၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော် ပက်လက်လန်သွားတယ်။
အမှန်အတိုင်းပြောတာ။ တိုင်းပြည်က ဖြစ်မှ ဖြစ်ပါ့မလား။
ဒေါ်အောင်ဆန်းစုကြည် လိမ္မာရင်တော့ နိုင်ငံတော်တိုးတက်မှာပဲ။ မလိမ္မာရင်တော့ ဒုက္ခရောက်လိမ့်မယ် ...
အွန်လိုင်းဝဏ္ဏ
၂ဝ၁၅ ရွေးကောက်ပွဲတွင် ဒိုင်လူကြီးတာဝန်ကျေပွန်ခဲ့သူ။ တပ်မတော်တွင် ၄၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်ချက်မရှိခဲ့သူ။ ၂ဝဝ၁ မှ ၂ဝ၁ဝ ထိ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲအတွေ့အကြုံ၊ သူ့ဖြတ်သန်းမှုအချို့ကို မေးမြန်းခွင့် ရခဲ့သည်။ မေးခွန်းများကိုလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။
အထူးသဖြင့် ၂ဝ၁ဝ မှ ၂ဝ၁၅ ကြား အစိုးရနှင့် လွှတ်တော်၊ ပါတီ ထိပ်တိုက်တွေ့မှုများကို ထဲထဲဝင်ဝင်သိခဲ့သူတစ်ဦးက ယနေ့အချိန်တွင် ပြောသင့်ပြောထိုက် သည်များကို ပြောသွားသည်။ 'ကိုဝဏ္ဏလည်း ချင့်ချိန်ရေးပေါ့ဗျာ'ဟု လူကြီးက မိမိအား သတိပေးသည်။ ကျွန်တော်လည်း ဖော်ပြသင့် ဖော်ပြထိုက်သည်များကိုသာ မိမိဘာသာ ဆင်ဆာလုပ်ပြီး ပရိသတ်သို့ ပြန်လည်ဖောက်သည်ချလိုက်ပါသည်။
TPN ။ ။ ၂ဝ၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ရောက်ရှိလာအောင် သမ္မတဦးသိန်းစိန်နဲ့ အန်ကယ်ဦးတင်အေးတို့ လုပ်ဆောင်ခဲ့ကြပုံကို အသေး စိတ် ပြန်ပြောပြပါဦး။
UTA ။ ။ ကျွန်တော်က အဲဒီအချိန်တုန်းက စင်ကာပူ ကို သွားဖို့ရှိတယ်။ စင်ကာပူမှာ ကျွန်တော် နှလုံးစက် သွားထည့်ရမယ်။ အဲဒီကိစ္စကို ကျွန်တော်က သမ္မတကို သွားသတင်းပို့တယ်။ အဲဒီအချိန်မှာ သမ္မတဦးသိန်းစိန်က ကျွန်တော့်ကိုပြောတယ်။ ''ကိုတင်အေး၊ ဒေါ်အောင်ဆန်း စုကြည်က ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုပြီး စာရေးတယ်။ တွေ့ဖို့ သင့်မသင့် ကျွန်တော့်ဆီကအကြံတောင်းတယ်။ ကျွန်တော်က တွေ့ဖို့ အကြံပြုလိုက်ပါတယ်''။ အဲဒီနောက် ကျွန်တော်က စင်ကာပူထွက်သွားတယ်။ စင်ကာပူက ဆေးကုပြီး ပြန်လာတဲ့အခါကျတော့ ကျွန်တော်က သမ္မတကိုသွားသတင်းပို့ပါတယ်။ အဲဒီအချိန်မှာ ကျွန် တော်က သမ္မတကိုမေးလိုက်ပါတယ်။ ''ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အချိန်မှာ ဘာတွေပြောသလဲ''။ သမ္မတ ဦးသိန်းစိန်က ပါတီထောင်ဖို့ ငါကပြောလိုက်တယ်။ အဲဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ''ပါတီတော့ မထောင် နိုင်ဘူးလို့ ပြန်ပြောတယ်။ ပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ပါတီဝင်တွေက ထောင်ကျသူ မဖြစ်စေရဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ကျန်တဲ့အချက်တွေလည်း ရှိသေးတယ်။ အဲဒီအချက်တွေကြောင့် ထောင်ထဲမှာရှိတဲ့ ကျွန်မ ရဲဘော်တွေကို သစ္စာဖောက်ပြီး ပါတီမထောင်နိုင်ဘူး''လို့ ဒေါ် အောင်ဆန်းစုကြည်ပြောတာကို သမ္မတက ကျွန်တော့်ကို ပြန်ပြောတယ်။ ကျွန်တော်က ''ပါတီမှတ်ပုံတင်ခြင်း ဥပဒေမှာ ပါတီဝင်တွေ ထောင်ကျသည်ဖြစ်စေ၊ ထောင် မကျသည်ဖြစ်စေ ပါတီဝင်ဖြစ်စေရမည်''လို့ ဥပဒေပြင်ဆင်ခွင့်ပြုဖို့ လွှတ်တော်သို့ တင်ပြပေးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒါပြင်ပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီထောင်တယ်။ ပါတီထောင်တော့လည်း မှတ်ပုံ တင်တာ ကျွန်တော့်ဆီမှာတင်တာ။ ကျွန်တော်ပဲ မြန်မြန် ဆန်ဆန် စိစစ်ပြီး တင်ပေးလိုက်တယ်။ အဆင့်ဆင့်ကြားထဲမှာ လုပ်ဆောင်ချက်တွေလည်းရှိပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ပါတီမှတ်ပုံတင်ပြီး မကြာခင်မှာပဲ ကျွန်တော် ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ပေးလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစု ကြည်တို့ လွှတ်တော်ထဲ ရောက်လာပါတယ်။
