Monday, March 19, 2018

ရခိုင်မှာရောက်နေတဲ့ နိုင်ငံတကာ မီဒီယာတွေ ဟိန္ဒူအမျိုးသမီးတွေကို ဗျူးခွင့်ရပြီ ...

,
ဒီသတင်း ကမ္ဘာကို ပြန့်သွားရင်တော့ အခြေအနေပြောင်းလဲလာနိုင်ပါတယ် ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအားမောင်တောဒေသ၌ ရောက်ရှိနေသည့် ပြည်တွင်း ပြည်ပမီဒီယာအဖွဲ့ တွေ့ဆုံမေးမြန်း
==================

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးများအား မောင်တောဒေသတွင် ရောက်ရှိနေသည့် ပြည်တွင်း ပြည်ပ မီဒီယာများက မတ် ၁၇ ရက် ညပိုင်းတွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ တွေ့ဆုံမေးမြန်းခဲ့သည်။

ခမောင်းဆိပ်ကျေးရွာမှ မဖော်မီလာက ''အဲဒီနေ့က မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ အကြမ်းဖက်သမားတွေ ကျွန်မတို့ အိမ်ကိုဝင်လာတယ်၊ လက်ကိုကြိုးတုပ်တယ်၊ မျက်စိပိတ်တယ်၊ အားလုံးကို တန်းစီပြီး ထိုင်ခိုင်းထားတယ်၊ တုတ်တွေနဲ့ ရိုက်တယ်၊ အမျိုးသားတွေကို သတ်ပြီးတော့ ကျွန်မတို့ဆီက ရွှေတွေ၊ ငွေတွေ တောင်းတယ်၊ အဲဒါတွေသိမ်းပြီးတော့ အားလုံးကို တောထဲကို ခေါ်သွားတယ်၊ ကျွန်မတို့ မိန်းကလေး ရှစ်ယောက်ကို တဲထဲမှာ ထိုင်ခိုင်းတယ်၊ သူတို့က ကျွန်မတို့ဘာသာရေးကို စော်ကားမှုတွေ ပြောပါတယ်၊ ငါတို့ဘာသာကို ဝင်မလား၊ ငါတို့ကို ယူမလား ဆိုပြီးမေးတယ်၊ ကျွန်မတို့လည်း တခြားသူတွေလို အသတ်ခံ ရမှာ ကြောက်လို့ သူတို့ကို ယူလိုက်ရတယ်။

နှိပ်စက်စော်ကားခြင်းခံခဲ့ရ

''ကျွန်မတို့ဝတ်စုံတွေကို ချွတ်ခိုင်းပြီး သူတို့ဘာသာဝင်တွေ ဝတ်တဲ့ပုံစံအတိုင်း ဝတ်ခိုင်းပါတယ်၊ နောက်တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခေါ်သွားဖို့ လုပ်တယ်၊ နောက်တစ်နေ့ မနက် ၁၁ နာရီ လောက် ဟိုဘက်ကမ်းကို ရောက်သွားတယ်၊ ဟိုကိုရောက်သွား တော့ သူတို့ဘာသာဝင်အမျိုးသမီးတွေရဲ့ နှိပ်စက်စော်ကားခြင်း ကိုလည်း ခံခဲ့ရပါတယ်၊ ကျွန်မတို့အဖွဲ့က သူတို့အမျိုးသမီးတွေရဲ့ စော်ကားခြင်းမခံရအောင် ငါတို့က နင်တို့ဘာသာထဲဝင်လာတာ မို့ ချစ်ခင်စွာနေကြရအောင်လို့ ပြောထားရပါတယ်၊ နောက်ပြီး အကြမ်းဖက်အဖွဲ့က မီဒီယာတွေရှေ့မှာ နင်တို့ ရွာသားတွေနဲ့ အမျိုးတွေကို ဘယ်သူသတ်သလဲလို့မေးရင် ရခိုင်တိုင်းရင်းသား တွေနဲ့ စစ်တပ်ကသတ်တယ်လို့ ပြောဖို့ ခြိမ်းခြောက်ပြီး ပြောခိုင်း ပါတယ်၊ မပြောရင် နင်တို့လည်းအသတ်ခံရမယ်လို့ ပြောပါတယ်၊ ဒါကြောင့် မီဒီယာတွေကို သူတို့ပြောခိုင်းတဲ့အတိုင်း ပြောလိုက်ရ ပါတယ်။

