Wednesday, February 7, 2018

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်(အသစ်ရေးဆွဲ) နိုင်ရေး တိုက်တွန်းချက်

,
၂၀၀၈ ခြေ/ဥ ကမ်းကုန်အောင် လူပါးဝပုံ ယုတ်မာပုံကို ဥပဒေပညာရှင်တစ်ဦးမှ သိလွယ်မြင်လွယ်အောင်သုံးသပ်ပြထားခြင်းပါ။ မတရားမှုကိုစက်ဆုပ်ရွံရှာတတ်သူတိုင်း အချိန်ပေးပြီး စ/ဆုံး ဖတ်ကြည့်စေချင်ပါတယ်. . . . . .

ဆရာဦးကိုနီလုပ်ကြံခံခဲ့ရတာ တစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာကိုကျော်လာပါပြီ။ မြန်မာနိုင်ငံရဲ့အဓိကဝင်ပေါက်လို့ ဆိုနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ မျက်နှာစာလူမြင်ကွင်းမှာ လူနှစ်ဦးရဲ့အသက်ကို သွေးအေးအေးနဲ့လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ပါ။ လူသတ်သမားကို လက်ပူးလက်ကြပ်ဖမ်းမိထားပါလျှက် အရေးယူအပြစ်ပေးဖို့ကတော့ ဝေဝါးနေဆဲပေါ့ဗျာ။ စိတ်ပျက်မိတဲ့အပြင် ဒေါသပါထွက်လာရတဲ့အကြောင်းက ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့တရားရေးမဏ္ဍိုင်တခုလုံးကို လူတချို့ကမီးကုန်ယမ်းကုန် ပမာမခန့်ပြု စော်ကားပြနေတာကို ကျနော်တို့တွေက ငုတ်တုတ်ထိုင်ကြည့်နေကြရခြင်းပဲဗျ။ Double Homicide လူသတ်တရားခံဘုရားသူခိုးကို သူရဲကောင်းဘွဲ့နှင်းပြီးဂုဏ်ယူဝံ့ကြွားနေကြတဲ့အုပ်စုက ဥပဒေပြုအဖွဲ့အစည်းကိုသာမကတော့ပဲ အမှန်တရားမြတ်နိုးသူအားလုံးကိုပါ ကိုယ်အမူအရာနဲ့တမျိုး, နှုတ်အမူအရာနဲ့တဖုံ တရားရုံးရှေ့ကနေ Live Show မလွှင့်ရုံတမယ် ဘောင်ကျော်စော်ကားမှုမျိုးတွေကို ပြောတာပါ။

ကဲ.......... ခင်ဗျားတို့ ကျနော်တို့ရဲ့ တစ်ထွာတစ်မိုက် အသိဉာဏ်လေးနဲ့ ဖြစ်စဉ်ကို လက်လှမ်းမှီသလောက်ဆင်ခြင်သုံးသပ်ကြည့်ကြရအောင်လား.......
(၁) ဆရာဦးကိုနီလို ဥပဒေပညာရှင်တဦး ဘာ့ကြောင့်အသတ်ခံခဲ့ရလဲ❓
(၂) သတ်တဲ့သူတွေက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့သတ်ခဲ့ကြလဲ❓
(၃) ဘယ်လိုလူစားမျိုးတွေ(သို့မဟုတ်)ဘယ်လိုအဖွဲ့အစည်းမျိုးတွေရဲ့ လက်ချက်ဖြစ်နိုင်လဲ❓
စကတည်းကိုက အဖြေရှာစရာမလိုအောင်ကို လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားမြင်ကြရမှာပါ။ ကမောက်ကမတရားစီရင်ရေးစနစ်တခုရဲ့တောတွင်းတိရစ္ဆာန်ဥပဒေကို, ပြင်ဆင်ဖို့ကြိုးစားနေသူဥပဒေပညာရှင်တယောက်ကို လုပ်ကြံရန်ရှာတဲ့အထိ ခါးခါးသီးသီးမုန်းတီးတယ်ဆိုတဲ့လူစားမျိုးက ဘယ်လိုလူစားမျိုးတွေဖြစ်လိမ့်မတုန်းဗျာ...... သိပ်ပြီးရှည်ရှည်ဝေးဝေးတွေးနေစရာကို မလိုပါဘူး။ ဒီတိရိစ္ဆာန်ဥပဒေကြောင့် ကျန်းမာဝဖြိုး စီးပွါးတိုးနေကြသူတွေပဲပေါ့...... မဟုတ်ဘူးလားဗျ........ ဒါ့ပြင်တခြားဘယ်သူရှိရမှာတုန်း ....... တိတိပပ ဆက်ပြောရရင်တော့ ဉာဏ်နီဉာဏ်နက်အကုန်သုံးပြီး တိရစ္ဆာန်ဥပဒေကို ရေးဆွဲအသက်သွင်းခဲ့တဲ့ လူ့တိရစ္ဆာန်တွေပဲပေါ့ဗျာ။ တခြားလူ ဘယ်သူဖြစ်နိုင်ဦးမှာလဲ‼️‼️‼️