ကျွန်တော့်ဆန္ဒကတော့ သူ့ရဲ့အားကို နားလည်ပါတယ်။ သူက Icon ဖြစ်တယ်။ International Image ရှိတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ သူနဲ့ ပေါင်းလုပ်ပြီးတော့ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက် သွားအောင် ကျွန်တော်တို့ဖွင့်ပေးလိုက်တာပါ။ လွှတ်တော်ထဲရောက်အောင်၊ ပါတီထောင်လို့ရအောင် ကျွန်တော် ဆောင်ရွက်ပေးခဲ့ပါတယ်။
TPN ။ ။ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးမယ်လို့ အန်ကယ်ကမီဒီယာ တွေကိုပြောခဲ့တယ်။ ထပ်တလဲလဲကိုပြောခဲ့တယ်။ အဲဒီ အချိန်တုန်းက အန်ကယ်ဘယ်လောက်ပဲပြောပြော လူ တွေက အယုံအကြည်မရှိခဲ့ဘူး။ ဒါပေမယ့် ၂ဝ၁၅ ရွေး ကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ အန်ကယ်လုပ် ပေးခဲ့တာ သက်သေပဲ။ NLD ပါတီက ရွေးကောက်ပွဲ နိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ လုပ်ပေးမယ်လို့ပြောခဲ့တဲ့သူ တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲအသံကြားတိုင်း ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ အမှတ်တရက ဘာဖြစ်မလဲ။
UTA ။ ။ ''အား..။'' တိုင်းပြည်မှာ ရွေးကောက်ပွဲ သိပ် အရေးကြီးတယ်နော်...။ သိပ်ကို အရေးကြီးပါ တယ်။ ကျွန်တော်လေ ကျွန်တော် လုပ်ခဲ့သမျှအလုပ်ထဲ မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလုပ်ရတာ တော်တော် အားရတယ်။ ငါ တိုင်းပြည်ကို ကျေကျေပွန်ပွန်ဆောင် ရွက်ပေးခဲ့တယ်ဆိုတာကို အားရတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ(၄)မှာ ''နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ် ဝန်းလုံး၌ တည်သည်။'' လူထုလက်ထဲက အချုပ်အခြာ အာဏာ နိုင်ငံတော်ကိုပျံ့နှံ့တာ ဘယ်နည်းနဲ့ပျံ့နှံ့မလဲ။ ရွေးကောက်ပွဲနည်းနဲ့ပဲ ပျံ့နှံ့တာပဲလေ။ လူထုက သူ့ရဲ့ လက်ထဲမှာ အချုပ်အခြာအာဏာရှိတယ်။ ရော့.. မင်း လွှတ်တော်ကိုယ်စားလှယ်လုပ်လိုက်။ ခင်ဗျားကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲထည့် ပေးလိုက်တယ်။ ခင်ဗျားလွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး လွှတ်တော်ထဲရောက်လာတယ်။ အဲဒီအချိန်မှာ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ဒီအာဏာ ကျင့်သုံးတော့တာပဲ။ ကျွန်တော် ကော်မရှင်ဥက္ကဋ္ဌလုပ်ရဖို့ ဘယ်လိုမှ ရည်ရွယ်ချက်မရှိဘူး။ ဗိုလ်ချုပ်မှူးကြီး တာ ဝန် ပေးပြီးနောက်ပိုင်းမှာ ကော်မရှင်ဥက္ကဋ္ဌလုပ်ဖို့ ကျွန် တော်လွှတ်တော်ထဲကထွက်ခဲ့တယ်။ လွှတ်တော်ကိုယ် စားလှယ်က ထွက်ခဲ့တယ်။ ပါတီဝင်အဖြစ်က ထွက်ခဲ့ တယ်။ ကျွန်တော်အလုပ်လုပ်တာ ကြာလာတော့ ဘာ သွားတွေ့လဲဆိုတော့ အဖွဲ့အစည်းတစ်ခုက Free & Fair မဖြစ်ရင် စည်းလုံးညီညွတ်မှုက တော်တော်လေး ထိခိုက်တယ်။ ကျွန်တော်က ညစ်ပြီးတော့ အစိုးရ ဖွဲ့ပေးလိုက်မယ်။ အဲဒီနောက်ပိုင်း လူထုက အစိုးရကို ဝေဖန်ကြမယ်။ မဲခိုးတက်လာတဲ့ပါတီ၊ အစိုးရလို့ လူ ထုကပြောကြမယ်။ ကျွန်တော်က ဒီလိုလည်းအဖြစ်မခံ နိုင်ဘူး။ ကျွန်တော်က နိုင်ငံတော်ကို တည်ငြိမ်စေချင် တယ်။
ဒီနေ့ အချို့အချက်တွေက လက်ခံနိုင်စရာမရှိ ဘူး။ ဒါပေမယ့် ဒီနေ့အခြေအနေတွေမှာ လူထုက ငြိမ်နေတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွေး ထားတာကိုးဗျ။ သူတို့ရွေးထားလို့ ငြိမ်နေတာကိုးဗျ။ ဒါကလည်း ကျွန်တော်က Free & Fair ဖြစ်အောင် လုပ်ပေးထားခဲ့လို့ပေါ့ဗျ။ Free & Fair သာမဖြစ်ရင် ပြဿနာ တော်တော်တက်မယ်။ ကျွန်တော်လည်း အဆဲခံရမယ်။ မင်း ညစ်ပေးလို့ တိုင်းပြည်ဒုက္ခရောက် နေပြီ။ ကျွန်တော် ဒီလိုလည်းအဆဲခံရမယ်။ ဒါကိုလည်း ကျွန်တော်သိတယ်။ သိတဲ့အတွက်ကြောင့် ကျွန်တော် Free & Fair ဖြစ်အောင် လုပ်ပေးခဲ့တယ်။ သို့သော် လည်း ကျွန်တော်က ဗိုလ်ချုပ်ကလာတဲ့အတွက်ကြောင့် ဘယ်သူမှ လက်မခံဘူးဆိုတာ ကျွန်တော်သိတယ်။ အဲဒီအချိန်က မီဒီယာတွေ ကျွန်တော့်ကို တွယ်နေ တာလည်း သိတယ်။ ကျွန်တော် အပြစ်မမြင်ပါဘူး။ သူတို့ ကျွန်တော့်အပေါ် မယုံသင်္ကာဖြစ်နေတယ်ဆို