Wednesday, January 2, 2019

ဗိုလ်မှုးဘသော် (စာရေးဆရာ - မောင်သော်က)အမှတ်တရ

,
ဆရာမောင်သော်ကသည်တပ်မတော်(ရေ)မှပြန်တမ်းဝင်အရာရှိတစ်ဦးဖြစ်ခဲ့ပြီး အမည်မှာဗိုလ်မှုး
ဘသော်ဖြစ်သည်။
လွန်ခဲ့သော (၂၇)နှစ်က အစိုးရသတင်းစာကျောဖုံးတွင်ပါ လာသည့် ထိုဓာတ်ပုံကို ယနေ့တိုင် မမေ့နိုင်သေး။ ဓာတ်ပုံနှင့်ယှဉ်တွဲပါလာသည်က ဗိုလ်မှူးဟောင်းဘသော် (စာရေးဆရာ မောင်သော်က) အား နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှု၊ အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် ထောင်ဒဏ်နှစ် (၂၀) ချမှတ်လိုက်သည်။
ဗြိတိသျှဘုရင်မကြီးအယ်လိဇဘက်လက်ဆောင်ပေးသည့် မေယုစစ်သင်္ဘောကို ဗိုလ်ချုပ်အောင်ဆန်းလက်ခံယူရာတွင် ဂုဏ်ပြုတပ်ဖွဲ့၌ ပါဝင်ခဲ့သူ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ နေအိမ်တွင်နေထိုင်ရင်း တပ်မတော်ထဲ ဝင်ရောက်ခဲ့သူ၊ လက်ဝှေ့ကျော်ကျားဘညိမ်းနှင့် ညီအစ်ကိုတော်စပ်သူ၊ တိုက်ရေယာဉ်၁၀၃ နစ်မြုပ်ရာ၌ စစ်ရေယာဉ်မှူးအဖြစ် ခေါင်းဆောင်ပီသစွာ ဦးစီးဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင်ထဲ ၁၃ရက်ကြာ
မျောပါနေရာမှ ရဲဘော်များအား ကြံ့ကြံ့ခံနိုင်အောင် တွန်းအားပေးခဲ့သူ၊ သတင်းစာ၊ ဂျာနယ်များတွင်သရော်စာ အရေးကောင်းသူ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း စာနယ်ဇင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး သတင်းစာများတွင် လှုံ့ဆော် ရေးသားခဲ့သူ၊ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံ့အရေးဆောင်ရွက်ပေး ရန် တွန်းအားပေးခဲ့သူ သုံး၊ လေးဦး တွင်ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်တိုင်းပြည်သို့ ပထမဆုံးမိန့်ခွန်းပြောရာ၌ နံဘေးမှ ဝိုင်းရံပေးခဲ့သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ၊ ထောင်ဒဏ်ချမှတ်ခံ ရပြီး ကြိုးတိုက်အတွင်းနေရကာ နှိပ်စက်ခံရသူ၊ ထို့နောက်
ထောင်အာဏာပိုင်များက အပြစ်လွတ်အောင် ဆေးရုံတင်ပို့ရာမှ ကွယ် လွန်ခဲ့သူ ဆရာမောင်သော်က သည် ရွှေဘိုဇာတိဖွားဖြစ်ပါသည်။ ဗမာ-မွတ်စလင်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဘသောင်းဟုတွင်လေသည်။
၁၉၄၇ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အာဇာနည် ဦးရာဇတ်၏ဇနီးဒေါ်ခင်ခင်၏ ကူညီမှုဖြင့် တပ်မတော်(ရေ)ထဲသို့ တပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။ ထို့နောက် ဗိုလ်ရွေးအဖွဲ့သို့ အကြိမ်ကြိမ်ဝင်ရောက်ဖြေဆိုရာမှ အရာရှိဖြစ်လာပြီး ရခိုင်နှင့်မြစ်ဝကျွန်းပေါ် ဒေသတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရ ပြီး ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်၌ တပ်မတော်(ရေ)အရာရှိတစ်ဦးအဖြစ် သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရသည်။ တိုက်ပွဲများကဆက်နေပြီး ၁၉၅၆ တွင် တိုက်လေယာဉ် ၁၀၃၏ ဦးစီးမှူး (စစ်ရေယာဉ်မှူး)အဖြစ် ခန့်အပ်ခံရသည်။
၁၉၆၉တွင် တပ်မတော်မှ မကျန်းမာမှုပင်စင် (ဆေးပင်စင်)ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉ နှစ်အရွယ်ကစ၍ တပ်မတော်ထဲဝင်ခဲ့သော ဗိုလ်မှူးဘသော်သည် ပင်စင်ယူချိန်၌ လုပ်သက် (စစ်သက်)နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့သည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကပင် ၁၉၄၉ ၌ ပဒေသာမဂ္ဂဇင်းတွင် ရွှေကျောက်ဆူးကလောင်အမည်ဖြင့် ဝတ္ထုတို စတင်ဖော်ပြခံရသည်။ ထို့နောက် ဗိုလ်ဘသော် (ရေတပ်)ကလောင်ဖြင့် ရေကြောင်းစာပေများ