''နောက်တစ်ရက်ညမှာ အဲဒီမှာရှိတဲ့ ဘာဘူဆိုတဲ့ လူဆီ ခေါ်သွားတယ်၊ အဲဒီအချိန်မှာ သူတို့ဘာသာဝင် တစ်ထောင်ကျော် လောက်က ကျွန်မတို့အဖွဲ့ကို သတ်ဖို့ဆိုပြီး တောင်းဆိုနေပါ တယ်၊ အဲဒီအချိန်မှာ ဘာဘူဆိုတဲ့လူက အဲဒီလိုသတ်ရင် သက်ဆိုင်ရာကို တိုင်မယ်လို့ ပြောလိုက်တယ်၊ အဲဒီမှာ ကျွန်မတို့ တစ်လနဲ့ ငါးရက်နေရပါတယ်၊ ကျွန်မတို့ကို ဘင်္ဂလားဒေ့ရှ်မှာ နေမလားလို့ မေးတယ်၊ ကျွန်မတို့ ဘာသာတရားထုံးစံအရ နေထိုင်ကြီးပြင်းစားသောက်ခဲ့ရတဲ့ မြေပေါ်မှာပဲ နေမယ်လို့ ပြောလိုက်ပါတယ်၊ ကျွန်မတို့ကို ရခိုင်ပြည်နယ်က အစိုးရအဖွဲ့ အစည်းတွေ၊ တိုင်းရင်းသားတွေက ဘာမှလုပ်တာမဟုတ်ပါဘူး၊ အကြမ်းဖက်သမားတွေကြောင့်ပဲ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတာ ပါ၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေဘဲ မြန်မာနိုင်ငံကိုပဲ ပြန်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်တာပါ၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေ ကူညီပေးလို့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပါ၊ ဒီမှာစားဝတ်နေရေး အတွက် အဆင်ပြေအောင်လုပ်ပေးထားပါတယ်၊ အခု ကျွန်မမှာ ဆွေမျိုးသားချင်းတွေ တစ်ယောက်မှ မရှိတော့ပါဘူး၊ သားလေး တစ်ယောက်ပဲ ရှိပါတယ်၊ ကိုယ့်အိမ်မှာ ဆွေမျိုးသားချင်းတွေနဲ့ အတူ ပျော်ရွှင်အေးချမ်းစွာနေချင်ပါတယ်''ဟု ပြောသည်။

ပြန်လည်ခေါ်ယူခဲ့

မောင်တောဒေသရှိ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောင်က ''ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြမ်းဖက်သမားတွေ ခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၁ဝ ဦး သတင်း ကို လူမှုကွန်ရက်စာမျက်နှာ(facebook) ကနေတစ်ဆင့် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ တွေ့တွေ့ချင်း သက်ဆိုင်ရာကို ကျွန်တော် အကြောင်းကြားပါတယ်၊ သူတို့ကို ပြန်ခေါ်လာရမလား လို့ပြောတော့ သက်ဆိုင်ရာကလည်း ခွင့်ပြုတဲ့အတွက် သူတို့ ၁ဝ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က ဟိန္ဒူဘာသာရေးခေါင်းဆောင် နဲ့ ချိတ်ဆက်ပြီး ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ အစိုးရအဖွဲ့က လည်း ကူညီပေးပါတယ်။

''မောင်တောဒေသမှာ ဟိန္ဒူဘာသာဝင်ဦးရေက ၁၂ဝဝ ကျော် ၁၃ဝဝ ခန့် ရှိပါတယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင် ၄ဝဝ ကျော် ကျန်ရှိနေပါသေး တယ်၊ ကျန်ရှိနေတဲ့သူတွေကိုလည်း ပြန်လည်ခေါ်ယူချင်ပါတယ်၊ ဘင်္ဂလားဒေ့ရှ်က ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီး ၁ဝ ဦးနဲ့ ကလေး ၁၆ ယောက် ပါလာပါတယ်၊ သူတို့ကို ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေက အင်တာဗျူးတွေလုပ်တယ်၊ သူတို့က လည်း အမှန်တရားတွေပဲ ပြောပါတယ်၊ ဟိန္ဒူဘာသာဝင်တွေ တကယ်ခံရတာကို အမှန်တွေပဲပြောတော့ တချို့တွေက လုပ်ကြံပြောဆို တယ်ဆိုပြီး ဖုန်းနဲ့ ခြိမ်းခြောက်မှုတွေ အမျိုးမျိုး ခံခဲ့ရပါတယ်။

''ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်မီဒီယာနဲ့တွေ့တွေ့ အမှန်တရားတွေပဲ ပြောပါတယ်၊ ပြန်လာတဲ့ အမျိုးသမီးတွေကို လည်း အရင်က စစ်တွေမှာတော့ အစိုးရအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဘုန်းတော်ကြီးတွေနဲ့ အလှူရှင်တွေကြောင့် ပြည့်ပြည့်စုံစုံရှိခဲ့ပါတယ်၊ ဒီဘက် ဘူးသီးတောင်ကို ရောက်လာ တော့ နောက်ပိုင်းလှူဒါန်းမှုတွေ သုံးလေးခေါက်လောက်ပဲရပါ တော့တယ်၊ သူတို့ကို အပြင်မှာထားရင် အသက်အ္တရာယ်ရှိတဲ့ အတွက် camp ထဲမှာပဲ ထားပါတယ်၊ သူတို့တွေ လုံခြုံအောင် ဘာသာရေးအဖွဲ့တွေကလည်း စောင့်ရှောက်ထားပါတယ်။

''နောက်ပြီး ကျွန်တော်တို့ ဟိန္ဒူဘာသာဝင် ၁ဝ၂ ဦး အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊ အဲဒီလို တွေ နောက်ထပ်မဖြစ်အောင် အစိုးရအနေနဲ့ ကူညီပေးစေလိုပါ တယ်၊ အခုလို ပြည်တွင်း ပြည်ပမီဒီယာတွေ လာရောက်မေးမြန်း တဲ့အတွက် အမှန်တရားတွေကို ပြောပြလိုက်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်''ဟု ပြောပြခဲ့သည်။

သတင်း-ကျော်သူဝင်း၊ အေးမင်းသူ

ZN.H

https://m.facebook.com/story.php?story_fbid=275089249695482&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်မှာရောက်နေတဲ့ နိုင်ငံတကာ မီဒီယာတွေ ဟိန္ဒူအမျိုးသမီးတွေကို ဗျူးခွင့်ရပြီ ...”

Post a Comment

Related Posts Plugin for WordPress, Blogger...