တာလည်း ကျွန်တော်သိတယ်။ အဲဒီမှာ ကျွန်တော်က မင်းတို့ယုံအောင် လုပ်ပြမယ်ဆိုပြီးတော့ ကျွန်တော် ဘာစလုပ်လဲဆိုတော့ CSO တွေကို ကျွန်တော်တွေ့ တယ်။ ကျွန်တော့်လက်ထက်မှာ မီဒီယာတွေ၊ CSO တွေ၊ နိုင်ငံရေးပါတီတွေကို တစ်လတစ်ခါ၊ နှစ်လတစ်ခါ လောက်တွေ့ခဲ့ပါတယ်။ CSO တွေကို တွေ့တဲ့အခါမှာ မင်းတို့က Observe လုပ်ရမယ်။ ရွေးကောက်ပွဲမှာ Free & Fair ဖြစ်ကြောင်း မင်းတို့က Checks and balances လုပ်ရမယ်။ ကျွန်တော်အစောကြီးကတည်း က လုပ်ခဲ့တယ်။ ကျွန်တော့်ကို မယုံဘူးဆိုတာလည်း ကျွန်တော်သိတယ်။ သို့သော်လည်း ငါ Free & Fair ဖြစ်အောင် လုပ်ကို လုပ်မယ်ဆိုပြီး လုပ်တာ။
အဲဒီမှာ ကောင်းသွားတာက ဂျင်မီကာတာကြီး လာသွားတယ်။ ဂျင်မီကာတာက Observe Team လွှတ်ချင်တယ်လို့ ကျွန်တော့်ကို ပြောတယ်။ ငါလက် ခံတယ်လို့ ပြောလိုက်တယ်။ ငါကအဲဒီ Observe ကို မျှော်နေတာလို့။ ငါတို့က Long Time Observe လို့ ဂျင်မီကာတာက ပြန်ပြောတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မဲဆွယ် ဘယ်လိုစည်းရုံးကြလဲ၊ ရွေးကောက်ပွဲ ဘယ်လိုကျင်းပလဲ။ ပြီးရင် လွှတ်တော် ထဲ ဘယ်လိုရောက်သွားလဲ။ ဒီအထိ ငါတို့က လေ့လာ မှာလို့ ဂျင်မီကာတာက ပြောတယ်။ ''ဟာ ရပါတယ် ငါညှိပေးမယ်''လို့ ပြောလိုက်တယ်။ သက်ဆိုင်ရာအစိုး ရအဖွဲ့ကို ငါပြောပေးမယ်။ ပြောရရင်တော့ ကျွန် တော့် ရည်ရွယ်ချက်က အဲဒါပါပဲ။ Free & Fair ဖြစ်မယ်။ သို့သော်လည်း Free & Fair ဖြစ်ကြောင်း ကိုလည်း Proof လုပ်နိုင်ရမယ်။ ကျွန်တော့်လက် ထက်မှာ ပါတီတွေကို မကြာခဏ ခေါ်ယူတွေ့ဆုံစကား ပြောတယ်။ ပါတီတွေ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင် ရမယ်။ ပါတီက သိပ်အရေးကြီးတယ်နော်။ ပါတီက လူထုကို စည်းရုံးနေရမယ်။ ပါတီက လူထုကြားထဲမှာ စိမ့်ဝင်နေရမယ်။ လူထုကို စည်းရုံးပြီးတော့ လူထု အတွက် တိုးတက်အောင်လုပ်နေရမယ်။ ပါတီက လူ ထုနဲ့ကင်းကင်းကွာကွာနေလို့မရဘူး။ ဒီစကားတွေကို ကျွန်တော် မကြာမကြာ ပြောဖူးတယ်။ လူထုကိုစည်း ရုံးရမယ်။ အခက်အခဲရှိရင် ဖြေရှင်းပေးရမယ်။ အာ လူးနဲ့မရဘူး။ ပြီးရင် ကောင်းတဲ့ဟာတွေကို လမ်းညွှန် ပေးနေရမယ်။ အဲဒီကျမှလူထုက ပါတီကို ယုံကြည် မယ်၊ လေးစားမယ်။ အဲကျမှ ရွေးကောက်ပွဲနိုင်မယ်။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက်ရင် စာမေးပွဲ အောင်မယ်။ ကျွန်တော် နိုင်ငံရေးပါတီတွေကို အင်မ တန်ချစ်ပါတယ်။ ပါတီတွေကို ကျွန်တော်ခေါ်ပြော တယ်။ ရွေးကောက်ပွဲ ကျင်းပတော့မယ်။ နိုင်တဲ့ပါတီ အာဏာရပါတီဖြစ်မယ်။ အာဏာရပါတီက နိုင်ငံ တော်ကို ကောင်းအောင်လုပ်သွားပါ။ သဘောထား ကြေညာချက်တွေနဲ့အညီ နိုင်ငံတော်ကို ကောင်း အောင်လုပ်သွားပါ။ ရှုံးသွားတဲ့ ပါတီတွေကလည်း အတိုက်အခံမလုပ်ပါနဲ့။ ပူးပေါင်းဆောင်ရွက်ကြပါ။ ကောင်းတာကို ပူးပေါင်း၊ မကောင်းမှုကို ထောက်ပြ။ ကိုယ်ရေးကိုယ်တာနဲ့ ပါတီရေးယှဉ်က ပါတီရေး ဦးစားပေး၊ ပါတီနဲ့ နိုင်ငံတော်အရေးယှဉ်လာက နိုင်ငံ တော်ကို ဦးစားပေးသွားကြ။ ဒီလိုလုပ်သွားကြပါလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီတုန်းက ပါတီတွေကို မေးကြည့်လို့ ရပါတယ်။ ကျွန်တော် မပြောဘူးလား ပြောသလားဆိုတာ။
TPN ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်တယ်။ ရွေး ကောက်ပွဲနိုင်တဲ့ပါတီကို အဲဒီတုန်းက အုပ်ချုပ်နေတဲ့ နယက,က အာဏာလွှဲခဲ့တယ်။ အမိန့်တွေထုတ်ပြီး ဥပဒေတွေကို ဖျက်သိမ်းခဲ့တယ်။ အဲဒီတုန်းက ဗိုလ် ချုပ်မှူးကြီးသန်းရွှေကို အန်ကယ်တို့ သွားကန်တော့ ခဲ့ကြတယ် ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အန်ကယ်တို့ကို ညီညီညွတ်ညွတ်လုပ်ကြဖို့ မှာကြားခဲ့ တယ်လို့ ကြားဖူးတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ညီညီညွတ်ညွတ်လုပ်ကြလို့ မှာပြီး ၄ နှစ်အကြာမှာ အန်ကယ်တို့အချင်းချင်းကြားမှာ မညီမညွတ်တွေဖြစ် ကြတယ်။ ပြဿနာတွေတက်ကြတယ်။ ထိပ်တိုက်တွေ့ မှုတွေဖြစ်ကြတယ်။ ဘာ့ကြောင့် အဲဒီလိုတွေဖြစ်လာ ရတာလဲ။ အခြေခံအကြောင်းတရားက ဘာလဲ။