ရေးသားခဲ့သည်။ မောင်သော်က ကလောင်အမည်ကို ၁၉၅၆ သြဂုတ်လထုတ် မြဝတီမဂ္ဂဇင်းပါဆောင်းပါး၌ စတင်အသုံးပြုခဲ့သည်။ ထိုမြဝတီမဂ္ဂဇင်း၌ပင် ဝတ္ထုနှင့်ဆောင်းပါးများရေးသားခဲ့ရာ အတန်ငယ် ထင်ရှားလာပါသည်။ ထို့နောက် တပ်မတော်မှထွက်ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ဝေသော ရှေ့သို့နှင့် Forwards စာစောင်များ၌ စာတည်းချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး စာပေရေးသားခြင်းအလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ မဆလအစိုးရ အာဘော်စာစောင်တွင် လုပ်ကိုင်နေသော်လည်း ဆရာမောင်သော်ကသည် ပြည်သူ့အတွက် မလစ်ဟင်းခဲ့။ ရေးခွင့်သာလျှင် သာသည့်အလျောက် ပြည်သူများ နေ့စဉ်ကြုံတွေ့နေသော အခက်အခဲ၊ အကျပ်အတည်းများကို ကလောင်စွမ်းပြ၍ ရေးခဲ့သည်။ ပင်ကိုသရော်ဉာဏ်ရှိသူဖြစ်ပြီး အာဝဇ္ဇန်းရွှင်သူတစ်ယောက်ဖြစ်၍ ဆရာမောင်သော်က၏ စာများကို နေ့စဉ်စောင့်ဖတ်သူ မနည်းခဲ့။ ထိုကာလက ပုဂ္ဂလိကသတင်းစာ ဟူ၍မရှိတော့ဘဲ အစိုးရကချုပ်ကိုင်ထားလေရာ သုံး၊ လေးစောင် မျှသာရှိသော သတင်းစာများ၌ ဆရာမောင်သော်က လှည့်ပတ်ရေးလေသည်။ စာရေးရာ၌ လက်သံပြောင်လွန်း၍ ဆရာမောင်သော်က ၏ဆောင်းပါးများ၊ သရော်စာများမှာ လူထုကြား ပြောစမှတ်တွင်ခဲ့သည်။
လုပ်သားပြည်သူ့သတင်းစာတွင် ဖော်ပြခဲ့သော တာဆာဒေးဟေ့တို့မြန်မာ သရော်ဆောင်းပါးသည် မဆလအစိုးရလက်ထက် ဆပ်ပြာဝယ်မရအောင်ရှားပါးလွန်းသည့် အခြေအနေကို ဖော်ပြထားပြီး ညစ်ပတ်သောလူများသာ ဆပ်ပြာသုံးကြကြောင်း၊ သန့်ရှင်းပြီး လူများအနေဖြင့် ဆပ်ပြာသုံးရန် မလိုကြောင်း၊ ထို့ကြောင့် မိမိအိမ်တွင် ဆပ်ပြာအသုံးပြုခြင်းကို တားမြစ်ထားကြောင်း ရေးထားရာ လူထုကြား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။ ထို့အတူ ထိုခေတ်က ဂဠုန်စီမံချက်ဆိုသည့် ပလက်ဖောင်းဈေးသည်များကို မကြာခဏ ဖမ်းနေခြင်းနှင့် ပတ်သက်၍ ပလက်ဖောင်းများရှိနေ၍သာ ဈေးရောင်းနေကြသဖြင့် ထိုပလက်ဖောင်းများဖျက်လိုက်ပါက ဈေးသည်များအလိုလို ပပျောက်သွားမည်ဖြစ်ကြောင်း အချိန်ကုန်လူပန်း သက်သာစေမည့်အကြောင်း တစ်တစ်ခွခွရေးလိုက်ရာ စာဖတ်သူပြည်သူများ မနောခွေ့ခဲ့ကြသည်။
တစ်ဖန် မဆလခေတ်တွင် အစစအရာရာရှားပါးပြီး နေရာတကာအတုနှင့် အရောအနှောများသာ ကြုံနေရခြင်းကို ဓာတ်ဆီထဲရေ ရောထားခြင်း၊ ရေနံဆီထဲရေရော ထား၍ မီးမွှေးမရခြင်း၊ စိတ်ညစ်ညစ်ဖြင့် အရက်သောက်ခါမှ အရက်ထဲရေရောထားခြင်း၊ နောက်ဆုံး ချစ်တီးထမင်းဆိုင်သွားစားရာ၌ စိတ်ပေါက်ပေါက်ဖြင့် ငါ့ကိုရေနွေးရောထားတဲ့ စွပ်ပြုတ်တစ်ခွက်နဲ့ ပဲမှုန့်နဲ့ဂျုံမှုန့် ရောဖုတ်ထားတဲ့ နံပြားနှစ်ချပ်ချပေးဟုရေးထားရာ အလွန်လူကြိုက်များခဲ့သည်။ ထိုသို့သတင်းစာများတွင် သရော်စာ ရေးသားခြင်းနှင့် ပတ်သက်၍ ‘‘အခြေအနေ အကျဉ်းအကျပ် တစ်ရပ်ကို ရင်ဆိုင်ရတဲ့အခါ ဟာသဓာတ်ခံရှိတာဟာ အကောင်းဆုံး ရင်ဆိုင်ရဲတဲ့သတ္တိကို
ပေါက်ဖွားစေတယ်။ ပေါက်ကွဲတော့မယ့် ဘွိုင်လာအိုးကြီးတစ်လုံးကို ရေနွေးငွေ့ထုတ်ပေါက် Safety Valve (ဘား) ဖွင့်ပေးတာနဲ့အတူတူပဲ။ လူတွေရဲ့ ရင်မှာခံစားချက်၊ မျိုသိပ်ရတဲ့ခံစားချက်တို့ကို တစ်ဆို့ပေါက်ကွဲ မတတ်ဖြစ်ရာက သက်သက်သာသာနဲ့ ထွက်ပေါက်ပေးလိုက်တာဟာ Satire ပါပဲတဲ့ဗျာ’’ဟု အဓိပ္ပာယ် ရှင်းလင်းခဲ့သည်။
အချို့က ဆရာမောင်သော်က အစိုးရသတင်းစာများတွင် ရေးသားနေခြင်းနှင့်ပတ်သက်၍ နှာခေါင်းရှုံ့ကြသည်။ ထိုသို့မရေးစေလိုကြ၊ သို့သော် ဤသည်ကိုသိသော ဆရာမောင်သော်ကက ‘‘ကိုယ်ကတော့ ကိုယ့်ရေးသားချက်တွေကို လူတစ်စုလက်ခံတာ၊ လက်မခံတာထက် အများပြည်သူ လက်ခံတယ်၊ လက်မခံတယ်က ပိုအရေးကြီးတယ် ထင်တယ်။ မကြိုက်ကြလို့ ဆဲကြလည်းမမှုဘူး’’ဟုပြောခဲ့သည်။ သတင်းစာတွင်ရေးရခြင်းနှင့် စပ်လျဉ်း၍လည်း‘သတင်းစာရဲ့အရှိန်အဝါက အင်မတန်ကြီးတယ်။ စာဖတ်ပရိသတ် ပိုပြီးကျယ်ပြန့်တယ်။ သတင်းစာမှာပါတဲ့ ဆောင်းပါးကို လူတွေကဖတ်ကြတယ်။ စိတ်ဝင်စားကြတယ်။ ဆွေးနွေးကြတယ်။ အဲဒီတော့ သူကပိုပြီး ထိရောက်တယ်’ဟူ၍ ဆိုပါသည်။ ဆရာမောင်သော်ကသည်ပြောသည့်အတိုင်းပင် ကြေးမုံ၊ လုပ်သားအစရှိသည့် သတင်းစာများ၌ တွင်တွင်ကြီး ရေးခဲ့သည်။ သို့သော် သူရေးလေသမျှ ဖားတာဘာတစ်ခုမှမပါ။ အများပြည်သူအတွက်သာ ရေးခဲ့ခြင်းဖြစ်သည်။