နဝတ-နအဖ အမှောင်ခေတ်တလျှောက်လုံးကို ပြန်ကြည့်လိုက်ရင် အလားတူလုပ်ရပ်မျိုးတွေ တပုံတပင်မြင်ကြပါလိမ့်မယ်။ “လူထုရွေးကောက်တင်မြှောက်တဲ့အစိုးရ, လူထုကို ကိုယ်စားပြုထားတဲ့အစိုးရ, စစ်တပ်ကို ပစားမပေးတဲ့အရပ်သားအစိုးရ, စစ်သားမပါတဲ့ အရပ်သားစစ်စစ်အစိုးရ” စတဲ့......စတဲ့...... နည်းမှန်လမ်းမှန်အစိုးရတိုင်းကို မတရားအသင်းတခုအနေနဲ့ သုတ်သင်ဖျက်ဆီးပစ်ဖို့ဆိုတာ အဓမ္မဝါဒီစစ်ဗိုလ်တိုင်းရဲ့ သစ္စာဓိဌာန်တခုပဲ။ တကယ်လည်းကျင့်သုံးခဲ့ကြတယ်။ ကာလံဒေသံ ဘယ်လောက်ပဲကွဲကွဲ, နိုင်ငံတိုင်းရဲ့စစ်အစိုးရတိုင်းမှာ ရာနှုန်းပြည့်တူညီတာတခုကတော့ အချုပ်အခြာကို မတရားလုယူထားကြတဲ့အချက်ပါပဲ။ ဥပဒေအပြင်ဖက်က ဖြတ်လမ်းနည်းနဲ့အာဏာယူထားတဲ့စစ်အစိုးရတိုင်းကို လူ့ယဉ်ကျေးတိုင်းပြည်တွေ ဘယ်တိုင်းပြည်ကမှ အသိအမှတ်မပြုပါဘူး, လူရာသွင်းပြီးလည်း မဆက်ဆံပါဘူး။ ဒီတော့...... အာဏာသိမ်းစစ်အစိုးရတွေအနေနဲ့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ, ပတ်ဝန်းကျင်ကိုမျက်လှည့်ပြဖို့ ဘောင်ဝင်အောင် ရွေးကောက်ပွဲတခုခုတော့မဖြစ်မနေလုပ်ဖို့လိုလာတယ်, လုပ်မှကို ရတော့မယ်။ ရွေးကောက်ပွဲလုပ်လည်း သူတို့ပဲသေချာပေါက်နိုင်ရမယ်ထင်ထား တွက်ထားကြပြီးသား, ထင်တစ်လုံးနဲ့ စိတ်ကူးယဉ်လို့ကောင်းနေကြတုန်းအချိန်ကိုး, ဒါကြောင့်မို့သာ ၁၉၉၀- တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာကြီး ပေါ်လာခဲ့ရတာမဟုတ်လားခင်ဗျ။

ရွေးကောက်ပွဲပြီးလို့ ကျော်မကောင်းကြားမကောင်း ခွက်ခွက်လန်အောင်ရှုံးတော့မှ ပြည်သူကိုလျှော့တွက်ခဲ့တဲ့ လူလွန်မသားစစ်ဗိုလ်ချုပ်တွေရဲ့သောက်ကျင့်အမှန် ပြန်ပေါ်လာတော့တာပဲ။ မဲအပြတ်အသတ်နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" ကို မျက်နှာပြောင်တိုက် အာဏာလွှဲမပေးတဲ့အပြင် မတရားအသင်းမဖြစ်ဖြစ်အောင် ဆီလိုအပေါက်ရှာ, မီဒီယာပေါင်းစုံရဲ့ ကဏ္ဍပေါင်းစုံမှာ ယုတ်မာလို့ရတဲ့နည်းပေါင်းစုံသုံးပြီး ဖိနှိပ်ဖြိုခွဲခဲ့တဲ့သမိုင်းသက်သေ အထင်အရှားရှိနေပါတယ်။ အစိုးရပိုင်ရုပ်သံနဲ့ နေ့စဉ်ထုတ်သတင်းစာတိုင်း စာနယ်ဇင်းတိုင်းမှာ အယုတ်ညံ့ဆုံး, အသိမ်ဖျင်းဆုံး, အောက်တန်းအကျဆုံး စကားလုံးတွေ မိုးလင်းမိုးချုပ် မမြင်ချင်လည်းမြင်နေရ မကြားချင်လည်းကြားနေရ မဖတ်ချင်လည်းဖတ်နေကြရတဲ့ ခေတ်တခေတ်လေဗျာ...... မမေ့ကြပါနဲ့ဦး.......မကြာသေးပါဘူး။ ( လေ့လာရန်........ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်- သတ္တဗေဒဌာန, ဌာနမှူး, အသက်အငယ်ဆုံးပါမောက္ခ ဒေါက်တာသက်သက်မြိုင် ၁၉၉၈- ရုပ်သံဖိုင်ကို ကျနော့်ဝေါလ်မှာတင်ထားပါတယ်။ လောကဓါတ်ပညာတတ်တက္ကသိုလ်ဆရာမ ဦးပိုင်ဗိုလ်ကတော်တယောက်ရဲ့ ဖရုဿဝါစာနဲ့ အဘိဇ္ဈာကို မှတ်တမ်းပြုထားတဲ့ ရုပ်သံဖိုင်တခုဖြစ်နေလို့ သိမ်းထားမိခြင်းပါ )။

တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံထားကြတဲ့ အမာခံလက်ရုံးပါင်းများစွာ ချိုးဖြတ်ခံခဲ့ရတယ်။ မျက်လုံးပေါင်းများစွာ ထိုးဖေါက်ခံခဲ့ရတယ်။ ၁၉၉၀-ရွေးကောက်တင်မြှောက်ခံ အမတ်အားလုံးလောက်နဲ့ တတ်သိပညာရှင်အားလုံးလောက်ဟာ စစ်အစိုးရရဲ့နှစ်ရှည်အကျဉ်းသားတွေဖြစ်ကုန်တယ်။ အမာခံအတော်များများ စစ်ကြောရေးနဲ့အကျဉ်းထောင်တွင်းမှာ ကျဆုံးခဲ့ရတယ်။အနည်းအကျဉ်းလောက်ပဲ ပြည်ပထိထွက်ပြေးနိုင်လို့ လွတ်မြောက်ခဲ့ကြရတာ။ ဗိုလ်မှူးဘသော်(ဆရာမောင်သော်က), ဦးတင်မောင်ဝင်း(ခရမ်း), ဦးအောင်မေသု(နီအောင်မေသု), ဦးမောင်ကို ..... တို့လို နိုင်ငံရေးအစဉ်အလာကြီးခဲ့သူ လူတော်တွေ သတ္တိခဲတွေကျဆုံးခဲ့ရတယ်။ အသိအမြင်ကြွယ် ဝါရင့်နိုင်ငံရေးသမားကြီးတွေ ဘဘဦးဝင်းတင် အပါအဝင်ပဲ, မတရားနှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးဟာ တိုင်းပြည်ကိုအလုပ်အကျွေးပြုနိုင်တဲ့ အသက်အရွယ်, အချိန်, ခွန်အား အားလုံးကို အုတ်နံရံလေးဘက်ကြားထဲမှာ အလဟဿ လွှင့်ပစ်ခဲ့ကြရတယ်။ ဆရာဦးတင်မိုး, အဘဦးဝင်းခက်.... ဗိုလ်ချုပ်ကျော်ဇော, ဦးတင်မောင်ဝင်း(သံအမတ်ကြီးဦးဝင်း၏ သား), ဦးရဲကျော်သူ,..... ဆရာမြဝတီရဲခေါင်(ဦး)တို့လို လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းတွေ, မျိုးချစ်ပုဂ္ဂိုလ် တိုင်းပြုပြည်ပြုစာရေးဆရာ သတင်းစာဆရာအတော်များများဟာ ပြည်ပနိုင်ငံတွေမှာပဲ ခေါင်းချခဲ့ရတယ်။(ဒီနေရာမှာ အကျယ်ရေးလျှင် ဆုံးအံ့ဘယ်မြင်ပေါ့ဗျာ... ကဏ္ဍပေါင်းစုံက ပညာရှင် ပညာသင်ဆဲ ပညာတတ် ပညာမတောက်တခေါက်တတ် တပုံတပင် ဆုံးရှုံးခဲ့ရတာ။ မြန်မာလူငယ်ပေါင်းများစွာကို အရင်းမရှိပဲ- အလကားဈေးနဲ့ မြိုးမြိုးမြက်မြက် သဲ့ယူသွားသူကတော့ စင်ကာပူ ပါပဲခင်ဗျ )