UTA ။ ။ အခြေခံအကြောင်းတရားတွေကို ပြောရ ရင်တော့ ပြောရမှာတော့ သမိုင်းတော့ သမိုင်းပဲ။ ဒီ သမိုင်းက တော်တော်ရိုင်းတဲ့ သမိုင်းလို ဖြစ်နေတယ်။ ဒါပေမယ့် အားလုံးလည်းသိပြီးသားဖြစ်လို့ ဒီသမိုင်း ကို ကျွန်တော်ပြောပါ့မယ်။ ကိုရွှေမန်းလည်း သိပါ တယ်။ ကိုသိန်းစိန်လည်း သိပါတယ်။ ပြောကြေးဆိုရင် ကိုရွှေမန်းက ဝါစဉ်အရ နံပါတ် ၃ ပါပဲ။ ကိုသိန်းစိန်က ၄။ ကိုတင်အောင်မြင့်ဦးက ၅။ ကျွန်တော်က ၆။ ကျွန် တော်က နောက်ဆုံးဘိတ်ပါပဲ။ ဝါစဉ်အရတော့ ကိုရွှေ မန်းက မြင့်တာပေါ့ဗျာ။ သူ့ကိုသူလည်း သမ္မတဖြစ် မယ်လို့မှန်းမှာပေါ့လေ။ အစိုးရသစ်ဖြစ်လာရင် သမ္မတ ဖြစ်မယ်လို့မှန်းမှာပေါ့၊ မှန်းမှာပေါ့။ သို့သော် သူက မဖြစ်ဘူး။ အဲဒီမှာ သူလည်းပြောထားတာရှိတယ်။ ဒါ လည်း အမှန်ပဲ။ နောက်တစ်လှည့်ကျရင်တော့ ရွှေမန်း အလှည့်ပေါ့ကွာလို့ ပြောထားတာရှိတယ်။ နောက်တစ် လှည့်ကျတော့ ရွှေမန်းအလှည့်လို့ ပြောထားပါလျက်နဲ့ ကိုသိန်းစိန်က လူထုကလည်း ဆက်လုပ်ပါဆိုလို့ သူ သမ္မတဆက်လုပ်ပါမယ်ပြောတော့ ဟိုလူက မကျေမနပ် ဖြစ်တော့တာပဲ။ ကျွန်တော်ပြောပါသေးတယ်။ မင်း မပြောပါနဲ့ကွာလို့ သမ္မတကြီးကို ကျွန်တော်ပြောခဲ့ တယ်။ မဟုတ်ဘူးကွာ လူထုကလည်း ငါ့ကိုဒီလိုပြော နေတဲ့အခါကျတော့ ငါလည်း ဒီလိုပဲ ပြောရမှာပဲ။ ဒါ တော့ ဘေးကလူတွေ ချွန်ပေးလို့ပြောတာ နေမှာပ့ါ။ ကျွန်တော် ဘေးမှာရှိရင်တော့ မင်းမပြောပါနဲ့ကွာ စိတ်ထဲမှာပဲထားပါလို့ ပြောမိမှာပဲ။ အဲဒီနောက် သူတို့ စ,ကွဲကြတာပါပဲ။
ခင်ဗျား ခုနကမေးတဲ့ မေးခွန်းက ဘာလဲမသိ ဘူး။
TPN ။ ။ အန်ကယ်တို့ ကျမ်းကျိန်ခါနီး ဗိုလ်ချုပ်မှူးကြီးကို ဝင်ကန်တော့တဲ့ အချိန်မှာ ''မင်းတို့ ညီညီညွတ်ညွတ် လုပ်ကြလို့''အန်ကယ်တို့ကို မှာလိုက်တယ်ပြောတယ်။ တာဝန်တွေလည်း ခွဲပေးလိုက်တယ် ပြောတယ်။
UTA ။ ။ သမိုင်းတွေက ကျွန်တော်သိတာတွေကို ပြောရင် တော်တော်ဂွကျသွားမယ်။ ကဲ..ကျွန်တော် ပြောပါ့မယ်ဗျာ။ ဒါသမိုင်းပဲ။ အဓိကက ကိုရွှေမန်းက နောက်တစ်ကြိမ် သူသမ္မတ လုပ်ရမယ့် အလှည့်မှာ ကိုသိန်းစိန်က ဆက်လုပ်မယ်ဆိုတော့ အဲဒီမှာ ပြဿနာ စတာပဲ။ နောက် ကျွန်တော်မြင်တာကတော့ ကျွန်တော့် ညီငယ်တွေပါပဲ။ ပြောရရင်တော့ အာဏာ ယစ်မူးသွားကြတယ်။ အာဏာအရသာကို သိပ်တွေ့ သွားကြတယ်။ တပ်မတော်အစိုးရလက်ထက်က ဖွဲ့ လိုက်တဲ့သူတွေ၊ တွဲခဲ့တဲ့သူတွေ၊ တပ်မတော်အစိုးရ လက်ထက်တုန်းက ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေ အစိုးရ သစ်ဖြစ်လာတဲ့အခါကျတော့ ဝန်ကြီးမလုပ်ရတော့ ဘူး။ ကျန်တဲ့သူတွေက ဝန်ကြီးလုပ်ရတဲ့အခါကျတော့ (ကျွန်တော်ထင်တာနော်)ဝန်ကြီးမလုပ်ရတဲ့သူတွေက လွှတ်တော်ထဲ ရောက်သွားတယ်။ အာဏာမရှိတော့ ဘူး။ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးဖြစ်တဲ့သူတွေနဲ့ သမ္မတက တစ်ဖက်၊ ဒါတွေက ကျွန်တော်တို့ရဲဘော် ရဲဘက်တွေချည်းပဲနော်။ ဝန်ကြီးမလုပ်ရတဲ့ အဖွဲ့နဲ့ ကိုရွှေမန်းနဲ့က တစ်ဖွဲ့။ အဲဒီမှာ ပြဿနာတက်တာပဲ။ (ရယ်လျက်) ပြောကြေးဆိုရင်တော့ အာဏာပဲ။ အာ ဏာပဲ။ အာဏာအပေါ်မှာ သူတို့သိပ်ယစ်မူးသွားကြ တယ်။ တကယ့်တကယ်တော့ ဒါတွေကို ကျွန်တော် သိပ်ပြောလို့တော့ မကောင်းဘူး။ ဒါပေမယ့် ဒါတွေက သမိုင်းတွေ။ နောက်ကျွန်တော်က ထဲထဲဝင်ဝင်ကို သိ ခဲ့တာ။ အကြောင်းတရား၊ အကျိုးတရားကို စဉ်းစား နေတာ။ ကျွန်တော်မြင်တာက ဒါပဲ။ ဘာကြောင့်ကွဲ လဲဆိုတာ ကျွန်တော်မြင်တာကတော့ ဒါပဲ။ တစ်ဖက် က ခေါင်သူကြီးက သမ္မတ၊ တစ်ဖက်က ခေါင်သူကြီးက လွှတ်တော်ဥက္ကဋ္ဌ။ နောက် လွှတ်တော်နာယကကြီး ဒါတွေ ကွဲသွားတာပါပဲ။
TPN ။ ။ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမယ်လို့ အန်ကယ်ကပြော ခဲ့တယ်။ တချို့က အန်ကယ့်ကို ကိုတင်အေးကြည့်လုပ် ဦးနော်လို့ ပြောတယ်လို့ အပြင်မှာသတင်းထွက်တယ်။ အဲဒီအချိန်တုန်းက အန်ကယ့်ကိုဘယ်သူတွေက ဖိအားပေးခဲ့တာရှိလဲ။