၁၉၈၇ မတ်လမှ ဇူလိုင်လ အတွင်း ပေဖူးလွှာမဂ္ဂဇင်းတွင်တိုက် ရေယာဉ် ၁၀၃ ကိုယ်တွေ့ဝတ္ထုရှည် ကြီးပါလာသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စာနယ်ဇင်း လောကသာမက အုပ်စိုးသူစစ် တပ်အသိုင်းအဝိုင်းအထိပါ ဂယက်ရိုက်ခတ်သွားသည်။ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အမှန်မှာ နှစ်များစွာကြာ တအုံနွေးနွေးဖြစ်ခဲ့သော ကိုယ်တွေ့အဖြစ်အပျက်များကို ဇီဝဇိုးငှက်တစ်ကောင်လို ထွေးထုတ်လိုက်ခြင်း၊ တစ်သက်လုံး သိမ်းဆည်းခဲ့သော အကြောင်းအရာကို ဖွင့်ချလိုက်ခြင်း၊ တိုက်ရေယာဉ် ၁၀၃ မှာ မူရင်းနာမည် မဟုတ်၊ မူရင်းနာမည်က ငရဲသို့တစ်ခေါက်ဟု ပေးထားသည်။ ဆိုင်ရာကပြော၍ ပြောင်းလဲပေးခဲ့ရခြင်း၊ ထိုပြောင်းလဲသည့် တိုက်ရိုက်အမည် ‘တိုက်ရေယာဉ် ၁၀၃’က ပင် သတင်းပိုဆန်နေပြီး ပိုမိုရှင်သန်နေသည်။ ‘တိုက်ရေယာဉ်၁၀၃’အောင်မြင်မှုဖြင့် မောင်သော်က ကလောင်သည်လည်း ပိုမိုအရှိန် အဝါကြီးလာသည်။ လူကတော့ ကျန်းမာရေး မကောင်းတော့၍ ပေစောင်းပေစောင်း၊ ခေါင်းငဲ့မရ၍ ခန္ဓာကိုယ်ပါလှည့်လှည့်ကြည့်ရသည်။ ခြေတစ်ဖက်က သိပ်မသန်ချင်။ သို့သော် ဇွဲနှင့်မာန်ကား တစ်ပြားသားမှမလျှော့။ တိုက်ရေယာဉ် ၁၀၃ နှင့်ပတ်သက်၍ မလိခအညွှန်း ရေးသူဆရာနတ်နွယ်က - တိုက်ရေယာဉ် ၁၀၃ လိုဝတ္ထုမျိုး မြန်မာစာပေလောကတွင်မရှိသေးပါ။ မပေါ်သေးပါ။ ထိုမျှမကပြောရလျှင် ဤဝတ္ထုသည် အကြောင်းအရာအရရော၊ ရေးသားတင်ပြမှု အတတ်ပညာ အရရော နိုင်ငံတကာ အဆင့်မီဝတ္ထုတစ်ပုဒ်ဆိုလျှင် လွန်အံ့မထင်။ ချီးမွမ်းထိုက်သူကို ချီးမွမ်းအပ်ရာ၏ဟု ရေးသားခဲ့ပါသည်။
၁၉၈၈ တွင် ကျောင်းသားများ ဦးဆောင်သော ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ ဆရာမောင်သော်ကသည် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကာလအတွင်း လွတ်လပ်စွာ ထုတ်ဝေသည့် သတင်းစာများတွင် ကလောင်စွမ်းပြသည်။ နဂိုကတည်းက ချုပ်နှောင်မှုအောက်တွင် လူးလွန့်ဖောက်ထွက် ရေးသားခဲ့ရသည့် ဆရာမောင်သော်ကသည် အချုပ်အနှောင်ကင်းကင်း ရေးခွင့်သာသောအခါ အင်တိုက်အားတိုက် ရေးလေသည်။ သို့သော် အတော်များများမှာ နာမည်မခံ။ သို့ရာတွင် စာဖတ်သူက သိလေသည်။ ထိုကာလက သတင်းစာဆရာ၊ သတင်းသမားအစစ်များသည် အရေးတော်ပုံသတင်းစာများ၌ လက်စွမ်း
ပြကြသည်။
ထိုအထဲတွင် ဆရာအထောက်တော်လှအောင်၊ ဆရာဦးဝင်းတင်၊ ဆရာစိန်ခင်မောင်ရီနှင့် ဆရာမောင်သော်ကတို့သည် အင်ပြည့်အားပြည့် ရေးသားခဲ့ကြသည်။ သတင်းခေါင်းပေးပုံတွေကလည်း အားပါလှသည်။ ဥပမာ ဒီမိုကရေစီအရေး တောင်းဆိုအုံကြွကြရာ မဟာပထဝီမြေကြီး နိမ့်စောင်းသွားခြင်းမျိုးဖြစ်သည်။ မဖြစ်နိုင်မှန်းသိသော်လည်း သတင်းခေါင်းစီးက လူကိုဖမ်းစားသွားပြီး စိတ်ဓာတ်ခွန်အားကို ရရှိစေသည်။ သတင်းစာဖတ် ပြည်သူများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ဆွဲယူလိုက်သော အရေးအသားမျိုး။ ထို့ကြောင့်ပင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပိုမို ကျယ်ပြောလာခဲ့သည်။
စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းသောအခါ ဆရာမောင်သော်ကကဥက္ကဋ္ဌ၊ ဟံသာဝတီဦးဝင်းတင်က ဒု-ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးက မောင်ကိုယု ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်သုံးဦးသည် နောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဦးဆောင်သူများလည်း ဖြစ်ခဲ့သည်။ သူတို့နှင့် မခွဲမခွာ ပါလာသူက ယခု ဘကြီးမိုးဟုခေါ်ကြသော ဆရာမောင်မိုးသူဖြစ်သည်။ ဆရာမောင်သော်က အပါအဝင် သတင်းစာဆရာ၊ စာရေးဆရာများက သတင်းစာစောင်များမှနေ၍
ပြည်သူလူထုကို သတင်းတွေပေးသည်။ သတိတွေပေးသည်။ ရှေ့ဆက်လုပ်ရမည့်လုပ်ငန်း တာဝန်တွေကို ချပြသည်။ ဒီမိုကရေစီ တောင်းဆိုနေသော ရဟန်းရှင်လူများကလည်း ထိုသတင်းစာစောင်များကို အလုအယက် ဖတ်ကြသည်။ လူထုက တစ်သွေးတစ်သားတည်း ရှိသည့်သဘော၊ သတင်းနေ့စဉ်မှနေ၍ ဆရာမောင်သော်ကက အချိန်ကို တိုင်းဆခြင်းဆိုသည့် ခေါင်းကြီးကို ရေးသည်။
နိုင်ငံရေးသမားများ သတိထားရန်မှာ မည်သည့်နိုင်ငံတွင်မဆို စကားလုံးရွေးချယ်သုံးနှုန်းမှု (Choice of Word)နှင့် အခွင့်အခါ၊ အချိန်အခါကို အချိန်ကိုက် မှန်းဆတတ်ခြင်းပင် ဖြစ်သည် အစရှိသည့် ခေါင်းကြီးက ထိလှသည်။
