Friday, December 28, 2018

သမိုင်းဝင်အနိုင်ကျင့်မှုကြီး

,
ဒ်ါအောင်ဆန်းစုကြည်ထောင်ချခံခဲ့ရစဉ်
------- - - - - -------- -
၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ချခံခဲ့ရပါတယ်။
အပြစ်က …အကျယ်ချုပ်ချ ခံထားရလျက်က နေအိမ်ခိုးဝင်လာတဲ့သူကို လက်ခံမိလို့ပါတဲ့။

အဆီငေါ် မတည့်လိုက်ပုံက 'အိမ်ကို သူခိုးကပ်တဲ့အတွက် အိမ်ရှင်ကို အရေးယူတယ်' ဆိုတာမျိုး။

အဲ့ဒီအိမ်ကလည်း အစိုးရက အထပ်ထပ်ကာရံပိတ်ဆို့ စောင့်ကြပ်ထားတဲ့ အိမ်။
တပ်ရင်းကြီးတစ်ခုလုံး ချထားပြီးရှေ့ကင်း နောက်ကင်း ပတ်လည်ကင်းတွေ ကာလို့
တပ်ရင်းမှူကိုယ်တိုင် ရုံးထိုင်စောင့်ကြပ်ထားတဲ့ အိမ်ပါ။

သူတို့ရဲ့ တင်းကြပ်လှသော အစောင့်အရှောက်အောက်မှာ နေရတဲ့လူတစ်ယောက်ဆီ ဘယ်လိုဆန်းဆန်းပြားပြား အချင်းအရာမှ မပါပဲ ဘာမှမဟုတ်တဲ့ ကောင်တစ်ကောင်က ရေကူးဝင်လာတာကို မမြင်လိုက်ဘူး မတွေ့လိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?

ပြီးတော့ အဲ့ဒီကောင်ကို ခဏချင်းမှာပဲ ဟိုက ပခုံးဖက်လာခေါ်သွားလို့ ပြန်လွှတ်လိုက်ရတယ်။ သူခိုးကပ်ခံရတဲ့ အိမ်ရှင်ကတော့ ထောင်ကျခံရတယ်ဆိုရင် ဒါဟာ လုပ်ကြံထားမှုတစ်ခုဆိုတောင် တော်တော်ပုံပျက်လွန်းတဲ့ လုပ်ကြံမှုမှန်း သိသာလှပါတယ်။

မြန်မာ့သမိုင်းတကွေ့မှာတော့
အဲ့ဒီ ပုံပျက်ပန်းပျက်နိုင်လွန်းလှတဲ့ လုပ်ကြံမှုဟာ တကယ်ဖြစ်ခဲ့တယ်။ ဒေါ်အောင်းဆန်းစုကြည်လို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်ကြီးတစ်ဦးအနေနဲ့လည်း ကိုယ့်ကိုတွေ့ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်လာသူကို အိမ်အပြင်မှာ စားစရာလေးဘာလေးပေးပြီး ဂရုဏာတရားပြရုံအပြင် ဘယ်လိုဆက်ဆံရပါတော့မလဲ?

အသာစီးရထားသူတို့ရဲ့ အဘက်ဘက်က ထောင်ချောက်တွေရဲ့အောက်မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် မတရားအမိခံခဲ့ရပြီးနောက် အဲ့ဒီအချိန်ကာလက ဖြစ်ပျက်ပုံအစုံစုံကို (ဒေါ်စုနဲ့ အနီးကပ်နေထိုင်ခဲ့ရသူ) ကိုမြင့်စိုးက မှတ်တမ်းတင်ထားပါတယ်။

အဲ့ဒီနေ့က …
ကိုမြင့်စိုးတစ်ယောက် ဒေါ်စုအိမ်ရောက်သွားတော့ အိမ်မတိုင်ခင် ခပ်လှမ်းလှမ်းကတည်းက စောင့်ကြပ်နေတဲ့ အထပ်ထပ်သော အစောင့်အကြပ်တွေက ခါတိုင်းလို အစစ်အဆေးအမေးမြန်း မရှိပဲ အမြန်သွားပါလို့ ခွင့်ပြုသတဲ့။

ဦးမြင့်စိုးက 'ဒါ ဝမ်းသာစရာကိစ္စပဲ ဖြစ်မှာ' ဆိုပြီး မျှော်လင့်ချက်နဲ့ ပျော်မိတယ်။ အဲ့ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတာကလည်း နှစ်၂၀ပြည့်တော့မယ်လေ။

ဒေါ်စုအိမ်ခြံဝင်းရောက်တော့ အန်တီဝင်းက တံခါးလာဖွင့်ပေးပြီး ပြောလိုက်တယ်။

'အပေါ်မှာ အမစောင့်နေတယ်'

ကိုမြင့်စိုးဟာ အမောတကော အိမ်ဆီပြေးသွားတယ်။ အိမ်ထဲရောက်တော့ အပေါ်ကို ပြေးတက်။ အပေါ်ထပ်မှာ ကိုဌေးအောင်က ရောက်နှင့်နေတာကို တွေ့ရပါတယ်။

