Wednesday, December 25, 2013

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး

,
မြန်အောင်မြို့နှင့် ကနောင်မြို့တို့ရှိ ကမ်းပြိုကမ်းစား နေရာများ ပြုပြင်ပေးရေး၊ သပြေကုန်းရွာနှင့် ငပိဆိပ်ရွာ များတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက် ပေးရေးတို့ကို ပြည်သူများက တင်ပြခဲ့မှုအပေါ် တိုင်းလွှတ်တော် ဥက္ကဋ္ဌက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဟု ပြောကြားခဲ့ပြီး ဖြစ်သော်လည်း မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းက အခြေခံ အချက်အလက်များကို တင်ပြ၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ အနေနှင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်မည် မဟုတ်ပါကြောင်း ပြောဆိုတင်ပြခဲ့၍ တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြင်းထန်စွာ သတိပေးခဲ့ရကြောင်း ဒေသခံ များက ပြောကြားသည်။

"ပြည်သူတွေရဲ့ အသံကိုနားထောင် ဖို့လာတာပါ။ အစည်းအဝေးတွေမှာ ဘယ်သူ မတက်ရဘူး၊ ဘာမပြောရဘူး ဆိုတဲ့ ကန့်သတ်ချက်တွေ လုပ်ထားကြတော့ ပြည်သူတွေရဲ့ အသံနဲ့ ဆန္ဒတွေကို ကျွန်တော်တို့ သိခွင့် မရနိုင်တော့ဘူး၊ တချို့နေရာ တွေမှာဆို ကျွန်တော်တို့ ပြန်သွားရင် တင်ပြ ပြောဆိုခဲ့ကြတဲ့ ပြည်သူတွေကိုခေါ်ပြီး ခြိမ်းခြောက်မှုတွေ တောင်ရှိတယ်လို့ ကြားနေရတယ်" ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး က အဆိုပါတွေ့ဆုံပွဲတွင် ဆိုသည်။

နိုဝင်ဘာလ နောက်ဆုံးပတ်က ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ၌ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူ များ တွေ့ဆုံ ဆွေးနွေးပွဲတွင် သိမ်းဆည်းခံ အုန်းခြံမြေ ပြန်လည် ရယူလိုကြောင်း တင်ပြခဲ့သည့် မဇာခြည်ဖြိုးကို မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ထွေ/အုပ်ရုံးသို့ ခေါ်ယူဆူပူ ကြိမ်းမောင်းခဲ့ပြီး သိမ်းထားတဲ့ အုန်းခြံကို လန-၃၉ ကျပြီးဖြစ်၍ ပြန်မပေးနိုင်၊ တိုင်ချင်ရာ တိုင်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ငပုတောမြို့နယ် ဒေသခံ အချို့ထံမှ စုံစမ်း သိရှိရသည်။

"ပြည်သူ့အသံ လွှတ်တော်အသံတဲ့၊ ပြည်သူ့အသံကို အမှန် မကြားနိုင်အောင် လုပ်နေမှတော့ ပြည်သူတွေရဲ့မျှော်လင့် ချက်တွေကို လွှတ်တော်က ဖော်ဆောင်ဖို့ ဆိုတာ အလှမ်းဝေးနေဦးမှာပါ" ဟု ပုသိမ် ခရိုင်မှ နိုင်ငံရေးပါတီဝင် ရှေ့နေတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

The Voice Weekly

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး ”

Post a Comment

Related Posts Plugin for WordPress, Blogger...