ထိုသို့ လှုပ်ရှားနေရင်းနိုင်ငံရေးအတွင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရေး သူတို့သုံးဦး (ဆရာဦးဝင်းတင်၊ မောင်သော်ကနှင့် မောင်မိုးသူ) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ အခေါက်ခေါက် သွားရောက်ကာ တိုက်တွန်း အကူအညီ တောင်းခံသည်။ မိခင်ကြီးဒေါ်ခင်ကြည် မကျန်းမာ၍ မြန်မာပြည်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ထံ ဒီမိုကရေစီအရေးတွင် ပါဝင်ပေးရန် ပန်ကြားကြသည်။ အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူရွေးနေခြင်းဖြစ်သည်။ ၎င်း၏အနားတွင် ဦးထွေးမြင့်နှင့် သခင်တင်မြလည်း ရှိနေ၏။ ဤသို့ဖြင့်သြဂုတ် ၂၄ ရက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်သို့ ပထမဆုံး မိန့်ခွန်းပြောလေသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ လူထုရဲ့အင်အားဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီအင်အားကို အမှန်တရားနဲ့အတူတူ မကိုင်ထားနိုင်ဘူးဆိုရင် ဒီအင်အားတွေဟာ ကိုယ့်အတွက်ပြန်ပြီးတော့ အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ စွမ်းအားကို အမှန်တရားနဲ့ ထိန်းထားကြပါ အစချီသော မိန့်ခွန်းကိုပြောကြားခဲ့သည်။ အလျဉ်းသင့်၍ ဆိုရပါလျှင် တစ်လောက ယဉ်ကျေးမှုဒုဝန်ကြီး ဦးသန်းဆွေ (စာရေးဆရာမောင်သန်းဆွေ-ထားဝယ်) ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို တင်ခဲ့သူမှာ မင်းသားကြီးဦးထွန်းဝေ မဟုတ်။
ထိုကာလက လှည့်လည်သွားလာရာ၌ မည်သူမည်ဝါ မကွဲပြားလျှင် အန္တရာယ်ကြီးလွန်း၍ ထင်ရှားသည့် အနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံပေးခဲ့ခြင်းသာဖြစ်ပါသည်။ မင်းသားကြီးဦးထွန်းဝေကဲ့ သို့ပင်ရုပ်ရှင်သရုပ်ဆောင်ဦးအောင်လွင် (စံရွှေမောင်)နှင့် ဒေါ်ခင်သီတာထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍ စောင့်ရှောက်ရမည်ဆိုသော အသိဖြင့်ဝန်းရံခဲ့ခြင်းသာ ဖြစ်ပါ၏။ သမိုင်းသုတေသီလည်းဖြစ်၊ ဝန်ကြီးတစ်ပါးလည်း ဖြစ်သော ဦးသန်းဆွေသည် အကြောင်းအရာတစ်ခုကို ဂဃနဏ သေချာစွာမသိဘဲ ဤသို့ လက်လွတ်စပယ် ပြောလိုက်ခြင်းမှာ အံ့သြဘနန်း ဖြစ်စေခဲ့သည်။ ထိုစကားကို ၎င်းမည်သို့တာဝန်ယူမည် မသိ။ ဆိတ်ဆိတ်နေသွားမည်သာ ထင်ပါသည်။ ဧကန်စင်စစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ပြန်မလာခင် ပြည်ပတွင် ရှိစဉ်ကတည်းက မြန်မာ့နိုင်ငံရေးထဲ အနှေးနှင့်အမြန် ပါဝင်ရတော့မည့်အရေး ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ သူ့ကိုမည်သူကမျှ တင်,ပေးခဲ့ခြင်းမရှိပါ။သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါ၏။
၁၉၈၈ သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနေရာ၌ ကျင်းပသော ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကက စာပေအနုပညာရှင်များ ကိုယ်စားတက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်။ ဤသို့ဖြင့် ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးသည် နိုင်ငံတစ်ဝန်းရက်ပေါင်း ၄၀ မျှကြာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ခြိမ့်ခြိမ့်သဲဆင်နွှဲနေစဉ် စက်တင်ဘာ၁၈၊ ၁၉ ရက်များတွင် စစ်တပ်ကရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့လေသည်။
(၄)
စစ်အာဏာသိမ်းပြီးမကြာ၊ ဖွဲ့စည်းတည်ထောင်သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆရာမောင်သော်ကအပါအဝင် တတ်၊ သိပညာရှင်များ ပါဝင်လာကြသည်။ ဒီချုပ်ကို ပါတီအဖြစ် တရားဝင် ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကသည် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေးမှူး တာဝန်ခံအဖြစ် တာဝန်အပ်နှင်းခံရပြီး စစ်အစိုးရ၏ နှိပ်ကွပ်မှုကြားက ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ် အောင်မြင်အောင် ကူညီပံ့ပိုးပေးခဲ့သည်။ ဖိနှိပ်မှုများ ပိုများလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်၊ မောင်သော်က၊ မောင်ကိုယု၊ မောင်ဝံသ၊ စမ်းစမ်းနွဲ့(သာယာဝတီ) အစရှိသူတို့နှင့် တိုင်ပင်၍ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြ ကြွေး ကြော်သံကို တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားအောင် စီစဉ်ဖြန့်ဝေခဲ့လေသည်။