ကိုမြင့်စိုးရောက်လာတာကို မြင်တဲ့အခါ ဒေါ်စုက စကားစပြောတယ်။

'ကဲ နှစ်ယောက်လုံးကို အမပြောမယ်၊ နားထောင်။ ဒီမနက် ၇နာရီဆို သူတို့ အမကို လာခေါ်ကြလိမ့်မယ်။ အင်စိန်ထောင်ဆီ ပို့ကြလိမ့်မယ်။ ရက်ရှည်ဆိုရင်တော့ KMS (ကိုမြင့်စိုး) က ခါတိုင်းလည်း ရိက္ခာပို့နေကျဆိုတော့ အမအတွက် ဆက်ပြီး ရိက္ခာပို့ပေးရမယ်။ တရားဝင်ဖြစ်အောင် သန်းခေါင်စာရင်း ဝင်ဖို့ လုပ်ထားရမယ်။ နှစ်ယောက်လုံးပဲ အိမ်နဲ့ခြံကို စောင့်ရှောက်ပေးပါ။ မနီနဲ့ ကိုထင်ကျော်ကလည်း မကြာမကြာ လာပေးမှာပါ'

ကိုမြင့်စိုးဟာ အခုမှ အကြောင်းရင်းမှန်ကို သိရတာပါ။ မျှော်လင့်ချက်နဲ့ ဝမ်းသာမိသလိုဖြစ်တဲ့ စိတ်ကလေးဟာ ချက်ချင်းပဲ ပျောက်သွားရတယ်။

ဒေါ်စုဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက် မှာကြားနေပါတယ်။

'KMS (ကိုမြင့်စိုး) က နေ့တိုင်း ဘုရားဆွမ်းတော်ကပ်ပါ။ သောက်တော်ရေနဲ့ ဆီမီးလည်း ကပ်ပါ။ ဘုရားပန်းကိုလည်း ပုံမှန်လဲပါ။ နေ့စဉ် တံမြက်လှည်း သန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။ ကြောင်ကလေးတွေကိုလည်း အစာမှန်မှန်ကျွေးပါ။ အရင်တည်းက တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးလာလုပ်ပေးနေတဲ့ သူတွေကိုလည်း ဆက်လုပ်ခိုင်းပါ။ သူတို့အတွက် စားရေးသောက်ရေးကအစ အရင်တိုင်း စီစဉ်ပေးပါ။ အမစိတ်ချပါရစေ။ နှစ်ယောက်လုံးပဲ လိမ်လိမ်မာမာနေကြပါ'

လိမ်လိမ်မာမာနေကြပါဆိုတာ ဒေါ်စု မှာနေကျစကားပါ။ ဒါပေမဲ့ အခုက အရင်အခြေအနေနဲ့ မတူ။ ဘယ်ချိန်ပြန်လာမယ်ဆိုတာ မသိနိုင်တဲ့ ဆက်သွယ်ရခဲခက်လွန်းမယ့် နေရာဆီ သွားရမယ့် ခရီး။

ကိုမြင့်စိုးက စိတ်မကောင်းဖြစ်ပြီး ခေါင်းငုံ့နားထောင်နေတာကို မြင်သွားတော့ ဒေါ်အောင်ဆန်းစုကြည်က စကားစကို ဖြတ်လိုက်တယ်။

'KMS အဲဒီလိုမနေနဲ့၊ ခေါင်းမော့၊ ရယ်။ ပျော်ရွှင်တဲ့ပုံစံမျိုး နေ'

အားတင်းပြီး ကိုမြင့်စိုး ခေါင်းကို မော့လိုက်ရတယ်။

'ကား ဘယ်ချိန်လာမလဲ သွားမေး။ ကားလာရင် ဒီအိတ်တွေကို ကားထဲ ထည့်ပေး'

ကိုမြင့်စိုးသွားမေးတော့ မကြာခင် လာတော့မှာပါတဲ့။

၆နာရီ၅၅ မိနစ်မှာ ကားဝင်လာတယ်။

'ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ပို့'
တဲ့။ အင်းစိန်ထောင်သွားရခါနီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားပါ။

အနိုင်နိုင်အားတင်းရင်း ကိုမြင့်စိုးတို့ ကားဆီလိုက်ပို့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ပုံမှန်ခရီးတစ်ခုထွက်သလို တန်းတန်းမတ်မတ်လျှောက်လှမ်း ကားပေါ် ခပ်မှန်မှန်ပဲ တက်သွားတယ်။

၇နာရီတိတိမှာ ကားထွက်ပါတယ်။

ကိုမြင့်စိုးဟာ ခြံဝရောက်တဲ့ထိ ဒေါ်စုပါသွားတဲ့ ကားဘေးကနေ လျှောက်ကာ လိုက်ပို့တယ်။

ခြံပြင်ရောက်တာနဲ့ အရှိန်မြှင့် မောင်းထွက်သွားတဲ့ကား။ အဲ့ဒီကားထဲမှာ မြန်မာပြည်ရဲ့ အလင်းရောင်ခြည်တွေပါသွားလေရဲ့။ လောကတစ်ခွင်လုံး ချက်ချင်း မှောင်အတိကျသွားတယ်။

ကိုမြင့်စိုးထံမှရေးသားဖော်ပြခဲ့သည်။
Source: မြန်မာတိုင်းမ်းဂျာနယ်
crd အိုးဝေ

#ခရိးသည်

https://www.facebook.com/100015832272209/posts/435676773636728/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမိုင်းဝင်အနိုင်ကျင့်မှုကြီး”

Post a Comment

Related Posts Plugin for WordPress, Blogger...