ဒါတွေ ချေးခြောက်ရေနှူး ရေးပြနေရတာ စစ်ဗိုလ်အဆက်ဆက်ရဲ့ NLD အပေါ်မှာ ထားတဲ့, ထားနေဆဲဖြစ်တဲ့ စိတ်ယုတ်မာကို သတိထားနိုင်အောင်လို့ပဲ။ စစ်တပ်ကိုအယုံကြီး မယုံမိဖို့ ရေးပြနေတာ။ NLD အပေါ်မှာ စစ်တပ်ရဲ့ကောင်းကွက်ဆိုလို့ တခုမှ မရှိခဲ့ဖူးဘူး။(ကျနော်တို့ပြည်သူတွေအပေါ်မှာလည်း ပြောရလောက်အောင် မရှိပါဘူးဗျာ)။ အထင်ရှားဆုံးအဖြစ်အပျက်ကတော့ ဒီပဲယင်းလုပ်ကြံမှုကြီးပါပဲ။ ဒီလောက်ဆိုရင် စစ်အစိုးရအဆက်ဆက်က အမာခံတွေနဲ့တည်ဆောက်ထားတဲ့ ကနေ့ခေတ်မှီမြန်မာ့တပ်မတော်ကြီးရဲ့ စိတ်ရင်းစေတနာကို မြင်လောက်ပြီလို့ ထင်ပါတယ်။ ပြည်သူ့အစိုးရ NLD ကို ခုချိန်ထိ ဝန်ကြီးဌာနပေါင်းစုံကနေဒုက္ခပေါင်းစုံပေးနေဆဲ ပြည်သူ့လစာလက်ရှိ မျိုဆို့စားသောက်နေတဲ့ အရာရှိအရာခံ ကြီး,ငယ်,လတ် အားလုံးကိုကြည့်ရင် နှစ်သီးစားစစ်ဗိုလ်လူဝတ်လဲတွေချည်းပဲ။ ဆိုးသွမ်းပါတယ်ဆိုတဲ့လူဆိုးတိုင်းက အချိန်တခုကိုရောက်လာရင်အသိတရားရပြီး လူကောင်းပြန်ဖြစ်သွားတတ်တာမှန်ပေမယ့်....... လူယုတ်မာတွေကတော့ ဘယ်လိုနည်းနဲ့မှ လူကောင်းဖြစ်မလာနိုင်ပါဘူး, ဖြစ်လာနိုင်စရာအကြောင်းတရားလည်း လုံးလုံးလျားလျားမရှိပါဘူး။ ခွေးမြီးကောက်ဆိုတာ ကျည်ထောက်စွပ်ထားချိန် တခဏသာဖြောင့်တတ်ပါတယ်, ကျည်တောက်ဖြုတ်လိုက်ရုံနဲ့ကောက်မြဲကွေးမြဲ ဆိုတာကို သတိထားဖို့လိုတယ်။ လူဆိုးကို လူယုတ်မာနဲ့ ခွဲခွဲခြားခြားမြင်တတ်ကြပါ။ မြန်မာ့နိုင်ငံရေးလေးလောကထဲမှာ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံရေးဗီလိန်ပေါင်းများစွာ ရှိနေခဲ့တာပါ။ အခုလည်းရှိနေဆဲပါ, ဒါကိုမျက်ခြည်မပြတ်ဖို့လိုပါတယ်။ လူ့ယဉ်ကျေးတယောက်ကို လူ့ယဉ်ကျေးအမြင်နဲ့ ရင်ဆိုင်တာ မှန်ပေမယ့်, လူယုတ်မာတယောက်ကိုတော့ အမြင်ပြောင်းချဉ်းကပ်ရမှာပါ။ လူယုတ်မာတယောက်နဲ့ယှဉ်မယ်ဆိုရင် လူယုတ်မာတွေးသလို တွေးထားတတ်ဖို့,တွေးထားနိုင်ဖို့လည်း မဖြစ်မနေကို လိုပါတယ်။

နှစ်ဆယ့်တစ် ရာစုသစ်အစဦး ၂၀၀၀- ပြည့်ပြီးနောက်ပိုင်းနှစ်များရဲ့ အံ့မခန်းနည်းပညာအသစ်အဆန်းပေါင်းများစွာဟာ ကမ္ဘာ့စီးပွါးရေး နိုင်ငံရေး ရေခံမြေခံအခြေခံအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဒီနည်းပညာဝဲဂယက်ထဲမှာ ဆက်သွယ်ရေးနဲ့ မီဒီယာတွေရဲ့ နည်းပညာဟာလည်း မထင်မှတ်လောက်အောင်ကို မြန်ဆန်တိုးတက်လာခဲ့တယ်, ပိုပြီးလည်းတိကျ မှန်ကန်လာပါတယ်။ ကမ္ဘာ့အရှေ့ဖျားက အဖြစ်အပျက်တခုကို ဟိုးအနောက်ဖက်ဖျားမှာ မိနစ်မခြားပဲသိနိုင်လာပါပြီ။ စစ်အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ မျက်စေ့ပိတ် နားပိတ် လူ့အသိဉာဏ်ကိုအမှောင်ချတဲ့နည်းဟောင်းတွေအားလုံး နှစ်ဆယ့်တစ်ရာစုမှာ သုံးလို့မရတော့ပါဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့ ယုတ်မာမှု, ဆိုးခိုးလုယက်မှု, လူဝါးဝမှုတွေသာမကပဲ.......... လင်ယူသားမွေး လူမှုရေးကိစ္စပေါင်းစုံအထိ မကောင်းသတင်းမှန်သမျှ ကမ္ဘာ့မီဒီယာပေါင်းစုံမှာ နေ့မကူးပဲ ပလူပျံအောင် ပေါ်ကုန်တယ်။ အရင်လို ဖါလို့ ညာလို့လည်း ထင်သလောက်မလွယ်တော့ဘူး။ တိုင်းပြည်ရဲ့ စီးပွားရေး, ပညာရေး, ကျန်းမာရေး အားလုံးကလည်း ဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ယှဉ်ရင် ဇောက်ထိုးဖြစ်နေပြီ။ ပတ်ဝန်းကျင်တိုင်းပြည်အနည်းငယ်လောက်ကလွဲရင် ကျန်တဲ့နိုင်ငံအများစုက လူရာမသွင်းပဲဝိုင်းပယ်ခံရတဲ့ဘဝကိုလည်း ရောက်နေပြီ။ ဒီပြဿနာစုံနဲ့ ပြည်တွင်းပြည်ပဖိအားစုံက ဒုတိယအကြိမ်ရွေးကောက်ပွဲဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းတချက်ပဲ ( သီးခြားပြဿနာပေါင်းများစွာ ရှိနိုင်ပါသေးတယ်)။

