလွန်း၊ တုံးလွန်းတဲ့ အတိုက်အခံနိုင်ငံရေးသမားတစ်ချို့ကသာ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်ပြီး အကျိုးမဲ့ငြင်းခုံနေကြတာတွေ့ရတယ်။ အဲဒီစာရွက် အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် အဲဒီတုန်းက လုပ်ရပ်တွေဟာ ထောက်လှမ်းရေးလုပ်ရပ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ နိုင်ငံရေး အတွေ့အကြုံရှိသူတွေ၊ ထောက်လှမ်းရေးလုပ်နည်းလုပ်ဟန်ကို သိတဲ့ နိုင်ငံတကာကလူတွေဆိုရင် ဒါဟာ ထောက်လှမ်းရေးလက်ချက်ပဲ ဆိုတာ ဒက်ကနဲတန်းသိတယ်။ ဒါမျိုးဟာ ထောက်လှမ်းရေး သင်တန်းတွေမှာ ပါနေကျ လုပ်ငန်းစဉ်တခုပဲ။ ဗိုလ်ခင်ညွန့်တို့၊ မျက်မှန်တင်ဦးတို့တတွေကို အစ္စရေးက သင်တန်းပေးတဲ့ အထဲမှာ ပါပြီးသားတွေပဲ။ အခုလာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဆိုရင်လည်း ဖျက်စီးဖြိုခွဲရေး လုပ်ကြံရေး သင်တန်းပေးတဲ့ ဖို့ဘန်းနင်းက School of America သင်တန်းတက်လာတဲ့သူပဲ။ အဲဒီသင်တန်းမှာလည်း လူထုအုံကြွမှုကို သပ်လျှိုဖြိုခွဲနည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်နည်းတွေ သင်တန်းပေးတယ်။ အဲဒီကျောင်းကို လူ့အခွင့်အရေးသမားတွေက လူသတ်သင်တန်းကျောင်း School of Assassin လို့ခေါ်ကြတယ်။ ဆိုလိုချင်တာက ဒါမျိုးဟာ ထောက်လှမ်းရေးလုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေဆိုတာပဲ။ ဒါကိုထောက်လှမ်းရေးစကားမှာ အေးဂျင့်ပရိုဗိုကေးတား agent provocateur လို့ခေါ်တယ်။ လူထုကြားထဲရောနှောဝင်ရောက်ပြီး အကြမ်းဖက်ရက်စက်တဲ့ အလုပ်တွေ လုပ်အောင် သွေးထိုးလှုံ့ဆော်တဲ့လုပ်ငန်းပဲ။

အဲဒီတုန်းက ရှစ်လေးလုံးလူထုလှုပ်ရှားမှုကာလကြီးမှာ လူအများအပြားဟာ ငတ်ပြတ်နေကြပြီ။ အဲသလို ငတ်နေကြပေမယ့် အလွန်အံ့သြစရာကောင်းလောက်အောင် စိတ်ရှည်သည်းခံခဲ့ကြတယ်။ အဲဒီကာလကို ဖြတ်သန်းခဲ့ဖူးသူတွေ သိကြတယ်။ မြို့တိုင်းရွာတိုင်းမှာ အစိုးရအုပ်ချုပ်ရေး မရှိတော့ဘူး။ သပိတ်ကော်မတီတွေက အုပ်ချုပ်ကြတယ်။ အဲသလို အချိန်မျိုးမှာ လူတွေဟာ ပြောင်းဖူးစေ့ပြုတ်၊ ပဲကတ္တီပါပြုတ်စားပြီး သည်းခံခဲ့ကြတယ်။ သပိတ်ကော်မတီတွေရဲ့ လက်ထက်မှာ လုယက်ဖောက်ထွင်းတာတွေ မရှိခဲ့ဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တော့မှ လုယက်ဖောက်ထွင်းမှုတွေဟာ ဝုန်းကနဲ အုံကြွ ထွက်ပေါ်လာခဲ့ကြတယ်။ အဲဒီအချိန်မှာလည်း အေးဂျင့်ပရိုဗိုကေးတားလုပ်ရပ်ကို ရန်ကုန်မှာ စနစ်တကျ လုပ်သွားတာကို လူတွေသိမြင်ခဲ့ကြရတယ်။ ပိတ်ထားတဲ့ ကုန်လှောင်ရုံတွေ ဂိုဒေါင်တွေကို စစ်သားတွေက ဖွင့်ပြီး ယူပြကြတယ်။ အဲသလိုယူပြီး ဂိုဒေါင်တွေကို ဖွင့်ထားရစ်ခဲ့ကြတယ်။ အဲဒီဖွင့်ထားတဲ့ ဂိုဒေါင်တွေထဲက ပစ္စည်းတွေကို လူတွေက ဝင်ယူတော့ စစ်တပ်က စောင့်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ဒါဟာ အေးဂျင့်ပရိုဗိုကေးတား လုပ်ရပ်ပဲ။