UTA ။ ။ ခင်ဗျားတို့ကြားတဲ့သတင်းက မမှန်ပါဘူး။ အဲဒီကာလတုန်းက ကျွန်တော့်ကို ဘယ်သူမှလည်း မပြောခဲ့ပါဘူး။ ကျွန်တော့်ကို ပြောနိုင်တဲ့သူက ဗိုလ် ချုပ်မှူးကြီးနဲ့ ဒုချုပ်ပဲ ရှိတယ်။ သူတို့နဲ့လည်း ဘာမှ မပြောခဲ့ပါဘူး။
TPN ။ ။ အန်ကယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့တုန်းက လွတ်လွတ်လပ်လပ်ရော လုပ်ခွင့် ရခဲ့ရဲ့လား။ ဘယ်သူ့လွှမ်းမိုးမှု ရှိခဲ့လဲ။
UTA ။ ။ ဘယ်သူ့ လွှမ်းမိုးမှုမှ မရှိခဲ့ပါဘူး။ ကျွန် တော်ပြောခဲ့သလို လူကြီးတွေကိုကန်တော့ပြီး လူကြီး တွေက မင်းတို့လေးယောက် ညီညီညွတ်ညွတ်လုပ်ကြ လို့မှာလိုက်တော့ ဟုတ်ကဲ့လို့ကတိပေးခဲ့တယ်။ ဒုတပ် ချုပ်အခန်းကထွက် စင်္ကြန်(Corridor)ပေါ်မှာပဲ ကျွန် တော်က ငါကတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမို့ မင်းတို့နဲ့ ပေါင်းလို့ မရတော့ဘူး။ မင်းတို့ စည်းစည်း လုံးလုံးလုပ်ကြနော်လို့ပြောပြီး စည်းခြားခဲ့တာပါ။ သူ တို့နဲ့ တစ်ကြိမ်ပဲ တိုင်ပင်ခဲ့ဖူးတယ်။ ၂ဝ၁၂ ခုနှစ် ကျွန်တော် ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ တစ်ကြိမ်တိုင်ပင်ခဲ့ဖူးတယ်။ ဘယ်သူတွေနဲ့လဲဆိုတော့ သမ္မတရယ်၊ လွှတ်တော်ဥက္ကဋ္ဌရယ်၊ ဒုသမ္မတ ကိုတင် အောင်မြင့်ဦးရယ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ရယ်၊ ကျွန်တော်ရယ် ၅ ယောက် တိုင်ပင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်။ ဒီနေ့လုပ်မယ်လို့ သူတို့ကို အသိပေးလိုက်တယ်။ စော သေးပါတယ်လို့ ပြောတဲ့သူရှိတယ်။ မလုပ်သင့်သေး ပါဘူးလို့ ပြောတဲ့သူရှိတယ်။ ဒီလိုဟာတွေ ရှိတယ်။ သို့ သော်လည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ အသိပေးတင်ပြတာဖြစ်လို့ တင်ပြထားတဲ့အတိုင်းပဲ ကြးဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါသစ္စာ စကားပါ။
TPN ။ ။ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတစွာ လုပ်ပေးခဲ့တဲ့ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူ တွေကို ဘာ Message ပေးချင်လဲ။
UTA ။ ။ ဟာ Message ကတော့ ကျွန်တော်ပေး ချင်တာပေါ့။ ကျွန်တော့်ကိုယ်တွေ့ကိုပဲ ကျွန်တော် ပြောပါ့မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ကျွန်တော် လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ မွေးဖွားရာဇာတိ မန္တလေးတိုင်း၊ တံတား ဦးမြို့နယ်၊ လက်ဆောင်ယူရွာဖြစ်လို့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲ ဝင်ခဲ့ ပါတယ်။ ကျန်တဲ့သူတွေက နေပြည်တော်၊ အဲဒီတုန်း က ကိုယ်တံတားဦးက ဝင်ရွေးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ကို ဒီနေပြည်တော် အနားတစ်ဝိုက်မှာပဲ ရွေးဖို့ တိုက်တွန်းကြတယ်။ No ငါမရွေးဘူး။ ငါ့ ဇာတိမှာ ငါသွားရွေးမယ်။ ငါ့ဇာတိကို ဖွံ့ဖြိုးတိုး တက်အောင် ငါလုပ်ပေးမယ်။ သူတို့က ရှုံးသွားရင် ဘယ်လိုလုပ်မလဲလို့ ဝိုင်းပြောကြတယ်။ မရှုံးပါဘူး။ (ရှုံးလည်း ဘယ်တတ်နိုင်မလဲကွာ) ကိုယ်စားလှယ်လောင်းအဖြစ် လူထုကို စည်းရုံး တဲ့အချိန်ကျတော့ လူထုကို ကျွန်တော်က ''လွှတ်တော် ဆိုတာ သိပ်အရေးကြီးပါတယ်။ လွှတ်တော်ဆိုတာ လူတော်လူကောင်းတွေ ရောက်ဖို့လိုပါတယ်။ လူတော် လူကောင်းတွေ ရောက်မှသာလျှင် အချုပ်အခြာအာ ဏာကို ကိုင်စွဲပြီးတော့ နိုင်ငံတော်ကို တိုးတက်အောင် လုပ်နိုင်မှာပါ။ အဲဒီနယ်မှာ ၄ ယောက်ပြိုင်ရွေးရမယ်။ ကျွန်တော်တို့ ၄ ယောက်ထဲကမှ အကောင်းဆုံးလူကို ရွေးပေးပါ။ ကျွန်တော်က အတိတ်ကဘာလုပ်ခဲ့တယ်။ ကျွန်တော်သာ ဒီနယ်မှာအရွေးခံရရင်တော့ ဒီဒေသ ဖွံ့ဖြိုးအောင်လုပ်ပေးမယ်။ ဒါကိုကျွန်တော်ပြောတယ်။ သို့သော်လည်းပဲ ဒီ ၄ ယောက်ကို ခင်ဗျားတို့စဉ်းစား ပါ။ စဉ်းစားပါ။ ကျွန်တော့်ထက်တော်ရင် ပေးလိုက် ပါ။ လွှတ်တော်ထဲကိုတော့ လူတော်လူကောင်းရောက် စေချင်တယ်။ တစ်ကြိမ်မှာတော့ ကျွန်တော်မဲဆွယ် စည်းရုံးနေရင်း အဖွားကြီးတစ်ယောက်က ကျွန်တော့် ကို ထကောတယ်။ ဘာတွေပြောနေတာလဲ။ ယုံကြည် လို့ လာနားထောင်နေတာကို။ သူများကို မဲထည့်ပါလို့ ဘာလို့ပြောနေတာလဲလို့ ထကောတယ်။ ဒီလို ကျွန် တော် အပြောခံရဖူးတယ်။ ကျွန်တော့်သဘောထားက တော့ လွှတ်တော်ထဲကလူတော်လူကောင်းတွေ ရောက် ရမယ်။ လွှတ်တော်ကိုယ်စားလှယ်ကို မဲဆန္ဒရှင်က ရွေးတဲ့အခါမှာ သူအတိတ်က ဘာတွေလုပ်ခဲ့လဲဆို တာကိုကြည့်ပါ။ သမိုင်းက လိမ်လို့မရဘူး။ ကျွန်တော် တပ်မတော်ထဲမှာ ၄၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ တယ်။ ပြစ်ချက်တစ်ခုမှ မရှိခဲ့ဘူး။ စည်းကမ်းနဲ့ပတ် သက်လို့ ဘာမှဖောက်ဖျက်တာမလုပ်ခဲ့ဘူး။
လွှတ်တော်ကိုယ်စားလှယ်က ကတိပေးရတယ်။ပေးတဲ့ကတိအတိုင်းလည်း ကိုယ့်ကို မဲထည့်လိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ပေးရတယ်။ လွှတ်တော်ကိုယ်စားလှယ်က လျှောက် ပြောလို့မရဘူး။ တံတားဦးကို မြေအောက်မြို့တော် ကြီး လုပ်ပေးမယ်လို့ ပြောလို့မရဘူး။ တံတားဦးက တံတားဦးနဲ့ တန်အောင်တော့ လုပ်ပေးရမယ်။ ကျွန် တော် မဲဆွယ်စည်းရုံးတဲ့ ကာလမှာ မဲဆွယ်သွားတဲ့နေ ရာတချို့က လမ်းတောင်မပေါက်ဘူး။ ကျွန်တော်ကိုယ် စားလှယ်ဖြစ်ပြီးနောက်ပိုင်း လမ်းတွေဖောက်ပေးခဲ့ တယ်။ ဖြစ်နိုင်တာတွေ ကျွန်တော် လုပ်ပေးခဲ့တယ်။ လိုအပ်တဲ့ နေရာတွေကို လိုအပ်သလို ဆေးရုံလိုတဲ့နေ ရာမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ကျွန်တော်ဆေးရုံရ အောင် လုပ်ပေးခဲ့တယ်။ ဘယ်လိုလူမျိုးကို မဲမထည့်ရ ဘူးလဲ။ ဘယ်လိုလူမျိုးကို မဲထည့်ရမယ်။ လူကိုတော့ မကြည့်လို့ မရဘူး။ လူကိုတော့ကြည့်ရမယ်။ လူက လည်း လူတော်လူကောင်းတွေ ဖြစ်ရမယ်။ လူတော် လူကောင်းမဟုတ်ဘဲ လွှတ်တော်ထဲရောက်သွားလို့က တော့ သိပ်အဆင်မပြေဘူးလို့ ထင်တယ်။ ပြောကြေး ဆိုရင် အတွေ့အကြုံလိုပါတယ်။ ကျွန်တော် ၆၇ မှာ ဗိုလ်ဖြစ်တယ်။ တစ်ချောင်း၊ လူ ၃၅ ယောက်ကို အုပ်ချုပ်ရတယ်။ ၅ နှစ်လောက်နေတဲ့အခါကျတော့ တပ်ခွဲမှူး ဖြစ်တယ်။ လူ ၁ဝဝ လောက်ကို အုပ်ချုပ် ရတယ်။ ၈၇ မှာ ကျွန်တော်တပ်ရင်းမှူးဖြစ်တယ်။ လူ ၅ဝဝ လောက် အုပ်ချုပ်ရတယ်။ လူတွေရဲ့အသက်၊ ပစ္စည်း၊ သူ့ရဲ့ မိသားစု။ ကျွန်တော်တို့က အကုန်လုံး ကိုကြည့်နေရတာ။ ကျွန်တော်တို့က ဒီလိုကြီးလာတဲ့ ပုဂ္ဂိုလ်တွေ။ မိုးကျရွှေကိုယ် မိုးကျရွှေကိုယ်လို့ပြောရင် ကျွန်တော် ရယ်ချင်တယ်။ ဘယ်လိုလုပ် မိုးကျမှာလဲဗျ။ စစ်သက်တစ်လျှောက်မှာ အမှုဖြစ်ကြည့်။ အမှုဖြစ် တာနဲ့တစ်ပြိုင်တည်း ရာထူး မတက်တော့ဘူး။ ကျွန် တော်တို့လည်း ဒုဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တာပဲ။ ပရိုမိုးရှင်း ဘုတ်ထိုင်ရင် အပြစ်ရှိလား။ အပြစ်ရှိရင် ဖယ်ပစ် လိုက်တယ်။ အပြစ်မရှိတဲ့ လူကိုပဲ စဉ်းစားတယ်။ ၁ဝ နှစ် ၁၅ နှစ်နဲ့ဒီနေရာ မရောက်နိုင်ဘူး။ ၁ဝ နှစ် ၁၅ နှစ်နဲ့ ဗိုလ်ချုပ် မဖြစ်ဘူး။ ကျွန်တော်ဗိုလ်မှူးကြီးဖြစ် တော့ ၂၅နှစ်(စစ်သက်နော်)။ ဆိုတော့ကျွန်တော်တို့က မိုးကျရွှေကိုယ် မဟုတ်ဘူး။ အဆင့်ဆင့် အဆင့်ဆင့် အဆင့်ဆင့် တက်လာတဲ့ ပုဂ္ဂိုလ်တွေပါ။ ပြန်ပြောရင် တော့ ပါတီကိုကြည့်တဲ့အခါမှာ အဲလိုကြည့်ရမယ်။ ဘယ်ပါတီက ဘာတွေလုပ်ခဲ့လဲ။ ဘယ်ပါတီဝင်တွေက ဘာတွေလုပ်ခဲ့လဲ။ ဒီပါတီဝင်တွေကို ငါတို့တာဝန် ပေးလို့ ရှိရင်တော့ ဘာဖြစ်မယ်။ ကျွန်တော် ၂ဝ၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပက်လက်လန်သွား တယ်။ အမှန်အတိုင်းပြောတာ။ တိုင်းပြည်က ဖြစ်မှ ဖြစ်ပါ့မလား၊ ဖြစ်မှဖြစ်ပါ့မလား။ ကျွန်တော့်စိတ်ထဲမှာ ပက် လက်လန်သွားတယ်။ ဒါပေမယ့် သြော်.. ဒေါ်အောင်ဆန်းစုကြည်က Icon ပဲ။ သူလိမ္မာရင်တော့ နိုင်ငံတော်တိုးတက်မှာပဲ။ မလိမ္မာရင်တော့ ဒုက္ခ ရောက်လိမ့်မယ်ထင်တယ်။ ဒီဟာနဲ့ပဲ ကျွန်တော်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိဂုံးချုပ်သွားတာပဲ။ အ တွေ့အကြုံရှိတဲ့သူတွေကို ရွေးကြပါလို့ ကျွန်တော်ဒီ လိုပဲပြောချင်ပါတယ်။