အသစ်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စစ်အစိုးရအနေနဲ့ ထောင့်စေ့အောင် အသေးစိတ်ပြင်ဆင်ထားပြီးပြီလေဗျာ။ NLD ကို မှုစရာမှမလိုတော့တာပဲ, NLD ကို တစစီဖြစ်သွားအောင် အချိန်ယူဖြိုခွဲခဲ့ပြီးပြီ။ ငွေအား, လူအား, အာဏာ, နည်းပညာ အားလုံးကသူတို့လက်ထဲရောက်နေပြီ။ သမိုင်းမသိတဲ့မျိုးဆက်သစ်တွေကိုလည်း စိတ်ကြိုက်မွေးထုတ်ထားပြီးပြီ။ ဘယ်လိုပဲယှဉ်ယှဉ်, သူတို့ဖက်က အပြတ်အသတ် အသာစီးရထားတဲ့အနေအထားမှာရှိတယ်။ အဓိကပြဿနာက ဒီနေရာမှာ စပါတယ်။ “ ၁၉၉၀- လိုမျိုး ဒုတိယအကြိမ်ထပ်ပြီးရှုံးနိမ့်ခဲ့လျှင်”, သူတို့ဘာလုပ်မလဲ..... ရှုံးနိမ့်ဖို့ရာခိုင်နှုန်းအရမ်းနည်းပေမယ့် အရေးကြီးစဉ်းစားရမယ့်ကိစ္စပါ။ ရာဝတ်မှုပေါင်းများစွာနဲ့ ဆိုးခိုးလုယက်ထားသမျှတွေကို အာမခံပေးနိုင်မယ့်နည်းလမ်းအတွက်.....၂၀၀၈ ခြေ/ဥ ကို မဖြစ်မနေ အသက်သွင်းရတော့တာပါပဲ။”တူ” ဖြစ်ချိန်မှာ နှံရဲခဲ့ကြသူ စစ်ဗိုလ်ချုပ်ကြီးတွေ, “ ပေ” နေရာအတွက် မစဉ်းစားရဲကြတော့ဘူး။ ကိုယ့်လိပ်ပြာ ကိုယ်ပြန်လန့်တဲ့သဘောပဲ, မဟားတရား ယုတ်မာထားကြတော့ ဝဋ်လည်မှာကြောက်တော့တာပေါ့ဗျာ။ ဒီနေရာမှာ စစ်ဗိုလ်ချုပ်တွေက စစ်ရေးအမြင်နဲ့ကြည့်တယ်လို့ပဲ ကျနော်တော့ယူဆတယ်ဗျ .... .. ၂၀၀၈- ဆွဲထားပုံက သားမြေးစဉ်ဆက်အတွက် တဘဝစာအကာအကွယ်(ခံစစ်ကတုတ်တခု)ယူပြီး ဆွဲထားတာဖြစ်နေလို့ပြောတာပါ။ ဥပဒေထဲမှာ လုံလောက်တဲ့အကာအကွယ်အားလုံး ယူပြီးထားတာတောင်မှ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ယုတ်မာထားတာရှိသေးပါ့ဗျာ.... ၁၉၉၀- တုန်းက သူတို့ကိုမောင်းချခဲ့တဲ့ ကျနော်တို့ပြည်သူတွေအပေါ်မှာ အာဃာတနဲ့ ရေးဆွဲထားတာလို့ပဲ ကျနော်တော့ထင်တယ်။ ခင်ဗျားတို့ကျနော်တို့အားလုံးက အမေဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားနေတော့ NLD ရွေးကောက်ပွဲနိုင်ခဲ့ရင်တောင်မှ အမေဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်နေရာကို ဘယ်နည်းနဲ့မှ မရောက်နိုင်အောင်စနစ်တကျယုတ်မာခဲ့တာပဲဗျို့။