ထို့နောက် ၁၉၈၉ အာဇာနည်နေ့အလွန်တွင် ဦးဝင်းတင်၊ မောင်သော်ကနှင့် ဒီချုပ်ခေါင်းဆောင်များ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့လည်း ထိန်းသိမ်းခံရကာ အထက်ဖော်ပြပါအတိုင်း ဆရာမောင်သော်ကအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး အင်းစိန်ထောင် အထူးတိုက်သို့ ပို့ဆောင်လိုက်သည်။ ထိုမှတစ်ဆင့် သေဒဏ်ကျပြီးသား အကျဉ်းသားများသာထားရာ ကြိုးတိုက်သို့ ထပ်မံပို့ဆောင် ခံရသည်။ ထိုအချိန်တွင် ဆရာမောင်သော်ကမှာ ကျန်းမာရေး ချို့ယွင်းနေပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေ ၁၉၉၀ စက်တင်ဘာတွင် ထောင်အတွင်း အစာငတ်ခံဆန္ဒပြရာမှ ရိုက်နှက်ခံရပြီး
ထောင်ကြမ်းပြင်သမံတလင်းပေါ် ပစ်ချခံရကာ လေဖြတ်သလို ဖြစ်သွားသည်။ နီးစပ်သူအချို့က ဆရာဝန်များဖြင့် ကြပ်မတ်ကုသပေးပါရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့။ ကြိုးတိုက်အတွင်းနေရစဉ် အပြင်လောက၌ ဇနီးနှင့်သားတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခြင်းကလည်း သံမဏိလိုမာကျောသော စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်ခဲ့သည်။ တစ်ဦးတည်းသောသား ဆုံးရှုံးရခြင်းဖြစ်၍ ပိုမိုခံစားရပုံ ပေါ်လေသည်။ ထို့နောက် ကြိုးတိုက်ထဲဝင် မူးလဲကာ ထောင်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ စစ်အာဏာပိုင် စစ်ထောက်လှမ်းရေးကမူ ဆရာမောင်သော်က အနှေးနှင့် အမြန်သွားတော့မည်ဟု တွက်ထားကြသည်။
တကယ်တမ်းကျ စစ်အာဏာရှင်များသည် ဆရာမောင်သော်ကကို အမှုန့်ချေပစ်လိုသည်အထိ အမုန်းကြီးမုန်းနေကြသည်။
ဤနည်းဖြင့်မသေလည်း အခြားတစ်နည်းနည်းဖြင့် သေဖို့ရာ လုပ်ဆောင်ကြဦးမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ အရေးတော်ပုံအတွင်း စစ်ရေးအကူအညီပေးရန် အမေရိကန်အစိုးရထံ အဓိကတောင်းခံသူမှာ ဆရာမောင်သော်က သာလျှင် ဖြစ်၏။ ထို့ကြောင့် အငြိုးကြီးကြီးထားကာ တစ်နည်းနည်းဖြင့် သုတ်သင်မည်သာဖြစ်ချေ၏။ သူတို့ မသုတ်သင်ရဘဲ သူ့စရိတ်ဖြင့်သူသွားပါက အတိုင်းထက်အလွန် ဝမ်းမြောက်ကြပါမည်။
အမှန်တကယ်တွင်မူ ဆရာမောင်သော်ကသည် တိုင်းပြည်ကို ဆယ်စုနှစ်များစွာကြာ လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အစိုးရကို ဖြုတ်ချရန်ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေလုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ မည်သည့်နည်းနှင့်ဖြစ်စေ စစ်အစိုးရကို ဖြုတ်ချရေးသာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် စစ်အစိုးရကဆရာ မောင်သော်ကအပေါ် ဤမျှအာဃာတကြီးမားခဲ့ခြင်းဖြစ်သည်။ သူတို့ မျှော်လင့်ထားသလိုလည်း
ဖြစ်ခဲ့ပါ၏။
၁၉၉၁ ဇွန်လ ၁၁ ရက်တွင် ဆရာမောင်သော်က ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး ဝန်းရံပေးခဲ့သော ရန်ကုန်ဆေးရုံကြီး၏ အချုပ်ခန်းအတွင်း ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်တစ်ဦးကျဆုံးခြင်း။ တစ်နည်းဆိုရလျှင် ကြယ်ဖြူပါ ခွပ်ဒေါင်းအလံအောက်၌ ရဲရဲဝံ့ဝံ့ ကျဆုံးသွားခြင်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဆရာမောင်သော်က အပါအဝင် ခရမ်းဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးတင်ရွှေ (မုံရွာ တင်ရွှေ)၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှသန်း၊ ဧရာဝတီတိုင်းလေးမျက်နှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစီမောင် အပါအဝင် ထောင်အတွင်း အကျဉ်းချခံရပြီး ကွယ်လွန်သူများ၊ ထွက်ပြေးတိမ်းရှောင်ရင်း ကွယ်လွန်သွားသူများ၏ သွေးတို့ ခက်ခက်ခဲခဲဖြင့် တည်ဆောက်ခဲ့ရသော အဖွဲ့ကြီးဖြစ်သည်။ သူတို့၏ သွေးများကား နှလုံးသားတွင် မခြောက်သေး ..။ သမိုင်းပေးတာဝန်ကိုသာ မိမိတို့ကျေပွန်ရန်လိုပါ သည်။ အမှန်နှင့်အမှား၊ ဓမ္မွနှင့်အဓမ္မကတော့ ယှဉ်တွဲရှိနေမည်သာ။ အဆုံး၌ ဓမ္မကသာ အောင်ပွဲခံပါမည်။
ရန်ကုန်မြို့ ဆွန်နီသင်္ချိုင်းရှိ အုတ်ဂူတစ်ခုတွင် ယခုလို ရေးထိုးထားခဲ့သည်။
ဗိုလ်မှူးဘသော်၊ တပ်မတော်(ရေ) (၃၀၅၀)ငြိမ်း၊ နူရ်းအာမက်၊ အသက် (၆၂)နှစ်၊ စာရေးဆရာ မောင်သော်က၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်၊ NLD ပါတီစတင်ဖွဲ့စည်းဦးဆောင်ခဲ့သူ။ ၁၁.၆.၁၉၉၁ နေ့တွင် အင်းစိန်အကျဉ်းထောင်တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ကိုခံယူသည်ဟူ၍ . .............
