Tuesday, July 24, 2018

အာဏာရူး ဗမာ့ဝါဒနဲ့ ပြည်ထောင်စုမပြိုကွဲရေးရောဂါ

,
လက်ရှိ မြန်မာနိုင်ငံလို့ အမည်သတ်မှတ်ခံထားရတဲ့ နယ်မြေဟာ ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းပြီး နိုဝင်ဘာလ ၅ရက်နေ့ ၁၉၄၇ ခုနှစ်မှာ အသက်ဝင်လာခဲ့တဲ့ ဗမာပြည်လွတ်လပ်ရေးအက်ဥပဒေ (The Burma Independence Act of 1947) ကြောင့်သာ ဖြစ်တည်လာခဲ့ရတယ်လို့ ဆိုရင် အကြွင်းမဲ့ မှန်ကန်နေပါလိမ့်မယ်။ ဒီဥပဒေအရ ဗမာပြည်ရဲ့ အချူပ်အခြာအာဏာကို အင်္ဂလိပ်ကိုလိုနီအာဏာပိုင်တွေရဲ့ လက်ထဲကနေ ဗမာအာဏာပိုင်တွေဆီသို့ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ လူအများ ယုံကြည်နေကြတဲ့ ပင်လုံစာချူပ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ် ဖြစ်ထွန်းလာမှုမှာ နိုင်ငံရေးလုပ်ထုံးလုပ်နည်းနဲ့ တရားဝင်မှုဥပဒေကြောင်းအရ သိပ်ပြီးအရေးပါမှုမရှိလှပေမဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်ဆိုင်ရာ နိုင်ငံရေးအာဏာခွဲဝေကျင့်သုံးခြင်း နိုင်ငံရေးသဘောတရားအရတော့ ဒီနေ့ထက်ထိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကကို လွှမ်းမိုးထားဆဲပဲလို့  ပြောနိုင်မယ် ထင်ပါတယ်။

ရှိရင်းစွဲလှေနံဓါးထစ်ယဉ်ကျေးမှုကို စွဲကိုင်ထားကြသလို သမိုင်းအမှားနဲ့ လူမျိုးရေးအစွန်းရောက်ဝါဒမှိုင်းတိုက်ခြင်းကို ခံလာခဲ့ကြရတဲ့ ဗမာလူမျိုးအများစုကတော့ ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ ဖြစ်တည်လာခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နယ်မြေအစုအဖွဲ့ကို ဗမာလူမျိုးရဲ့  ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်လာခဲ့ကြတဲ့ နယ်မြေလို့ ယူဆထားကြပြီး ကျန်တဲ့ ဗမာမဟုတ်တဲ့လူမျိုးများဟာ ဗမာနယ်မြေမှာ ခိုးဝင်ခိုကပ်နေထိုင်နေကြတဲ့ လူတွေလို့ မှားယွင်းစွာ သတ်မှတ်လာခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုအမှားကို အခြေခံထားတဲ့ ဗမာလူမျိုးကြီးဝါဒကို အသေဆုပ်ကိုင်ကာ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ဗမာလမ်းစဉ်ကို အာဏာရဗမာတွေအဆက်ဆက် တစိုက်မတ်မတ် ပြဌာန်းကျင့်သုံးလာခဲ့ကြပါတယ်။

အရိုးရှင်းဆုံးစကားလုံးကို ရွေးပြောရရင် အာဏာရဗမာအများစုမှာ ကုရာနတ္တိဆေး မရှိတဲ့ ပြည်ထောင်စုမပြိုကွဲရေးရောဂါ စွဲကပ်နေပါတယ်။ ပြည်ထောင်စုပြိုကွဲသွားမှာကို စိုးရိမ်တဲ့ အကြောက်တရားကြောင့် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့  ပေါ်ထွန်းလာခဲ့ရပါတယ်။ အခုလည်းပဲ ပြည်ထောင်စုမပြိုကွဲရေးရောဂါလက္ခဏာဖြစ်တဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရဆိုတဲ့ တဖက်စောင်းနင်းအမြင်နဲ့  ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြစ်စဉ်ကြီးတစ်ခုလုံးကို အသေသတ်ဖို့ ကြိုးစားလာနေကြပါတယ်။