TPN ။ ။ အန်ကယ်က ၆ လုံးတန်းမှာ နေတယ်။ အန်ကယ်က သမ္မတဦးသိန်းစိန်နဲ့ အပတ်စဉ်တစ်ခု တည်း အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေလို့ သိရတယ်။ နောက် ဒီ ၆ လုံးတန်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရှိတယ်။ အန်ကယ် ဘယ်သူတွေနဲ့ တွေ့ဖြစ်လဲ။ ဘယ်သူတွေနဲ့ စကားပြောဖြစ်လဲ ပြောပြပေးပါဦး။
UTA ။ ။ ကျွန်တော် အခါအားလျော်စွာ လူကြီး တွေကို သွားတွေ့ပါတယ်။ ဒီ ၆ လုံးတန်းမှာ တစ် ယောက်ကလွဲလို့ ကျွန်တော်အကုန်သွားတွေ့ပါတယ်။ သမ္မတကြီး ကိုသိန်းစိန်ကိုလည်း ကျွန်တော်သွားတွေ့ ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဆီလည်း ကျွန်တော်သွား တွေ့ပါတယ်။ အခါကြီးရက်ကြီးလည်း သွားကန်တော့ ပါတယ်။ ကြားထဲမှာလည်း သွားပါတယ်။ ကျွန်တော့် လူကြီး နေကောင်းလား၊ ဘာဖြစ်နေလဲ ကျွန်တော်သိ ချင်တယ်။ သူဘာတွေပြောချင်လဲ ကျွန်တော်နားထောင် ချင်တယ်။ နောက် ကျွန်တော် ဘာလုပ်ပေးရမလဲ။ ကျွန်တော့်မိဘတွေပါ။ ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့စဉ်မှာ နိုင်ငံရေးအကြောင်း သိပ်များများပြောလေ့မရှိဘူး။ ဗုဒ္ဓရဲ့အဆုံးအမနဲ့ ဘာသာရေးအကြောင်း အတော် ပြောပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စတဲ့ အချက် တွေနဲ့ ကျန်းမာရေးဂရုစိုက်ဖို့အမြဲပြောတယ်။ နောက် ပြီး လုပ်ဖော်ကိုင်ဘက်အရာရှိတွေနဲ့ တွေ့ဖြစ်/မဖြစ်နဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေ မေးလေ့ရှိပါ တယ်။ ဒုချုပ်နေမကောင်းဖြစ်တာကိုလည်း ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ ဒုချုပ်က အနစ်နာခံပြီး တော်တော်လေးလုပ်လာတာပါ။ ဗိုလ်ချုပ် မှူးကြီးရဲ့အိုင်ဒီယာကို ဒုချုပ်က အကောင်အထည် ဖော်ခဲ့တာပါ။ အမုန်းခံပြီး သူအများကြီးလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူလေမ ဖြတ်ခင်ထိ စနေ၊ တနင်္ဂနွေတိုင်း ဒုချုပ်နဲ့ ကျွန်တော် တို့ ဂေါက်ရိုက်ကြပါတယ်။ သူလေဖြတ်သွားတာက တနင်္ဂနွေနေ့။ စနေနေ့အထိ ကျွန်တော်တို့ ဂေါက်ရိုက် ခဲ့ကြပါသေးတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော့်အမေ ဇာတိ ထုံးကြီးမှာ ကျောင်းလေးတစ်ကျောင်းဆောက်ပြီး ကျွန်တော်တို့ အလှူလုပ်တယ်။ ပညာရည်ချွန်ဆု ပေးပွဲလည်း လုပ်တယ်။ အဲဒီအချိန်မှာ ဖုန်းဝင်လာ တယ်။ ဒုချုပ် လေဖြတ်သွားတယ်ကြားတော့ ကျွန် တော်ချက်ချင်း ပြန်ပြေးလာခဲ့တယ်။ ဒုချုပ်က ဂေါက် ကွင်းကပြန်လာပြီး အိမ်ရောက်မှ ရေချိုးခါနီးလေဖြတ် သွားတာ။
TPN ။ ။ အန်ကယ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မကြာမကြာ တွေ့တယ်လို့ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ဝ၁ဝ နဲ့ ၂ဝ၂ဝ ကြား မြန်မာပြည်နိုင်ငံ ရေးအခင်းအကျင်းကို ဘာတွေများပြောကြားတာ ရှိပါသလဲခင်ဗျ။
UTA ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခြေအနေ အကုန်လုံးကို သိနေတယ်။ သူ မြန်မာ့နိုင်ငံရေးကို မျက်ခြည်မပြတ်ဘူး။ ပြောသင့်ပြောထိုက်တာကို ပြောလိုက်ရင် အခြေအနေတွေကို သူသိနေတယ်။ နိုင်ငံတော်ကိုတော့ စောင့်ကြည့်နေတဲ့သဘောရှိတယ်။ သူပြောဖို့လိုလာရင်တော့ ပြောမှာပါ။ အထူးသဖြင့် ဗိုလ် ချုပ်မှူးကြီးက ဘာလုပ်ပါလို့ပြောတဲ့ ပုဂ္ဂိုလ်မဟုတ် ဘူး။ ပြောလည်း ပြောမှာမဟုတ်ဘူး။ ကျွန်တော်တို့က ဘာလုပ်ချင်တယ်လို့ တင်ပြရင်တော့ ကောင်းတယ် မကောင်းဘူး သူအကြံပြုပေးတာလောက်တော့ ရှိ တယ်။ ပြောကြေးဆိုရင် ဒီလောက်ပါပဲ။ ကျွန်တော် တို့က ဘာဖြစ်တယ် ညာဖြစ်တယ်ပြောရင် သူက နား ထောင်နေတယ်။ မင်းဒီလိုလုပ်ရင် မကောင်းဘူးလား ဒီလိုပြောတာတော့ ရှိတယ်။ မင်းဘာလုပ်ကွာ၊ ညာ လုပ်ကွာလို့တော့သူမပြောဘူး။ ကျွန်တော်တို့ကလည်း ဘာတာဝန်မှမရှိတော့ မပြောပါဘူး။ သူမေးတာတွေ တော့ ရှိတာပေါ့။ မင်း နိုင်ငံရေးအခြေအနေ ဘယ်လို ရှိလဲ။ စီးပွားရေးအခြေအနေ ဘယ်လိုရှိလဲ။ လူထု ကော အဆင်ပြေရဲ့လား။ မင်းတံတားဦးရော ရောက် သေးလား။ လူထုတွေဘယ်လို အခြေအနေရှိလဲ။ ဒီလို တော့ မေးပါတယ်။ သူက ဘာလုပ်ပါ၊ ညာလုပ်ပါလို့ တော့ တိုက်ရိုက်မပြောဘူး။ ကျွန်တော်တို့ ပြောတာကို သင့်တယ်၊ မသင့်ဘူး သူ ဆုံးဖြတ်ပေးပါတယ်။