THBTT
___________________________________
[ဆရာမောင်သော်က ပြောသောပုံပြင်များ
ဆင်ထိန်းမောင်စိန်
ဆရာမောင်သော်ကရဲ့ မျိုးချစ်စိတ်နဲ့ပတ်သက်တဲ့ ဟောပြောချက်တွေထဲမှာ ဆင်ထိန်းမောင်စိန်အကြောင်းကို ကျွန်တော် အမြဲလို သတိရနေတတ်ပါတယ်။ မောင်စိန်ဟာ ရန်ကုန်တိရစ္ဆာန်ရုံက ဝန်ထမ်းတဦးဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်ရုံထဲမှာ ဆင်ချေးကျုံးရတဲ့ ဆင်ထိန်းတယောက်ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ပဲ နေ့စဉ် ထိတွေ့ ဆက်ဆံနေရသူတဦးဖြစ်ပါတယ်။ ဒီတော့ တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသဘောပေါက်သူဆိုပါတော့….။
အာဏာရှင် ဦးနေဝင်းလက်ထက်တုန်းက ယူဂိုဆလားဗီးယာနိုင်ငံက ခေါင်းဆောင်ကြီးမာရှယ်တီးတိုးဟာ စစ်သင်္ဘောတစင်း နဲ့ မိတ်ဆွေနိုင်ငံတွေဆီ အလည်အပတ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်မှာ ဦးနေဝင်းနဲ့ မာရှယ်တီးတိုး တွေ့ဆုံပြီးနောက်… ဦးနေဝင်းက တိရစ္ဆာန်တွေချစ်တတ်တဲ့ မာရှယ်တီးတိုးကို ဆင်တကောင်၊ ကျားတကောင်နဲ့ မြွေတကောင်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ပေးတဲ့ဆင်က နည်းနည်းရိုင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ ဆင်ကို သင်္ဘောပေါ်တင်မရ ဖြစ်ခဲ့ပါတယ်။ ဒီဆင်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူတဦး လိုပါတယ်။ ဒါ့ကြောင့်ပဲ ဆင်ကို သင်္ဘောပေါ် အတင်အချလုပ်ရေးအတွက် မောင်စိန်ဟာ အရေးပါဆုံးလူ ဖြစ်လာခဲ့ပါတယ်။ သင်္ဘော ကုန်းပတ်ပေါ် တက်ဖို့ ကပ်တတ်တတ်လုပ်နေတဲ့ဆင်ကို ကိုယ်တွယ်ဖို့ တိရစ္ဆာန်ရုံမှာအလုပ်လုပ်နေတဲ့မောင်စိန်ကို ဦးနေဝင်းက ဆင့်ခေါ် ခိုင်းခဲ့တယ်။ ဒါကြောင့် မောင်စိန်တယောက် ရန်ကုန်သင်္ဘောဆိပ်ကို လိုက်သွားခဲ့ရပါတယ်။
သင်္ဘောပေါ်မတက်ဘဲ ပေကပ်ကပ်လုပ်နေတဲ့ဆင်နားကို မောင်စိန်က ကပ်သွားတယ်။ ဆင်ကြီးကလည်း မောင်စိန် သူ့အ နားရောက်လာတာနဲ့ နှာမောင်းလေးနဲ့ ယုယုယယ နှုတ်ဆက်ပါတယ်။ မောင်စိန်က ဆင်နားရွက်ကို လက်နဲ့ပွတ်သပ်ရင်း နှုတ်ကလည်း တိုးတိုး တိုးတိုးနဲ့ စကားပြောလိုက်၊ သီချင်းဆိုလိုက် လုပ်ပါတယ်။ ပြီးတော့ ဆင်ကြီးဟာ မောင်စိန်ညွှန်ကြားတဲ့ အတိုင်း သင်္ဘောကုန်းပတ်ပေါ်ကို သူ့ဘာသာသူ တက်သွားခဲ့ပါတယ်။ အားလုံးက တအံ့တသြဖြစ်ခဲ့ကြသပေါ့။ ယူဂိုဆလပ် စစ်သားတွေ မြန်မာစစ်သားတွေရဲ့အလယ်မှာ မောင်စိန်ဟာ စစ်သေနာပတိချုပ်ကြီးတဦးပမာ ရပ်နေခဲ့တယ်။ ဆင်ကြီး သင်္ဘောပေါ်ရောက်သွားချိန်မှပဲ ယူဂိုဆလပ် ဂုဏ်ပြုစစ်တပ်က ဘင်ခရာနဲ့ တီးမှုတ် ဂုဏ်ပြုလိုက်ပါတော့တယ်။ ဘင်ခရာ ဝိုင်း တီးမှုတ်အပြီးမှာ ခေါင်းဆောင်ကြီး မာရှယ်တီးတိုးကိုယ်တိုင်ရောက်လာပြီး ဆင်ထိန်းမောင်စိန်ကို Master of the elephants ဂုဏ်ထူးဆောင်ဆုကို ချက်ချင်းအပ်နှင်းလိုက်ပါတယ်။
ဆင်ကြီးကို ယူဂိုဆလားဗီးယားနိုင်ငံအထိ သယ်ဆောင်ရေးမှာ ဆင်ထိန်းမောင်စိန်ရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာကို ရောက်လာခဲ့ပါတော့တယ်။ ဒါ့ကြောင့်ပဲ ဆင်ထိန်းမောင်စိန်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အမိန့်အရ ယူဂိုဆလားဗီးယား နိုင်ငံထိ လိုက်သွားခဲ့ရပါတယ်။ ဦးနေဝင်းရဲ့အမိန့်ကြောင့်သာ လိုက်သွားရတယ်။ မောင်စိန် မပျော်ပါဘူး။ သူဟာ ဘယ်ဘာ သာစကားမှ မပြောတတ်ပါဘူး။ ပညာလည်း မတတ်ပါဘူး။ တိရစ္ဆာန်ရုံမှာ ဆင်စာ ကြံရောင်းတဲ့ သူ့မိန်းမကိုလည်း မခွဲနိုင်ပါ ဘူး။ ဦးနေဝင်းကိုကြောက်လို့သာ လိုက်သွားရတယ်။ စိတ်ကတော့ ရန်ကုန် တိရစ္ဆာန်ရုံနဲ့ သူ့ မိန်းမဆီမှာပဲ ကျန်ခဲ့ရှာပါတယ်။