ဟာကွက်မရှိအောင် ယုတ်မာထားတဲ့ဥပဒေပေါင်းစုံကို လွတ်အောင်ရှောင်ကွင်းပြီး လက်ရှိ “ နိုင်ငံ့ဥသျှောင် နိုင်ငံတော်အတိုင်ပင်ခံ” နေရာထိရောက်လာစေဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ပညာရှင်ပုဂ္ဂိုလ်က ဆရာဦးကိုနီပါပဲ။ ဒီလောက်ဆိုရင် ဆရာဦးကိုနီကို လုပ်ကြံတဲ့လက်သယ်ကိုသိလောက်ကြပါပြီ.... ရွှေသမင်ဘယ်ကထွက်...(ရွှေသမင်မဟုတ်ပါဘူးဗျာ, တောင်းပန်ပါတယ်) ပေါက်လွှတ်ပဲစား ခွေးဝဲစားတွေ, ခွေးကလေကဝတွေပါ........... ကျနော်တို့ပြည်သူကို ထပ်ပြီးလျှော့တွက်ကြပြန်ပြီ...... ဒီတကြိမ်လည်း ဒုတိယမ္ပိခွက်ခွက်လန်ပါပဲ။

ပြည်သူ့အစိုးရ NLD ရဲ့အပေါ်မှာ ကျနော်တို့ပြည်သူတွေအနေနဲ့ တာဝန်ကျေခဲ့ပါပြီ, လူကြီးမင်းတို့ရဲ့ တာဝန်ပဲကျန်ပါတော့တယ်။ ၂၀၀၈- ကို ပြင်မရခဲ့ရင် အသစ်တခုနဲ့အစားထိုးနိုင်အောင် ကျိုးစားကြပါ။ ၂၀၀၈- ရှိနေသမျှကာလပတ်လုံး ကျနော်တို့တွေရဲ့ဘဝပေါင်းများစွာဟာ စစ်အမှောင်ခေတ်တွေနဲ့ ထူးမခြားနားပါပဲ။၂၀၀၈- ရှိနေသမျှကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ပါ။ ငြိမ်းချမ်းမှုမရှိခဲ့ရင် ကျန်တာဘာတခုမှ ဖြစ်မလာနိုင်တော့ပါဘူး။ မီးလောင်နေတဲ့ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်လာဆောက်မယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ရဲ့သဘောပါ။ စစ်အာဏာရှင်တွေလက်ထဲ ကျဆုံးခဲ့သူရဲဘော်ရဲဘက်အပေါင်းအပေါ် တာဝန်ကျေကြပါ။ လက်စားချေဖို့မဟုတ်ပါ, နာကြည်းချက်အားလုံးကို အင်အားတခုအဖြစ်ပြောင်းယူကြပါ။ ၂၀၀၈- ရဲ့အရိပ်ထဲကတိုးမထွက်နိုင်ခဲ့ရင် ကျနော်တို့တွေရဲ့သားမြေးတီတွတ်အားလုံး ကျွန်ထက်နိမ့်ကျတဲ့သဘောက်ဘဝ သေချာပေါက်ရောက်ပါမယ်။ NLD ရဲ့နိုင်ငံရေးသိက္ခာနဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ထားလို့ ပြည်သူအများစုက NLD ကိုပဲ မဲပေးကြတာပါ။ လူကြီးမင်းတို့အနေနဲ့ ပြည်သူ့အားကို ယုံကြည်ပါ။ ၂၀၀၈- ပြုပြင်နိုင်(အသစ်ရေးဆွဲနိုင်)ဖို့ ပြည်သူ့အားကို ယုံယုံကြည်ကြည်နဲ့ အသုံးချပါ။ ပြည်တွင်းပြည်ပ အင်အားနှစ်ရပ်ရှိပါတယ်။ တကြိမ်တခါမှအမှားအယွင်းမရှိသေးတဲ့ လောကနိယာမ ကတော့, အဓမ္မတရားအားလုံးရဲ့အဆုံးစွန်ဟာ ပျက်စီးခြင်းပါပဲခင်ဗျား။

🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊
မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေ။ ပြည်ထောင်စုသားတိုင်းရင်းသားညီအစ်ကိုမောင်နှစ်မအပေါင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲပါစေ။ အဖျက်အမှောင့်ပယောဂအားလုံး ပျက်စီးပါစေ။ စစ်တပ်လူဝါးဝစနစ် ကျဆုံးပါစေ။၂၀၀၈- တိရစ္ဆာန်ဥပဒေ ကျဆုံးပါစေ။

ကိုအေးချမ်း
အာဟာရစာစောင်
———————————

မိတ်ဆွေတဦးရဲ့၂၀၀၈- ခြေ/ဥ ကို သုံးသပ်ထားပုံ( ၁၄-ပိုဒ်)ကို နှစ်သက်မိလို့ မူရင်းအတိုင်းဖြည့်စွက်ပေးပါရစေ။ လေ့လာကြည့်ကြပါခင်ဗျား။

မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲ⁉️
🔹စစ်တပ်ကပဲအုပ်ချုပ်နေပါတယ်၊ ဘာကြောင့်ဆိုတော့ ရပ်​/​ကျေး, မြို့ နယ်​, ခရိုင်​စတဲ့ အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုမှန်သမျှ ပြည်ထဲရေးကပဲကိုင်ပါတယ်။ အဲဒီပြည်ထဲရေးကိုစီမံခန့်ခွဲနေတာ ကာ/ချုပ် (စစ်တပ်) ပါ။ (ပုဒ်မ ၂၃၂ -ခ) ဒါကြောင့် စစ်တပ်ကပဲအုပ်ချုပ်နေတယ်လို့ပြောရမှာပါ။