TPN ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂ဝ၁၁ အနား ယူသွားချိန်ကစပြီး ဒီနေ့အထိ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ ပြောလို့ရလား။
UTA ။ ။ သူ စိတ်ဝင်စားတာပေါ့။ မြန်မာ့နိုင်ငံရေး ကို သူအရမ်း စိတ်ဝင်စားတာပေါ့။ သူ ထူထောင်ခဲ့တာ ပဲ။ သိပ်အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားအောင်နဲ့ နောက်တက်လာ မယ့် အစိုးရ၊ လွှတ်တော်လည်း လွှတ်တော်အလျောက်၊ အစိုးရအဖွဲ့လည်း အစိုးရအဖွဲ့အလျောက် အကုန်လုံး သူလုပ်သွားတာ။ သူက တစ်လျှောက်လုံး မြေပုံကြည့် လိုက် စဉ်းစားလိုက်နဲ့ ဒီလိုပဲလုပ်သွားတာ။ အခုလည်း သူက အိမ်ထဲမှာနေပေမယ့် အကုန်လုံးကိုတော့ နား စွင့်နေမှာပေါ့။ အထူးသဖြင့် နိုင်ငံရေးကို စိတ်ဝင်စား ပါတယ်။
TPN ။ ။ ၂ဝ၁၅ ရွေးကောက်ပွဲကို ဒိုင်လူကြီးအနေ နဲ့ တရားမျှတစွာ ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲ အသံကြားတိုင်း အန်ကယ့်ခံစားချက်က ဘယ်လိုရှိလဲ။
UTA ။ ။ ကျွန်တော်ကတော့ ရွေးကောက်ပွဲတိုင်း Free & Fair ဖြစ်ပါစေလို့ ဆုတောင်းရတာပဲ။ အထူး သဖြင့် ၂ဝ၂ဝ ကို ကျွန်တော်စိုးရိမ်တယ်။ ကော်မရှင် ကိုလည်း ကျွန်တော်စိုးရိမ်တယ်။ ကော်မရှင်ရဲ့နောက် အဆင့်ဆင့်သော ကော်မရှင်ခွဲတွေ၊ ကျွန်တော်တုန်းက ဖွဲ့စည်းထားခဲ့တဲ့ သူတွေ တစ်ယောက်မှ မရှိတော့ပါ ဘူး။ အဲဒီနေရာမှာ ဘယ်လိုလူတွေ အစားထိုးလာလဲ ဆိုတာ ကျွန်တော်သိပါတယ်။ ထို့အတူပဲ ယနေ့အုပ် ချုပ်ရေးမှူးတွေ ဘယ်လိုလူတွေဆိုတာ ကျွန်တော်သိ တာပေါ့။ အထူးသဖြင့် တံတားဦး။ တံတားဦးဆိုတာ ကျွန်တော်သွားရင် တချို့ရွာတွေဆို ဆွေမျိုးသားချင်း လို ကြိုတာ။ အဲဒီမှာ အုပ်ချုပ်ရေးမှူးက ဟန့်တာတွေ ရှိတယ်။
TPN ။ ။ အန်ကယ် ဘာများ ဖြည့်စွက်ပြောချင်ပါ သေးလဲ။
UTA ။ ။ ကျွန်တော်ပြောတာတွေက တချို့ဟာတွေ ကလည်း သမိုင်းတွေပဲ။ တချို့ဟာတွေကို သင်ခန်းစာ ယူပြီး လုပ်ရမှာတွေလည်း ရှိပါတယ်။ ကျွန်တော့်ဆန္ဒ ကတော့ နိုင်ငံတော်တိုးတက်စေချင်တယ်။ ကျွန်တော် တို့က အငယ်တွေကို တင်ပေးပြီးတော့ နောက်ကနေ ပံ့ပိုးချင်တယ်။ ကိုယ်တိုင်တော့ မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် လူတော်တွေ တက်လာစေချင်ပါတယ်။ မင်းတို့ကို ငါတို့က အတွေ့အကြုံတွေ ပံ့ပိုးပြီးတော့ နိုင်ငံတော်တိုးတက်အောင် လုပ်သွားစေချင်ပါတယ်။ ဟိုတစ်နေ့ကတောင် Facebook မှာ စစ်တပ်မကောင်း ကြောင်းရေးတော့ ကျွန်တော်က ပြောလိုက်တယ်။ မင်းတို့လို ဘေးထိုင်ဘိုင်ကျ ဘုပြောတဲ့ကောင်တွေရှိ နေလို့ တိုင်းပြည်က မတိုးတက်တာပါကွာ။ မင်းရန် ကုန်အစိုးရကနေပြီး ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖြစ်အောင် စစ်တပ်က လုပ်ခဲ့တာပါ။ မှား တာလည်း ရှိပါမယ်။ မှန်တာလည်း ရှိပါမယ်။ အမှား ပြင်အမှန်ပေါ့ကွာ။ စည်းလုံးမှ တိုင်းပြည်တိုးတက်မှာ ပေါ့။ ကျွန်တော့်ဆန္ဒက ဒါပါပဲ။ ကျွန်တော့်ဆန္ဒက အဖြူလည်းမဟုတ်ဘူး၊ အစိမ်းလည်းမဟုတ်ဘူး၊ အနီ လည်း မဟုတ်ဘူး၊ အဝါလည်း မဟုတ်ဘူး။ ကျွန်တော် က အမျိုးသားနိုင်ငံရေးပဲ။ နိုင်ငံတော်ကောင်းမယ်ဆိုရင် ဘာမဆိုလုပ်မယ်။ ဒါပါပဲ။ ကျွန်တော်လူထုကို မေတ္တာရပ်ခံချင်တာက လူတော်လူကောင်းတွေ ရွေးပေးပါ။ လာမယ့်ရွေးကောက်ပွဲကြီးမှာ လူတော်လူ ကောင်းတွေ ရွေးပေးပြီးတော့ လာမယ့်လွှတ်တော်ထဲမှာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်ပါစေလို့ ဆုတောင်းပါတယ်။
အွန်လိုင်းဝဏ္ဏ
Power သတင်းဂျာနယ်၊ အတွဲ ၁ အမှတ် ၃
၂၀၂၀ ဇူလိုင် ၈ ရက်နေ့ ထုတ်မှ