အဲသလို လုပ်ရပ်တွေကို စစ်အာဏာရှင်တွေက စနစ်တကျစီစဉ်ညွှန်ကြားဖန်တီးပြီးကာမှ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဆူပူသောင်းကျန်းတဲ့လုပ်ရပ်ကြီးပါလို့ နှစ်ပေါင်း ၃၀ လုံးလုံး ရုပ်မြင်သံကြားတွေကနေ သိက္ခာချ ဝါဒဖြန့်ခဲ့တယ်။ လိမ်ခဲ့တယ်။ မွေးကတည်းက အဲသလို လိမ်ညာပြောဆိုတာကို နေ့တိုင်းကြားခဲ့ကြရတဲ့ အခုနောက်မျိုးဆက်လူငယ်တချို့ဟာ ရှစ်လေးလုံးဆိုတာ အင်မတန်ရက်စက်တဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုကြီးပဲ၊ ဆူပူသောင်းကျန်းမှုကြီးပဲလို့ ထင်ကုန်တယ်။

တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဧရာမလူထုလှုပ်ရှားမှုကြီးနဲ့စာရင် ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ်ဟာ ရန်ကုန်ကွက်ကွက်လေးမှာ အနည်းအကျဉ်းလောက်သာဖြစ်ခဲ့တယ်။ လုယက်မှုဆိုတာကလည်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ကွက်တိလေးမှာသာ ကာလတိုကလေးလောက်ပဲ ဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာ အစိုးရမရှိတာ တစ်လလောက်ကြာခဲ့တယ်။ တစ်လလောက်ကြာအောင် ပြည်သူ့အာဏာထွန်းကားပေါ်ပေါက်ခဲ့တယ်လို့ ပြောနိုင်တယ်။ အဲသလို ပြည်သူ့အာဏာ ထွန်းကားပေါ်ပေါက်ခဲ့တဲ့ တစ်လတာ ကာလအတွင်းမှာ ပြည်သူလူထုကြီးဟာ အင်မတန် စည်းကမ်းသေဝပ်ခဲ့တယ်။ ရှစ်လေးလုံးဟာ ကမ္ဘာမှာ စည်းကမ်းအရှိဆုံးလူထုလှုပ်ရှားမှုကြီး တစ်ခုဖြစ်တယ်။ ရှစ်လေးလုံးနဲ့ပတ်သက်ပြီး စစ်အာဏာရှင်တွေရဲ့ လိမ်ညာသိက္ခာချမှုကို ကျနော်တို့လူထုနည်းနဲ့ ဖြေရှင်းတင်ပြဖို့လိုတယ်။ ရှစ်လေးလုံးကို ဖြတ်သန်းခဲ့တဲ့ လူကြီးတွေအားလုံးအတွက် ဒါဟာ ပြောစရာမလိုတဲ့ ကိစ္စဖြစ်ပေမယ့် နောက်မျိုးဆက်လူငယ်တွေ နားလည်အောင် ရှင်းပြရမယ့် တာဝန်ဟာ ရှစ်လေးလုံးမျိုးဆက်မှာ တာဝန်ရှိတယ်။ ရှစ်လေးလုံးကို သရဲတစ္ဆေကြီးလိုပုံဖော်ပြီး လူငယ်တွေ ကြောက်အောင် ခြောက်လှန့်နေတာတွေကို တိုက်ဖျက်ချေချွတ်ပေးရေးဟာ ရှစ်လေးလုံးမျိုးဆက်ရဲ့ တာဝန်ဖြစ်တယ်။

ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး နောက်ထပ်စာရင်းရှင်းစရာ တခုကတော့ ဒေါက်တာမောင်မောင်က ရွေးကောက်ပွဲလုပ်ပေးပါမယ်ပြောတုန်းကသာ သပိတ်လှန်ပြီး ရွေးကောက်ပွဲလုပ်ဖို့ သဘောတူလိုက်ရင် စစ်တပ်လည်း အာဏာသိမ်းတာတွေ ဖြစ်မှာ မဟုတ်ဘူး၊ လူတွေလည်း ဒီလောက်များများစားစား သေမှာမဟုတ်ဘူးလို့ ပြောတဲ့ ဂျင်းတခုပဲ။ ဒီစကားကိုယုံတဲ့သူဟာ တစ်တုံးစားလို့ မစင်မှန်းမသိတဲ့သူမျိုးပဲ။ ဒီစကားမျိုးကို ဗဟုတို့၊ အီးဂရက်စ်တို့၊ ကျော်ဝင်းအုပ်စု၊ ခင်ဇော်ဝင်း အုပ်စုတို့ အင်မတန်ပြောလေ့ရှိတယ်။ အခုလောလောဆယ်ဆိုရင် မင်းဇော်ဦးနဲ့ ပြန်ဝန်ဟောင်းဗိုလ်ရဲထွဋ်တို့ပြောတာကြားလိုက်ရတယ်။ အင်မတန်စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လိမ်ညာလှည့်ဖျားမှုမျိုးဖြစ်ပါတယ်။ အဲဒီတုန်းက ဒေါက်တာမောင်မောင်ပြောတာဟာ အရှိန်တက်နေတဲ့ လူထုလှုပ်ရှားမှုကို သပိတ်လှန်ခိုင်းဖို့အတွက် လိမ်ညာ လှည့်စားတာသက်သက်ပဲ ဆိုတာ လူထုကသိခဲ့တယ်။ ရွေးကောက်ပွဲကို စေတနာသန့်သန့်နဲ့ လုပ်ချင်ရင် သူတို့လုပ်ပေးမှ မဟုတ်ဘူး။ လူထုကိုယ်တိုင် လုပ်လို့ ရတယ်ဆိုတာကို လူထုကသိတယ်။ အဲဒါကြောင့် ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ဘူး။ အဲဒါကို အခုအချိန်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ကျောင်းသားတွေက ခေါင်းမာခဲ့လို့ အခွင့်ကောင်း တစ်ခုဆုံးရှုံးခဲ့သလိုပြောနေကြတယ်။ အဲသလိုပြောနေကြသူတွေဟာ ၉၀ ရွေးကောက်ပွဲကျင်းပပြီး အာဏာမအပ်ဘဲ စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာ မျက်နှာပြောင်တိုက် အုပ်ချုပ်ခဲ့တာကို မေ့နေပုံရတယ်။ ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာမအပ်ခဲ့ပေမယ့် ဒေါက်တာမောင်မောင် လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကြီးကတော့ အင်မတန်သန့်ရှင်းစင်ကြယ်လွတ်လပ်မယ့် ရွေးကောက်ပွဲကြီး ဖြစ်ပြီး အဲဒီရွေးကောက်ပွဲကြီးကို လက်လွတ်ခဲ့ရတာ နာလိုက်လေခြင်း၊ အဲဒီတုန်းက လက်မခံခဲ့ကြတဲ့သူတွေဟာ မိုက်မဲလေခြင်းဆိုပြီး ငိုချင်းရှည်ကြီးချပြနေတာဟာ စက်ဆုပ်ရွံရှာစရာကောင်းတယ်။ ၉၀  ရွေးကောက်ပွဲမှာ တစ်တုံးစားလိုက်ရတာတောင်၊ ဒေါက်တာမောင်မောင် ကျွေးတုန်းက မစားလိုက်ရလို့ဆိုပြီး သူတို့ဝမ်းနည်းပြနေပုံဟာ ငိုအားထက် ရယ်အားသန်ရတဲ့ အဖြစ်အပျက်မျိုးပါပဲ။

ရှစ်လေးလုံးအရေးတော်ပုံကာလဟာ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူ့အာဏာတစ်လတာ ပေါ်ထွန်းခဲ့ဖူးတဲ့ တစ်ခုတည်းသောကာလဖြစ်တယ်။ စနစ်တကျ စီမံခန့်ခွဲခွင့်မရလိုက်တဲ့ ပြည်သူ့အာဏာတစ်လတာ ဖြစ်တယ်။ မဟုတ်တာမမှန်တာမတရားတာကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်ကို ထင်ထင်ရှားရှားပြတ်ပြတ်သားသားဖော်ပြခဲ့တဲ့ အတွက် နောင်မျိုးဆက်အဆက်ဆက်အထိ ဂုဏ်ယူသွားရမယ့် လူထုအရေးတော်ပုံကြီးဖြစ်တယ်။ စည်းကမ်းသေဝပ်မှု၊ စိတ်ရှည်သည်းခံမှုအတွက် စံနမူနာထားထိုက်တဲ့ လူထုအရေးတော်ပုံကြီးဖြစ်တယ်။ ရှစ်လေးလုံးဟာ စစ်အာဏာရှင်တွေ ဝါဒဖြန့်ထားသလို သရဲတစ္ဆေကြီး မဟုတ်ဘူး။

ရှစ်လေးလုံးကို ကျနော်တို့ အလေးပြုကြရမယ်။ ရှစ်လေးလုံးလို ဂုဏ်သိက္ခာကြီးမြတ်တဲ့ အရေးတော်ပုံကြီး ထပ်မံပေါ်ထွန်းလာဖို့ ဆင်းရဲသားပြည်သူလူထုကြီးတစ်ရပ်လုံးက စည်းရုံးလှုပ်ရှားကြရမယ်။

ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း


https://m.facebook.com/story.php?story_fbid=1634552196653225&id=100002953801365

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်သူ့အာဏာ နှစ် ၃၀”

Post a Comment

Related Posts Plugin for WordPress, Blogger...