___________________________
သင်္ဘောပေါ်မှာကလည်း နိုင်ငံစုံကပေးလိုက်တဲ့ တိရစ္ဆာန်တွေက ပါလာခဲ့တာပါ။ နှစ်ပတ်လောက်အကြာမှာ တိရစ္ဆာန်တွေဟာ အပူအအေး မမျှတတာကြောင့် ဆူညံသောင်းကျန်းကြတာပေါ့၊ ဒီလိုအခြေအနေမျိုးမှာ မောင်စိန်လည်း အစွမ်းပြခွင့် ရခဲ့ပါ တယ်။ ဆူညံသောင်းကျန်းနေတဲ့ တိရစ္ဆာန်တွေထဲမှာ ဦးနေဝင်းပေးလိုက်တဲ့ စပါးကြီးမြွေလဲ ပါပါတယ်။ မြွေဟာ ပခြုပ်ထဲက ထွက်ပြီး သင်္ဘောကုန်းပတ်ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။ ယူဂိုဆလပ်စစ်သားတွေလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ မောင်စိန့်ကို အကြောင်းကြားကြတယ်။ မောင်စိန်က အခြေအနေကို ကြည့်လိုက်တာနဲ့ သဘာပေါက်သွားတယ်။ မြွေကြီးကို ချက်ချင်း ကောက်ယူပြီး ပခုံးပေါ် မနိုင်တနိုင် ထမ်းတင်လိုက်တယ်။ သင်္ဘောအင်ဂျင်းနားမှာချထားတဲ့ ပခြုပ်ထဲကို ခက်ခက် ခဲခဲ ပြန်ထည့်လိုက်တယ်။ ပြီးတော့ အင်ဂျင်အပူဒဏ်မခံနိုင်တဲ့ မြွေကို သင်္ဘောအင်ဂျင်နဲ့ ဝေးတဲ့နေရာ၊ အပူအအေးမျှတဲ့နေရာ မှာ ပြောင်းထား လိုက်တယ်။ မြွေကြီးငြိမ်ကျသွားတယ်။ ဒီသတင်းဟာ တမဟုတ်ချင်း ခေါင်းဆောင်ကြီး မာရှယ်တီးတိုးဆီ ရောက်သွားတယ်။ စစ်ခေါင်းဆောင်ကြီးကလဲ ထုံးစံအတိုင်း ဆင်ထိန်းမောင်စိန်ကို Master of the snake ဂုဏ်ထူးဆောင် ဆုတဆုကို စစ်အခမ်းအနားနဲ့ ထပ်မံအပ်နှင်းလိုက်ပြန်ပါတယ်။
ဒီလိုနဲ့ လမ်းခရီးမှာ ဦးနေဝင်းပေးလိုက်တဲ့ ကျားပေါက်လေးဟာလည်း အစားမစားဘဲ တမှိုင်မှိုင် တတွေတွေ ဖြစ်လာတယ်။ မောင်စိန်ဟာ ကျားပေါက်အခြေအနေကိုကြည့်လိုက်တာနဲ့ အအေးမိနေပြီဆိုတာ သိတယ်။ ကျားပေါက်ကို ရင်ခွင်ထဲ ထဲ့ပြီး သူအမြဲသုံးတဲ့ ကျားဘမ်းပရုပ်ဆီနဲ့ ကျားပေါက်လေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ပွတ်ပေးလိုက်တယ်။ ကျားပေါက်လေးဟာ ချက်ချင်း နှာချီပြီး လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာတယ်။ အစား ပြန်စားလာတယ်။ ထုံးစံအတိုင်းပဲ မာရှယ်တီးတိုးက Master of the tiger ဆု ပေးအပ်ပြန်တယ်။ သဘောင်္ပေါ်မှာပဲ ဆုသုံးဆုရလိုက်တဲ့ မောင်စိန်ရဲ့သတင်းနဲ့ အတူ ခေါင်းဆောင်ကြီး မာရှယ်တီးတိုး ယူဂိုဆလက်ကိုပြန်လာတဲ့သတင်းဟာ ယူဂိုဆလပ်နိုင်ငံပိုင် သတင်းစာထဲပါလာတယ်။ ယူဂိုဆလပ် ဆိပ် ကမ်းကိုဝင်လိုက်တာနဲ့ ပြည်သူလူထုတွေဟာ ဆင်ထိန်းမောင်စိန်နဲ့ တိရစ္ဆာန်တွေကို ကြည့်ဖို့ စောင့်နေကြတယ်။
မာရှယ်တီးတိုး စစ်သင်္ဘောပေါ်က ဆင်းလာတဲ့ အချိန်မှာ စစ်အတီးဝိုင်းက တီးနေမယ်။ ဆင်၊ ကျား၊ မြွေနဲ့ လက်ဆောင်ရ တိရစ္ဆာန်တွေက နောက်ကခြံရံပြီး ဆင်းမယ်။ လူထုက ခေါင်းဆောင်ကြီးကို တခဲနက်ကြိုဆိုဖို့ ယူဂိုဆလပ်စစ်တပ်က အစီအစဉ်ချထားတာပါ။ ဒါပေမယ့် ဒီအစီအစဉ်က ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်က ကုန်းပတ် ပေါ်ကိုမနင်းဘဲ နောက်ကိုပဲ ပြန်ဆုတ်နေတာကြောင့်ပါ။ ဒီမှာပဲ မောင်စိန်က အခြေအနေကိုကြည့်လိုက်တယ်။ ဆင်ဆိုတာက ခန္ဓာကိုယ်ကြီးတဲ့ သတ္တဝါဖြစ်ပါတယ်၊ မတောင့်တင်းတဲ့ကုန်းပတ်ပေါ် ခြေကိုချဖို့ ချိန်ဆကြည့်လိုက်တာနဲ့ ရှေ့ကိုမတိုးဘဲ နောက်ကို ပြန်ဆုတ်နေတာကို သိလိုက်ပါတယ်။