ဗုဒ္ဓဘာသာဝင်အစစ်အမှန်ဆိုရင်တော့ ဘယ်အရာမှမတည်မြဲတဲ့ သင်္ခါရတရားကို လက်ခံထားဖို့ လိုပါတယ်။ ကမ္ဘာ့နိုင်ငံများ ပေါ်ထွန်းမှု အတက်အကျသမိုင်းကို လေ့လာကြည့်လိုက်ရင်လည်း ထာဝရတည်ရှိသော နိုင်ငံရေးအဆောက်အအုံဆိုတာ မရှိသလို ပြောင်းကိုပြောင်းလဲခဲ့ရတဲ့ အင်ပါယာ၊ ပြည်ထောင်စု၊ အုပ်ချူပ်ရေး၊အစိုးရယန္တရားများကိုပဲ တွေ့ကြရမှာပါ။

နိုင်ငံသစ်များပေါ်ထွန်းလာပြီး နိုင်ငံဟောင်းများ ပျောက်ကွယ်သွားတတ်တာ သမိုင်းရဲ့ ဓမ္မတာ လောကနိယာမပါပဲ။ ရောမအင်ပါယာကြီး ပြိုကွဲနိဂုံးချူပ်သွားခဲ့ရသလို အင်္ဂလိပ်နေမ၀င်အင်ပါယာလည်း နေ၀င်သွားခဲ့ရပါတယ်။ ရုရှားမှုပြုရေးဆိုတဲ့ လူမျိုးကြီးဝါဒနဲ့  လူမျိုးရေးအစွန်းရောက်မှုက ဆိုဗီယက်ပြည်ထောင်စုကြီးကို အသေသတ်ခဲ့သလို ဆာဘ့်လူမျိုးတို့ရဲ့  နိုင်ငံတော်အကြမ်းဖက်ဝါဒနဲ့ လူမျိုးတုန်းသတ်ဖြတ်စစ်ရာဇ၀တ်မှုများက ယူဂိုဆလားဗီးယားပြည်ထောင်စုကို ဖြိုချပြောင်းလဲပေးလိုက်ပါတယ်။ ဒီကမ္ဘာ့သမိုင်းသာဓကများကို နားလည်ဖို့ အရှိတရားကို အရှိအတိုင်းမြင်ဖို့အာဏာရဗမာတွေ ကြိုးစားအားထုတ်ပြီးမှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မယ့် နိုင်ငံရေးလမ်းမှန်ကို တွေ့လာနိုင်မှာပါ။

သို့သော် နှစ်ပေါင်း ၇၀ အာဏာရဲ့စည်းစိမ်ကို ခံစားလာရပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းအားလုံးနဲ့ အချူပ်အခြာအာဏာကို ဗမာလူမျိုးတစ်မျိုးတည်းကပဲ ပိုင်ဆိုင်တယ်လို့ ယုံကြည်လာခဲ့ကြတဲ့ ဗမာတွေအတွက်ကတော့ သူတို့ ရထားတဲ့ နိုင်ငံရေးအဆင့်အတန်းကို ဘယ်လိုမှ အပြောင်းအလဲခံရဲမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုမပြိုကွဲရေးရောဂါကိုပဲ တရားသေစွဲကိုင်ပြီး အသက်ထွက်တဲ့အထိ ဝေဒနာခံစားသွားမယ့် သဘောမှာရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီက ဗမာအမျိုးသားအကျိုးစီးပွါးကိုပဲ ကွက်ကွက်လေးကြည့်ပြီး နိုင်ငံရေးအာဏာကို ခွဲဝေကျင့်သုံးနိုင်တဲ့ ပါဝါမျှခြေတည်ဆောက်နိုင်တဲ့ ညွန့်ပေါင်းအစိုးရ မဖွဲ့ စည်းခဲ့တာရယ် အခုလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို မူအရလက်ခံကြပေမဲ့ ဗမာမဟုတ်တဲ့ လူမျိုးများရဲ့ မွေးရာပါနိုင်ငံရေးအခွင့်အရေးများနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တရားဝင်အသိအမှတ်မပြု မပေးအပ်တာတွေကို ကြည့်ရင် ဗမာလူမျိုးကြီးဝါဒနဲ့ ဗမာမှုပြုရေးပေါ်လစီဟာ အသက်ဝင်နိုးထနေဆဲပဲဆိုတာ သိမြင်နိုင်ပါတယ်။