သမ္မတကြီးကပြည်တွင်းစစ်ပွဲတွေရပ်ဖို့အမိန့်ပေးထားတာ ဘာလို့မရပ်တာလဲ⁉️
🔹လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှကို အမိန့်ပေးကွပ်ကဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကာ/ချုပ်က စီမံခန့်ခွဲပါတယ်။ ဒါကြောင့် သမ္မတအမိန့်ပေးလည်း စစ်တပ်က ကာ/ချုပ်စကားပဲနားထောင်မှာပါ။ (ပုဒ်မ ၂၃၂ -ခ)

ဒါဆိုတိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ကဘယ်သူလဲ⁉️
🔹ဒါကိုဖြေဖို့အတွက် မြန်မာနိုင်ငံမှာဘယ်ဝန်ကြီးဋ္ဌာနတွေဟာအရေးအကြီးဆုံးလည်းဆိုတာသိရပါ့မယ်၊ အဲဒီဝန်ကြီးဋ္ဌာနတွေကိုချုပ်ကိုင်ထားသူသာအာဏာအရှိဆုံးပါ။ အဲဒီဝန်ကြီးဋ္ဌာနတွေကတော့.....
(၁) ကာကွယ်ရေးဝန်ကြီးဋ္ဌာန,(၂)ပြည်ထဲရေးဝန်ကြီးဋ္ဌာန,(၃)နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန တို့ဖြစ်ပါတယ်။ အဲဒီဋ္ဌာနကြီးတွေရဲ့ ၀န်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာ/ချုပ်က တိုက်ရိုက်ခန့်တာပါ၊ ဘယ်သူမှ ၀င်စွက်ဖက်လို့မရပါဘူး၊ ဒါကြောင့် ဒီဋ္ဌာနကြီးတွေဟာ ကာ/ချုပ်စကားပဲနားထောင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာ/ချုပ်သာလျှင် အာဏာအရှိဆုံးဖြစ်ပါတယ်။

အရေးအကြောင်းဆိုလျှင် စစ်တပ်နဲ့ ရဲကိုသမ္မတက အမိန့်ပေးနိုင်ပါသလား⁉️
🔹အမိန့်မပေးနိုင်ပါ၊ အရင် ကာ/လုံနဲ့တိုင်ပင်ရပါတယ်၊ ကာ/လုံက ကာ/ချုပ်အမိန့်ခံယူပြီးမှ လက်နက်ကိုင်အင်အားအသုံးပြုခွင့်ပေးမှာပါ၊ ကာ/လုံ တိုက်တွန်းလျှင်သမ္မတကြီးကအရေးပေါ်အခြေအနေကြော်ငြာပေးရမှာပါ။

စစ်တပ်က အာဏာသိမ်းနိုင်လား⁉️
🔹စစ်တပ်က အာဏာသိမ်းစရာကို မလိုပါ၊ သမ္မတက အရေးပေါ်အခြေအနေကြေညာလိုက်တာနဲ့ နိုင်ငံတော်အာဏာကို ကာ/ချုပ်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ- ၄၁၈) အရ လွဲအပ်ရမှာပါ၊ အာဏာသိမ်းစရာမလိုပဲ သမ္မတကြီးဆက်သတဲ့အာဏာကို
စစ်တပ်ကဒူးနှံ့ ယူရုံပေါ့။

စစ်တပ်က မြေသိမ်းတာတွေ၊ လယ်သိမ်းတာတွေ၊ မတရားမှုတွေလုပ်ခဲ့ရင် အဲဒီအတွက်အရပ်ဖက်တရားရုံးတွေမှာ တရားစွဲလို့ရနိုင်သလား⁉️
🔹လုံးဝမရပါ။ ဘာကြောင့်ဆိုတော့ ပုဒ်မ( ၁၀ - ခ) အရ တပ်မတော်နဲ့ပတ်သက်သမျှ တပ်မတော်ကပဲ (လွတ်လပ်စွာ) စီမံမယ်လို့အတိအလင်းပြောထားပါတယ်။ ဥပမာ၊ ခင်ဗျားအခုပိုင်နေတဲ့မြေကို စစ်တပ်ကလာသိမ်းရင် ခင်ဗျားဘယ်ဥပဒေကိုမှ အားကိုးလို့မရနိုင်ဘူး။

ဒါဆို ၂၀၀၈- ဥပဒေရဲ့ အားသာချက်ကဘာလဲ⁉️
🔹အားသာချက် ဘာတခုမှမရှိဘူး။ အရင်အာဏာသိမ်းစစ်အစိုးရဖြစ်နေတဲ့အတွက် အရပ်ဖက်ကို တစ်ချိန်ချိန်မှာ သိမ်းထားတဲ့အာဏာကိုပြန်အပ်ရမယ့်အမည်းစက်ကြီး ရှိနေတယ်၊ အဲဒီအမည်းစက်ကြီးကိုတရားဝင်ဖြစ်အောင်
၂၀၀၈- ခြေဥနဲ့ ကောက်ကျစ်ယုတ်မာစွာစီမံထားခြင်းသာဖြစ်တယ်။