ဒီမှာပဲ မောင်စိန်ဟာ ကုန်းပတ်တောင့်တင်းအောင် အောက်ကနေ တုတ်တွေထောက်လိုက်တယ်။ ဘေးပတ်ဝန်းကျင်ကရေပြင် ကို ဆင်မမြင်ရအောင် ကုန်ပတ်အတက်အဆင်းမှာ သစ်ကိုင်းသစ်ခက်တွေ ကာခိုင်းလိုက်တယ်။ အားလုံးစီစဉ်ပြီးတဲ့ အချိန်မှာ ဆင်ကြီးကို ဆင်းခိုင်းလိုက်တယ်။ ဆင်ကလဲ အေးအေးဆေးဆေးပဲ ဆင်းသွားတယ်။ စစ်အတီးဝိုင်းကတီး စစ် ခေါင်းဆောင် မရှယ်တီးတိုးက ရင်ကော့ပြီး သင်္ဘောပေါ်ကဆင်းလာတယ်။ ခေါင်ဆောင်ကြီးရဲ့နောက်က ဆင်းကြီးကို မောင်စိန်က ထိန်းကြောင်းပြီးဆင်း။ လူထုက လက်ခုပ်လက်ဝါးတီးကြိုဆိုနဲ့ မောင်စိန်ဘဝမှာ အခမ်းနားဆုံး ကြိုဆိုခံရမှုကြီး ဖြစ်ခဲ့ပါတယ်။
ဆူဂိုဆလပ်ရောက်တော့လဲ မောင်စိန်ကို ကောင်းပေ့ဆိုတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာထားပါတယ်။ အကောင်းဆုံးအစား အစာတွေနဲ့ ဧည့်ခံပါတယ်။ မောင်စိန်လုပ်ရတဲ့ အလုပ်က တရက် တကြိမ် နှစ်ကြိမ် ဆင်၊ ကျားနဲ့ မြွေကို သွားကြည့်ရတယ်။ အစာကျွေးရတဲ့ အလုပ်ပဲ လုပ်ရပါတယ်။ မာရှယ်တီးတိုးကိုယ်တိုင်က မောင်စိန်ကို မပြန်စေချင်ပါဘူး။ လခလဲ ကောင်းကောင်း ထောက်ပံ့ထားပါတယ်။
__________________________
ကဲ အတိုပဲချုံးပြောပါရစေတော့ ဆရာမောင်သော်ကအပါအဝင် တခြားအရာရှိတချို့ဟာ ယူဂိုဆလားဗီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်တခု ရောက်သွားခဲ့ပါတယ်။ တရက်မှာတော့ အစိုးရဧည့်သည်တော်တွေထားတဲ့ ကြယ်ငါးပွင့် ဟိုတယ် ကြီး ထဲကို အကောင်းစား ကားကြီးတစင်းဝင်လာတယ်။ စစ်သားတွေ အခြံအရံတွေနဲ့ ဆိုတော့ ခေါင်းဆောင် တယောက်ယောက် ဖြစ်နေမလားလို့ ဆရာမောင်သော်ကတို့ အဖွဲ့က ကြည့်နေတုန်း…အဲဒီကားပေါ်ကနေ ဆင်ထိန်းမောင်စိန် ဆင်းလာတာကို တွေ့ရပါတယ်။
မောင်စိန်ကို တွေ့လိုက်တော့ မောင်သော်ကတို့လဲ အင်မတန်အံ့သြခဲ့ကြပါတယ်။ မောင်စိန်က ဆရာမောင်သော်ကတို့ကို မြင်လိုက်တာနဲ့ အားရဝမ်းသာ နှုတ်ဆက်ပြီး သူမြန်မာပြည်ကိုပြန်ခွင့်ရအောင် ကူညီပေးပါဆိုပြီး ငိုချလိုက်ပါတယ်။ နိုင်ငံခြား ထွက်ခွင့်ရဖို့ ကြိုးစားနေတဲ့ခေတ်မှာ မောင်စိန်တယောက်ဟာ ကြယ်ငါးပွင့်ဟိုတယ်မှာနေခွင့်ရ။ လခကောင်းကောင်း ရနေတာတောင် မြန်မာပြည်ပြန်ခွင့်ရအောင် ကူညီပေးဖို့ပြောနေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဆရာမောင် သော်ကက ဟောပြောခဲ့ပါတယ်။
ဒါကြောင့်ပဲ မောင်စိန်ကိစ္စကို ခေါင်းဆောင်ကြီး မာရှယ်တီးတိုးဆီ အကျိုးအကြောင်းစာရေးပြီး မောင်စိန် မြန်မာနိုင်ငံပြန်ခွင့် ရရေး ကူညီခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မောင်စိန် မြန်မာနိုင်ငံကို ပြန်ခွင့်ရသွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်သွားတဲ့ မောင်စိန်ဟာ ထုံးစံအတိုင်း တိရိစ္ဆာန်ရုံမှာပဲ ဆင်ချေး ဆက်ပြီးကျုံးတဲ့အလုပ်ကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
_________________________

တိုင်းပြည်ကိုချစ်တဲ့စိတ်ဆိုတာ ဒါပါပဲလို့ ဆိုပါတယ်။ တပ်ထဲဝင်မှ စစ်သားမှ တိုင်းပြည်ကိုချစ်တာမဟုတ်ဘူး။ ဆင်ချေး ကျုံးတဲ့မောင်စိန်လဲ တိုင်းပြည်ကို ချစ်တာပါပဲဗျာလို့ ဆရာမောင်သော်ကက ပြောခဲ့ပါတယ်။

( ကိုဂျေ) ]


https://www.facebook.com/groups/1469898766620657/permalink/2510340472576476/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်မှုးဘသော် (စာရေးဆရာ - မောင်သော်က)အမှတ်တရ”

Post a Comment

Related Posts Plugin for WordPress, Blogger...