ဥရောပခေတ်ဦး ဂရိသမိုင်းမှာ အေသင်မြို့ ပြနိုင်ငံနဲ့ စပါတာတို့ စစ်ဖြစ်ကြတော့ ဒီမိုကရေစီအေသင်ရဲ့ ခေါင်းဆောင် ပါရီကလေး (Pericles) က စစ်ဖွင့်တိုက်တာထက် အတွင်းညီညွတ်ရေးတည်ဆောက်ထားတဲ့ ခံစစ်ဗျူဟာကို ကျင့်သုံးဖို့ အကြံပေးခဲ့ပြီး ပင်လယ်ဆိပ်ကမ်းကနေ အေသင်မြို့  ပတ်ပတ်လည်ကို နံရံတံတိုင်းကြီးများ ကာရံထားလိုက်ကြပါတယ်။ သို့သော် နံရံတံတိုင်းကြီးအတွင်းမှာ ပိတ်လှောင်နေမိခြင်းရဲ့ ဆိုးကျိုးက ပလိပ်ရောဂါကူးစက်ပျံ့ ပွါးလာခဲ့ပြီး နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကြီး ပါရီကလေးနဲ့ သူ့သားအပါအ၀င် အေသင်လူဦးရေ သုံးသောင်းကျော် သေကြေခဲ့ကြရပါတယ်။ အခုလို လူတွေက မိုက်မဲစွာ ဖန်တီးလိုက်တဲ့ ကပ်ဘေးရဲ့ နောက်ဆက်တွဲကတော့ အေသင်ဒီမိုကရေစီနဲ့ ရှေးဦးဂရိသမိုင်းကြီးတခုလုံး နိဂုံးချူပ်သွားခဲ့ကြရခြင်းပဲ ဖြစ်ပါတယ်။ ဖွင့်မတိုက် ခွဲမထွက်ပဲ စုပြီးနေခဲ့ကြလို့  စုသေခဲ့ကြရတဲ့ ရင်နင့်စရာ သမိုင်းသင်ခန်းစာပါပဲ။

