Monday, February 19, 2018

တရားရုံးတွင် ဇေယျာဖြိုး ဖြန့်ဝေခဲ့သည့် စာရွက်နှစ်ရွက်မှာ ထောင်မှယူဆောင်လာခြင်း မဟုတ်ဟု ထောင်ပိုင်ကြီးပြောကြား

,
The Voice
BurmaDemocracy, 19 February 2018
ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုရင်ဆိုင်နေရသော ဇေယျာဖြိုးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တရားခွင်အပြီး အချုပ်ကားပေါ်သို့အတက် တရားရုံးဝင်း၌ မီဒီယာများထံ ဖြန့်ဝေခဲ့သည့် စာရွက်နှစ်ရွက်သည် ထောင်မှယူဆောင်လာခြင်း မဟုတ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးမျိုးဦးက ပြောဆိုသည်။

“ထောင်မှာ အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်စစ်ဆေးထားပါတယ်။ အခုလိုစာရွက်မျိုး ထောင်ထဲကနေ အပြင်ကို လုံးဝထုတ်ယူသွားလို့ မရပါဘူး”ဟု ထောင်ပိုင်ကြီး ဦးမျိုးဦးက ဆက်လက်ပြောကြားသည်။

မင်နီဖြင့်ရေးသားထားသည့် အဆိုပါစာရွက်နှစ်ရွက်တွင် ဇေယျာဖြိုးမှ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတွင် ၎င်းမပါဝင်ကြောင်းနှင့် အမှုစွဲချက်အမိန့်ချခါနီးတွင် ကျွန်တော်မပြောခဲ့သည့် “ထမင်း ဝအောင်စားထား”ဟု ခြိမ်းခြောက်စကားကို ပြောသည်ဟု ပြဿနာတက်အောင် ရန်တိုက်ပေးခံရခြင်း၊ “ထမင်းဝအောင် စားထား” စာတန်းပါ တီရှပ်ဝတ်လာသူများက တရားရုံးမှာ ပွဲဆူအောင်ပြုလုပ်ခြင်း၊ ယင်းအမှုမှ တရားရုံး၏ တရားဝင်ထုတ်ပြန်ပေးသည့် စစ်ဆေးပေါ်ပေါက်ချက် မှတ်တမ်းမိတ္တူကို ရအောင် ဖတ်ရှုစေလိုခြင်းများပါသည့် စာများကို ရေးသားထားသည်။

“ရုံးချိန်းပြီးလို့ ရဲကားနဲ့ အင်းစိန်ထောင်အပြန်မှာ ဇေယျာဖြိုးက ဒီစာရွက်တွေကို ကားပေါ်ကနေ ပစ်ချပေးခဲ့တာလို့ မီဒီယာတွေဆီက သိရတယ်။ မိတ္တူကူးထားတဲ့ ဒီစာရွက်နှစ်ရွက်ကိုလည်း ကျွန်တော်ဖတ်ပြီးပါပြီ။ အချုပ်သားတစ်ယောက်က ဒီစာရွက်မျိုး အပြင်ယူလာလို့မရဘူး။ အကယ်လို့ ယူခွင့်ရရင်တောင် ထောင်အာဏာပိုင်ရဲ့ ခွင့်ပြုမိန့် လက်မှတ်ပါရမယ်။ ဒါက ဥပဒေအပေါ် မထီမဲ့မြင်ပြုလုပ်တာ။ ဒီကိစ္စကို လာမယ့်ရုံးချိန်းမှာ တရားသူကြီးထံ တင်ပြသွားမယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယင်းအပြင် အဆိုပါစာရွက်နှစ်ရွက်ကို ဇေယျာဖြိုးမှ အခြားသူတစ်ဦးကို ရေးခိုင်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်း၏ အကျိုးဆောင်ရှေ့နေကမူ ယင်းကိစ္စကို ၎င်းမသိရှိကြောင်း ပြောကြားသည်။

“ဒီစာက သူ့ခံစားချက်ကို သူ ရေးထားတာပါ။ သူရေးချင်တဲ့နေရာမှာ ရေးခဲ့တာလည်း ဖြစ်နိုင်မယ်။ ကျွန်မရဲ့တာဝန်က တရားခွင်မှာ အမှုစစ်ဆေးချိန် လိုက်ပါဆောင်ရွက်ရတာပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

တရားရုံးဝင်းတွင် ဖြန့်ဝေခဲ့သည့် ယင်းစာရွက်များနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများထွက်ပေါ်ကာ ဇေယျာဖြိုးအပါအဝင် ဖမ်းဆီးထားသူ လေးဦးကို အားပေးထောက်ခံသည့် ပုံသဏ္ဍန်၊ တရားစီရင်ရေးအပေါ် ခြိမ်းခြောက်သည့် ပုံသဏ္ဍန် သက်ရောက်စေသည့် “ထမင်းဝအောင် စားထား” စာတမ်းပါ တီရှပ်အင်္ကျီဝတ် အမျိုးသားလေးဦးကို ဖမ်းဝရမ်းထုတ်ထားပြီး လုံခြုံသည့် ခရိုင်တရားရုံးတစ်ခုခုတွင် ယင်းအမှုအား ပြောင်းရွှေ့စစ်ဆေးပေးရန် ရှေ့နေရောဘတ်စန်းအောင်က နိုင်ငံတော်သမ္မတရုံး အပါအဝင် သက်ဆိုင်ရာဝန်ကြီးရုံးများထံသို့ စာတင်ပြထားသည်။

http://thevoicemyanmar.com/news/17527-zay
crd

#ခရီးသည်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားရုံးတွင် ဇေယျာဖြိုး ဖြန့်ဝေခဲ့သည့် စာရွက်နှစ်ရွက်မှာ ထောင်မှယူဆောင်လာခြင်း မဟုတ်ဟု ထောင်ပိုင်ကြီးပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...