ဒါဆိုရင်တော့ ပြည်တွင်းရေးကိစ္စအ၀၀အတွက် စစ်တပ်မှာပဲအပြည့်အ၀တာဝန်ရှိတယ်ဆိုတာရှင်းပါပြီ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစစ်အမှန်သမ္မတရရင်ရော ပြေလည်နိုင်သလား⁉️
🔹မပြေလည်နိုင်ပါ။ ၂၀၀၈- ခြေဥ ရှိနေသမျှ သိကြားမင်းကိုယ်တိုင် လာအုပ်ချုပ်လည်း စစ်တပ်ကိုမလွန်ဆန်နိုင်ပါ။

ဒါဆို ၂၀၀၈- ခြေဥ ကိုပြင်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘယ်လိုပြင်ရမလဲဆိုတာသိပါရစေ‼️
🔹အရင်ပုဒ်မ (၄၃၆)ကိုပြင်ရမယ်၊ ဘာကြောင့်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အတားအဆီးဖြစ်နေလို့ပါ။

ဘာကြောင့်မဖြစ်နိုင်တာလဲ⁉️
🔹ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်သဘောတူပြီး တစ်နိုင်ငံလုံးရဲ့ မဲပေးနိုင်တဲ့လူဦးရေ ထက်ဝက်ကျော်ထောက်ခံရဦးမယ်၊ ပြီးရင်တပ်မတော်ဖက်ကလည်းသဘောတူရအုံးမယ် ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားသာကြည့်ပါတော့။ သူတို့ဖာသာသူတို့ အာဏာအပ်နှင်းထားတဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ဘုရားအလောင်းတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ ခင်ဗျားတို့က ကာ/ချုပ်ကို ဘုရားလောင်းလို့တော့ မထင်လောက်ပါဘူးနော...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ⁉️
🔹စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတခုပေါ်ပေါက်လာရေးနဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့သမ္မတစစ်စစ်ဖြစ်လာရေးပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းအရေးအခင်းတွေနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေတာများပြီး ဝေဖန်တာ၊ ရှုတ်ချတာမျိုးအင်မတန်နည်းတာဘာကြောင့်လဲ⁉️
🔹မိုးစက်ကျတိုင်းလိုက်ခံနေမယ့်အစား ခေါင်မိုးကြီးတခုလုံးကိုလဲလိုက်တာအကောင်းဆုံးလို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ခေါင်မိုးနဲ့တူတဲ့ ၂၀၀၈- ခြေဥကို မပြင်နိုင်အောင် လူမျိုးရေးအဓိကရုဏ်း၊ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းယာသိမ်းပြသနာအချို့ နဲ့ရေစက်တွေလိုက်ချပြီး လူစုတွေခွဲထုတ်နေပါတယ်။

အင်း၊ တော်တော်ခက်ခဲတာပဲ၊ ဒါဆိုရင် ၂၀၀၈- ခြေဥကိုပြင်ဖို့ တခြားနည်းလမ်းရှိသေးလား⁉️
🔹ရှိပါတယ်၊ ကာ/ချုပ် ကြီးကို ဘုရားဆုပန်အောင် တိုက်တွန်းတဲ့နည်းလမ်းပါ။

၂၀၀၈- ခြေ/ဥကို ဖက်ဒရယ်ဒီမိုကရေစီ ခြေ/ဥ တစ်အုပ်နဲ့အစားထိုးလျှင် ဖြစ်နိုင်ပါသလား⁉️
🔹အသင့်တော်ဆုံးနဲ့ အဖြစ်သင့်ဆုံး နည်းလမ်းပါပဲ။ ခြေဥအသစ်တခုနဲ့ အစားထိုးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကနေ အဆိုတင်ရပါမယ်။ အဆိုဖြစ်တဲ့အတွက် ကိုယ်စားလှယ် ၅၀% ကျော်ကထောက်ခံတာနဲ့ OK ပါပြီ။

ကိုအေးချမ်း, အာဟာရစာစောင်
BurmaDemocracy, 7 February 2018

🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊
( Credit: ဥပဒေဆိုင်ရာ အမေး/အဖြေ အချက်အလက်အားလုံးတွက် ဥာဏ်လှိုင်(ခ) ရန်ငြိမ်းသူ, မူရင်းရေးသားသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား)

https://www.facebook.com/aung.ayecha…/posts/1563738077080011

(Ko) Ayechan Aung’s Facebook မှကူးယူဖော်ပြပါသည်။ #BurmaDemocracy

https://m.facebook.com/story.php?story_fbid=389577218154452&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်(အသစ်ရေးဆွဲ) နိုင်ရေး တိုက်တွန်းချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...