မျက်မှောက်ခေတ်မှာ သက်နု (သို့မဟုတ်) မွေးကင်းစဒီမိုကရေစီကို သေဆုံးစေနိုင်တဲ့ အချက် (၃)ချက် ရှိကြောင်း နိုင်ငံရေးသိပ္ဗံပညာရှင်တွေက ထောက်ပြကြပါတယ်။ ဒီ (၃) ချက်ကတော့ စစ်အာဏာသိမ်းခြင်း၊ ဘေးကပ်ဆိုက်ခြင်းနဲ့  ပြည်သူလူထုရဲ့ လူမျိုးရေးအစွန်းရောက်ဝါဒ နိုးထလာခြင်း တို့ ပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “တိုက်ပွဲဝင်ရန် ရွေးကောက်တင်မြှောက်လိုက်ခြင်း-ဘာကြောင့် ပေါ်ထွန်းစဒီမိုကရေစီနိုင်ငံတွေ စစ်တိုက်လာရတာလဲ” (Electing to fight: Why emerging democracies go to war) စာတမ်းမှာ ကိုလံဘီယာတက္ကသိုလ်က နိုင်ငံရေးသိပ္ဗံပညာရှင်များဖြစ်ကြတဲ့ ပါမောက္ခ ဂျတ်ဆိုင်ဒါ (Jack Snyder) နဲ့ အဒ်ဝေါဒ်မန်စ်ဖီးလ်(Edward Mansfield)တို့ က အားပျော့တဲ့ နိုင်ငံရေးအင်စတီကျူးရှင်းများသာရှိတဲ့ ပေါ်ထွန်းစဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်များဟာ ပြင်ပခြိမ်းခြောက်မှုများနဲ့ ရန်လိုမုန်းတီးတဲ့ အမျိုးသားရေး အစွန်းရောက်စကားလုံးများကို သုံးစွဲပြီး လူအများထောက်ခံမှုရအောင် လုပ်ဆောင်ကြတာကြောင့် စစ်ဖြစ်တာ များပါသတဲ့..။ မြန်မာနိုင်ငံရဲ့ အချူပ်အခြာအာဏာကို ထိပါးစော်ကားနေတယ်၊ လုံခြုံရေးအမြင်ရှိရမယ်၊ ပြည်ထောင်စုကနေ တစ်လက်မမှ ခွဲမထွက်ရ၊ တပ်မတော်က ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို အပြည့်အ၀ အကာအကွယ်ပေးထားတယ်၊ ဗမာနိုင်ငံရေးထဲမှာ ဗမာစစ်တပ်ကရှိနေရမယ်... စတဲ့ နိုင်ငံရေးအသိတရားခေါင်းပါးတဲ့ သည်းခြေကြိုက်ဝေါဟာရများက ပြည်ထောင်စုမပြိုကွဲရေးရောဂါလက္ခဏာများပဲ ဖြစ်ကြပါတယ်။ ဒီရောဂါက နာတာရှည်ရောဂါပါ။ ၁၉၄၈ ခုနှစ်ကနေ မျက်မှောက်ကာလထိ နှစ်ပေါင်း ၇၀ ရှိလာပါပြီ။ ဗမာလူမျိုးတွေရဲ့ အသွေးအသားနဲ့ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်အမြစ်တွယ်နေတဲ့ ဒီရောဂါဆိုးက ကုရာနတ္တိ ဆေးမရှိတော့ဘူးဆိုတာကို တွေ့ မြင်လာနေရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ချင်တယ်လို့  အသံကောင်းဟစ်ပေမဲ့ ဗမာလူမျိုးတစ်မျိုးတည်း အုပ်ချူပ်ရေးစနစ်အတွက် ရေးဆွဲပြဌါန်းထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံကိုကျတော့ မပြင်ဆင်ချင်ဘူး။ ဖက်ဒရယ်တပ်မတော် ထူထောင်သွားမယ်လို့ ပြောပေမဲ့ တပ်မတော် အမည်ခံ ဗမာစစ်တပ်က စစ်တန်းလျားမှာ ပြန်နေမှ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဒီမိုကရေစီတပ်မတော် (Democracy Army) ကိုကျတော့ ပြန်ပြီး မဖွဲ့ စည်းချင်ဘူး။ ဗမာလူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ဗမာမှုပြုရေးပေါ်လဆီဖြစ်တဲ့ တို့တာဝန်အရေး (၃)ပါးကိုကျတော့ အမြစ်ပြတ်ဖျက်သိမ်းဖို့ မကြိုးစားဘူး…နိုင်ငံရေးအပြောင်းအလဲကျတော့ လိုချင်တယ်။ ဒီလို ၀ိရောဓိဆန်ဆန် လိမ်လည်မှုများစွာနဲ့ ၂၁ ရာစုပင်လုံအမည်ခံပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းက သဲထဲရေသွန်သလို အချိန်ကုန်ခြင်းပဲ အဖတ်တင်လာပါလိမ့်မယ်။

အာဏာရဗမာများရဲ့ ဆင်ခြင်တုံတရားကင်းမဲ့ခြင်းနဲ့ နိုင်ငံရေးအမျှော်အမြင်နည်းပါးမှုက ပြည်သူလူထုလိုလားတဲ့ အန္တိမပန်းတိုင် (ငြိမ်းချမ်းသာယာဖွံ့ ဖြိုးတိုးတက်ချမ်းသာကြွယ်ဝတဲ့ ဗဟုလူ့ဘောင်နဲ့ တန်းတူညီမျှတဲ့ မော်ဒန်ပြည်ထောင်စု)ကို အလုံးစုံပြိုကျပျက်စီးသွားအောင် လုပ်ဆောင်နေတာမို့ ကမ္ဘာ့ဖွံ့ ဖြိုးမှုအနိမ့်ဆုံး အရှေ့ တောင်အာရှအဆင်းရဲဆုံး နိုင်ငံအဖြစ်နဲ့ပဲ နိုင်ငံ့နိဂုံးချူပ်သွားဖွယ် ရှိနေပါတယ်။

Copy - Rakharazu


https://m.facebook.com/story.php?story_fbid=262072261048957&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အာဏာရူး ဗမာ့ဝါဒနဲ့ ပြည်ထောင်စုမပြိုကွဲရေးရောဂါ”

Post a Comment

Related Posts Plugin for WordPress, Blogger...